ရေသန့်လုပ်ငန်း မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ထုတ်လုပ်မှု စံချိန်စံညွှန်း မမီဘဲ ဖြန့်ဖြူး ရောင်းချနေသည့် ရန်ကုန်မြို့ အတွင်းရှိ မြို့နယ် ၂ ခုမှ ရေသန့်လုပ်ငန်း ၁၃ ခုကို လုပ်ငန်းပိတ်သိမ်း အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ သတင်းရရှိသည်။
FDA အပါအဝင် FDA နှင့် ဆက်စပ် ဌာနဆိုင်ရာများ၊ ပြင်ပ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပူးပေါင်းဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်မှု ကွန်ရက် (Networking Committee) ၏ အစားအသောက် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များအရ လှိုင်သာယာနှင့် တောင်ဒဂုံမြို့နယ် အတွင်းရှိ ရေသန့်လုပ်ငန်းများကို နိုဝင်ဘာ ၃ ရက်နေ့နှင့် ၄ ရက်နေ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အရေးယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းမြို့နယ် ၂ ခုအတွင်း လုပ်ငန်းပိတ်သိမ်းရန် အရေးယူခံခဲ့ရသည့် ရေသန့်တံဆိပ်များမှာ ပစ်တိုင်းထောင်၊ နှင်းပန်း၊ လမင်းစံ၊ မင်းမင်း၊ သီတာဇော်၊ ရွှေငါး၊ မြမြင့်မိုရ်၊ အောင်သန်းထိုက်၊ မိုးကြယ်၊ MT ၊ Geo Aqua ၊ Boon ၊ Y2K တို့ ဖြစ်ကြောင်း FDA ရန်ကုန်ရုံးခွဲမှ သိရှိရသည်။
FDA ရန်ကုန်ရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ ဇင်ဇင်နွယ်က “သောက်ရေသန့် မှန်သမျှသည် FDA က ထောက်ခံချက်ရမှ ထုတ်ခွင့်ရှိတယ်။ အဲဒီဟာနဲ့တင် သူတို့ကို အရေးယူ ပိတ်သိမ်းလို့ရတယ်။ ပြီးတော့ သွားကြည့်လိုက်တဲ့ အခါကျတော့လည်း စက်ရုံတွေက တော်တော်ညံ့တယ်၊ တချို့ဟာတွေဆို စက်ရုံလို့တောင် ခေါ်လို့မရဘူး။ အိမ်ထဲမှာတင် ထုတ်နေတာတွေ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်းကဲ့သို့ ရှောင်တခင် သွားရောက်စစ်ဆေးရာတွင် ကွန်ရက်အဖွဲ့ဝင်များဖြစ်သည့် မြို့တော်စည်ပင်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲမှု ကော်မတီမှ မြို့နယ်ကျန်းမာရေး ဦးစီးအရာရှိများ၊ စားသုံးသူ ကာကွယ်ရေးအသင်း စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
သို့သော်လည်း ပိတ်သိမ်းခံခဲ့ရသည့် ရေသန့်လုပ်ငန်းများသည် စံချိန်စံညွှန်းမီ ထုတ်လုပ်မှုများဖြင့် မှတ်ပုံတင်ရန် ပြန်လည် လျှောက်ထားလိုပါက FDA က ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဒေါက်တာ ဇင်ဇင်နွယ်က ဖြည့်စွက်ပြောဆိုသည်။
အလားတူ ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းများကို ကျန်ပြည်နယ်နှင့် တိုင်းများတွင်လည်း ဆောင်ရွက်နိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူများအနေနှင့် ရေသန့်များ ဝယ်ယူသောက်သုံးရာတွင် FDA ခွင့်ပြုချက် အမှတ်အသားများကို ဂရုတစိုက် စစ်ဆေးသင့်ကြောင်းနှင့် FDA ခွင့်ပြုချက်ရ တံဆိပ်များကို အများပြည်သူ သိရှိစေရန် FDA ၏ တရားဝင် ဝက်ဘ်ဆိုဒ် (www.fdamyanmar.gov.mm) တွင် ဖော်ပြပေးထားကြောင်း ဒေါက်တာ ဇင်ဇင်နွယ်က ဧရာဝတီကို ပြောသည်။