တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ ဦးစီးက ထားဝယ်မြို့၊ ဥသရံ ရပ်ကွက်၊ မြို့ ပတ်လမ်းရှိ သီဟနိုင်(ခ) ညီငယ် အသက် ၂၃ နှစ်၏ အိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ မူးယစ်ဆေးပြား ၁၄၃၆ ပြား ၊ ငွေ ၁၁ သိန်းကျော်၊ ကျည်ဆံ ၇ တောင့်ပါ USA ထုတ် COLT -45- AUTO ပစ္စတို သေနတ် ၁ လက်၊ ဆိုင်ကယ် ၄ စီးတို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။
လက်နက်ခဲယမ်းအသုံးပြုပြီး စိတ်ကြွ ဆေးပြား ရောင်းချသူ ဇော်သန်းထိုက်၊ မောင်လွှမ်း၊ မျိုးလင်းဟန်၊ မကေသီစိုး (ဖမ်းမိ)တို့(၄)ဦး နှင့် သီဟနိုင် (ခ)ညီငယ် (တိမ်းရှောင်)တို့အား မမစ(ထဝ) မယ(ပ) ၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ)အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။