ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့သို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီး(လမ်းသစ်လမ်း)ကို ဇူလိုင် ၁၀ ရက်က ပြန် လည် ဖွင့်လှစ်လိုက်သော်လည်း ခရီးသွား ပြည်သူများအတွက် လုံခြုံမှု မရှိသေးကြောင်း သတင်းရရှိသည်။
အာရှ လမ်းမကြီးအနီးတွင် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသေးသဖြင့် ယင်းလမ်းမကြီး၏ လုံခြုံရေးကို မည်သည့်အဖွဲ့ကမှ တာဝန်ယူသွားမည် မဟုတ်ကြောင်း DKBA ထောက်လှမ်း ရေးမှူး ဗိုလ်ကြီး စောသရီထူးက ဧရာဝတီသို့ ပြောသည်။
ဗိုလ်ကြီး စောသရီထူးက“တိုက်ပွဲကတော့ ကြိုကြား ကြိုကြားပါပဲ။ ကောင်းမူ တဝိုက်မှာ ဖြစ်တာပါ။ ကြီးကြီးမားမားကတော့ မရှိတော့ ပါဘူး။ လမ်းကတော့ ဖွင့်လိုက်တာ ကြာပါပြီ။ လုံခြုံစိတ်ချမှုကတော့ မရှိဘူး။ ဘယ်သူမှလည်း တာဝန်မယူဘူး။ လမ်းမှာ တခုခုဖြစ်ရင် ကိုယ့်ဘာသာကိုယ် တာဝန်ယူကြပါတယ်”ဟုလည်း ပြောဆိုသည်။
တိုက်ပွဲများကြောင့် ပြည်သူများ လမ်းခရီးသွားလာမှု အဆင်မပြေကြောင်း၊ ကော့ကရိတ်မြို့ရှိ စာသင်ကျောင်းတခုကို လက်နက်ကြီး ထိမှန်ခဲ့ပြီးနောက် ထိုဒေသရှိ ကျောင်းအများအပြား ပိတ်ခဲ့ရပြီး မိဘများမှာလည်း ကလေးများကို ကျောင်းသို့ လွှတ်ရန် စိုးရိမ်နေကြ ကြောင်း ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်(KPSN)က ဇူလိုင် ၁၀ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
“ကျနော်တို့ဘက်က ၄ ဦး ကျသွားတယ်။ ၆ ဦး ဒဏ်ရာရတယ်။ ကျနော်တို့ တပ်ကတော့ ဘယ်နေရာမှ မိုင်း မထောင်ထားပါဘူး” ဟု ဗိုလ်ကြီး စောသရီထူး က ပြောသည်။
ထို့အပြင် မြဝတီ-ကော့ကရိတ် လမ်းဟောင်းနှင့် အားရှလမ်းသစ်တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်နှင့် နယ်ခြား စောင့်တပ်(BGF) ပူးပေါင်းပြီး နယ်မြေရှင်းလင်းခဲ့ရာ ယနေ့အထိ လမ်းဟောင်းပေါ်တွင် ၁၉ ကြိမ်နှင့် အာရှ လမ်းသစ်ပေါ်တွင် အကြိမ် ၂၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ဇူလိုင် ၁၂ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့သည်။
တပ်မတော်နှင့် DKBA သည် ဇူလိုင် ၂ ရက် နံနက် ၆ နာရီခန့်မှစ၍ အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲမဖြစ်ပွားခင် DKBA အပါအဝင် ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) တို့သည် အာရှလမ်းမကြီးပေါ်တွင် ဂိတ်နှစ်ဂိတ်ထားရှိပြီး ခရီးသွားကားများနှင့် ကုန်တင်ကားများကို ဂိတ်ကြေးများ ကောက်ခံနေကြခြင်း ဖြစ်သည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အစိုးရက ဖိအား ပေးမှုကို ဗိုလ်ချုပ် စောလားပွယ်နှင့် တပ်မှူးတချို့က လက်မခံခဲ့ပေ။
လက်ရှိအချိန်တွင် DKBA သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည့် အဖွဲ့ထဲတွင် ပါဝင်သည့် အဖွဲ့တဖွဲ့ ဖြစ်သည်။