နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ရန်ကုန်-ဟောင်ကောင် တိုက်ရိုက် လေယာဉ်ခရီးစဉ်ကို မနက်ဖြန် ဒီဇင်ဘာ ၄ ရက်က စတင်ကာ ပြေးဆွဲမည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေ၊ သောကြာ နေ့များတွင် အသွား၊ အပြန် တကြိမ်စီ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း MNA မှ CEO ကပ္ပတိန် ဦးသန်းထွန်းက ပြောသည်။
“ကျနော်တို့က နိုင်ငံပိုင်ဆိုပေမယ့် လွတ်လွတ်လပ်လပ်နဲ့ စီးပွားရေးဆန်ဆန် လုပ်လို့ရတဲ့အဆင့်ရောက်နေပါပြီ၊ နောက်တဆင့်ဖြစ်တဲ့ အများပိုင်အဆင့်ကိုတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်”ဟု ဦးသန်းထွန်းကပြောသည်။
ဟောင်ကောင်သို့ ၂၂ နှစ်ကြာမှ ပြန်လည်စတင်ခြင်း ဖြစ်ပြီး ယခင် မြန်မာ့လေကြောင်း အမည်ဖြင့် ၁၉၅၀ခုနှစ် အစောပိုင်းမှ ၁၉၉၃ ခုနှစ်အထိ ဟောင်ကောင် Kai Tak လေဆိပ်သို့ ပျံသန်းပြေးဆွဲခဲ့သည်။
MNA အနေဖြင့် အမေရိကန်အခြေစိုက် Boeing လေယာဉ်ကုမ္ပဏီထံမှ လက်ခံရရှိထားသည့် Boeing 737-800s ၂စီးဖြင့် ပြည်ပခရီးစဉ်များပြေးဆွဲနေခြင်းဖြစ်ပြီး နောက်ထပ်လည်း ငှားရမ်းထားသည့် ဘိုးရင်းလေယာဉ် များ ထပ်မံရရှိဦးမည်ဟုသိရသည်။
ယခုအခါ နိုင်ငံတကာခရီးစဉ်များအဖြစ် စင်ကာပူ၊ ဟောင်ကောင်တို့ကို ပျံသန်းနေပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် ထိုင်ဝမ်ကျွန်းသို့လည်း ၂၀၁၆ ခုနှစ် အစောပိုင်းတွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။