၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပြန်လည် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်း အဝေး (တတိယနေ့)တွင် ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ၂ ရပ်ကို ပထမဆုံး စတင် ဖွဲ့စည်းလိုက်သည်။
ပြီးခဲ့သည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှွတ်တော်တွင် ဥပဒေကြမ်း ကော်မတီနှင့် တိုင်းရင်းသား ရေး ရာကော်မတီ ၂ ရပ်သာ ဖွဲ့စည်းခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ဖွဲ့စည်းလိုက်သည့် ယင်းကော်မတီ ၂ ခုအနက် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ အဓိက စီမံကိန်းနေရာ ချထား မှုများ၊ စီမံကိန်းများအတွက် ဘတ်ဂျက် တောင်းခံမှုများကို အလေအလွင့် ရှိ၊ မရှိ စိစစ် ဆောင် ရွက်ရမည့် ကော်မတီတခု ဖြစ် သောကြောင့် ယင်းကော်မတီ ဥက္ကဌဖြစ်လာသူ ရန်ကုန်တိုင်း ဆိတ်ကြီး/ခနောင်တိုမဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ် မေးမြန်းထားပါသည်
မေး ။ ။ ဒီနေ့ လွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်း ကော်မတီနဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီကို အရင်ဆုံး ဖွဲ့စည်းလိုက်တဲ့ အခြေအနေကို သိပါရစေ။
ဖြေ ။ ။ ဒီကော်မတီတွေက အရင်ဆုံး အလုပ်လုပ်ရမယ့် ကော်မတီတွေပေါ့နော်။ လွှတ်တော်မှာ ကော်မတီ ၉ ခု ဖွဲ့ဖို့ ကျမတို့ အ ကြမ်းဖျင်း လျာထားတယ်။ ကျန်တဲ့ ကော်မတီတွေက တဖြေးဖြေးနဲ့ ဖွဲ့သွားမှာပါ။ အရေးကြီးဆုံး အလုပ်လုပ်ရမယ့်ဟာက အခုက ဧပြီလဆိုလို့ ရှိရင် ဘတ်ဂျက်ငွေက စတင်သုံးစွဲရတော့မှာ ဖြစ်တယ်။ ရှေ့လွှတ်တော်ကနေ အတည်ပြုပေးသွားတဲ့ ဘတ်ဂျက် ဖြစ် တဲ့အတွက် ဒီဟာကို အရင်ဆုံး လုပ်ရမယ့် အရေးကြီးတဲ့ ကော်မတီထဲမှာ ပါတာ ဖြစ်တဲ့အတွက် အလုပ် အရင်ဆုံး လုပ်ရမယ့် ကော်မတီတွေလည်း ဖြစ်တဲ့အတွက် ဒီကော်မတီ ၂ ခုကို အရင်ဆုံး ဖွဲ့လိုက်တာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် စပြီဆို ကော်မတီက ဖွဲ့ရမှာပါပဲ။ အရင် လွှတ်တော်တုန်းကဆိုရင် ကော်မတီဆိုတာ နှစ်ခုပဲ ရှိခဲ့ တယ်။ ဥပဒေပြုရေး ကော်မတီနဲ့ တိုင်းရင်းသားရေးရာ ကော်မတီဆိုပြီး ၂ ခုပဲ ရှိခဲ့တယ်။ ဥပဒေပြုရေး ကော်မတီကပဲ အလုပ်လုပ် ခဲ့ပြီး ကျန်တဲ့ ကော်မတီက သိပ်ရေရေရာရာ အလုပ်မလုပ်ခဲ့ဘူး။ အခု ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ် လွှတ်တော် သက် တမ်းမှာတော့ ကော်မတီတွေဖွဲ့ပြီးတော့ သေသေချာချာ လုပ်သွားချင်တယ်။ လွှတ်တော် အငယ်စားလေးအဖြစ်နဲ့ ကျမတို့ လုပ်သွား ပါမယ်။
မေး ။ ။ အခု ကော်မတီ ဥက္ကဋ္ဌတယောက် အနေနဲ့ တာဝန်ယူထားတဲ့ ကော်မတီမှာ ဘာတွေကို အရင်ဆုံး လုပ်ဆောင် သွားမှာပါလဲ။
ဖြေ ။ ။ အဓိကကတော့ ဘဏ္ဍာရေး ဥပဒေကြမ်းက ထွက်သွားပြီဆိုတော့ ဒီဥပဒေကြမ်းပြီးနောက် နည်းဥပဒေတွေက အ ကောင်အထည် ဆောင်ရွက်တော့မှာ ဖြစ်တယ်။ အခု ဒီဘတ်ဂျက်က အတည်ပြု ပြဌာန်းပြီးပြီဆိုရင် ကျမတို့အနေနဲ့ လာမယ့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ဘယ်လို စီမံကိန်းတွေ လုပ်ဖို့ တောင်းထားပါသလဲဆိုတာကို ကျမတို့ အနေနဲ့ လွှတ်တော်က အတည်ပြုပြီးပြီ ဖြစ်တဲ့အတွက် လုပ်ငန်းတွေကိုတော့ ပြန်လည်ပြင်ဆင်လို့ မရပါဘူး။ ဒါပေမယ့် ဒီစီမံကိန်း တွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကိုတော့ ထောက်ပြလို့ ရပါတယ်။ မလုပ်သင့်ဘူးဆိုရင် ဒါကို ပယ်ဖျက်လိုက်လို့ ရပါ တယ်။ ဒါကြောင့် ကျမတို့ အနေနဲ့ ဒါတွေကို အရင်ဆုံး လုပ်သွားမှာပါ။ အခု ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကို အတည်ပြု ထားတယ်။ ဒီအတွက် စီမံကိန်း ရေးဆွဲထားတာ ရှိတယ်။ ဒီစီမံကိန်းတွေအပေါ်ကို ချထားပေးတဲ့ ဘတ်ဂျက်နဲ့ လုပ်သင့်၏ မလုပ် သင့်၏ ကိစ္စရပ်တွေ အားလုံးကို စိစစ်သွားမယ်။ မလုပ်သင့်ဘူးဆိုရင် ပယ်ဖျက်သွားမယ်။ အဲဒါတွေ အားလုံးကို ကျမတို့ လုပ်မှာပါ။
မေး ။ ။ ဒီကော်မတီအနေနဲ့ လွှတ်တော်အစည်းအဝေး ပြီးတာနဲ့ ကော်မတီ အစည်းအဝေး ခေါ်တယ်လို့ ကြားပါတယ်။ ကော်မ တီ အနေနဲ့ ဘယ်က အရင်စတင်ဖို့ လုပ်ဆောင်သွားမလဲ။ အစည်းအဝေးပြီးလို့ ကြားသိရတာက စီမံကိန်းတချို့ကို လေ့လာဖို့ တာဝန်ပေးတယ်လို့လဲ ကြားပါတယ်။ အဲဒီအခြေအနေ ပြောပြပေးပါဦး။
ဖြေ ။ ။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာက စီမံကိန်းတွေက အကောင်အထည် မဖော်ရသေးဘူး။ အတည်ပြုထားတာပဲ ရှိသေး တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်က စီမံကိန်းတွေက လုပ်ဆောင်ပြီးသွားပြီပေါ့။ ဒါဆိုရင် ဘတ်ဂျတ်ကုန်တဲ့ မတ်လကုန် ဧပြီလဆိုရင် အပြီးသတ်ရမယ်။ ဒီဟာအတွက်ကို အပြီးသတ်နိုင်မလား၊ ထုတ်ပေးထားတဲ့ ငွေတွေနဲ့ တကယ်ကော အလုပ်လုပ် ထားသလား။ ၂၀၁၅ -၂၀၁၆ မှာ ငွေတွေ ထုတ်ပြီးသွားပြီ။ အဲဒါတွေနဲ့ တကယ် အလုပ်လုပ်ထားတာ ရှိသလား။ စီမံကိန်း နေရာတွေ ကို ကျမတို့ စစ်ခိုင်းထားတာပါ။
မေး ။ ။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက ဂုံးကျော်တံတား တခုပဲ ငွေစာရင်း ရှင်းနိုင်ခဲ့တယ်။ ဂုံးကျော်တံတား တချို့ ကျန်နေသေး တယ်။ အဲဒီအပေါ်မှာရော ကော်မတီအနေနဲ့ ဘယ်လို ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ နိုင်ငံတော် ဘတ်ဂျက်ငွေနဲ့ လုပ်ဆောင်ပြီးသွားတဲ့ ဟာတွေကိုတော့ ကျမတို့ အနေနဲ့ လုပ်လို့ မရဘူး။ ကျမတို့ တွေ့ဆုံ ဆုံးဖြတ်ထားတာက ပြီးခဲ့တဲ့ လုပ်ဆောင်ချက်တွေအားလုံးက အကောင်အထည်လည်း ဖော်ပြီးသွားပြီ၊ ငွေတွေလည်း သုံးပြီးသွားပြီ။ ကျမတို့ အနေနဲ့ ဒါတွေကိုတော့ ပြန်ပြီးတော့ လေ့လာဦးမယ်။ လေ့လာမယ်ဆိုတာက ဘယ်လောက် ငွေတွေ သုံးထားတာ ရှိသလဲ။ တချို့ကိစ္စတွေမှာ အဆမတန် သုံးထားတာမျိုးတွေများ ရှိသလား၊ ဒါက ဖြစ်သင့်တဲ့ ငွေအမောက်လား ၊ အဲဒီလိုမျိုးတွေ လုပ်ထား တာ ရှိရင် ပြီးသွားတဲ့ ဟာတွေကတော့ ပြီးသွားပြီပေါ့။
ဒါပေမယ့် နောင်လာမယ့် ၂၀၁၆၊ ၁၇၊ ၁၈ ဆိုတဲ့ နှစ်တွေမှာတော့ ကျမတို့ အနေနဲ့ ဒီလိုမျိုးတွေ မသုံးစွဲဖို့ နောက်ပြီးတော့ ကျမတို့ အနေနဲ့ ထိရောက်တဲ့ စစ်ဆေးမှုတွေ၊ လုပ်ငန်းစစ်ဆေးရေးတွေ၊ စာရင်းစစ်ချုပ်ရုံးက ဒါတွေအပေါ်မှာ တကယ်ကို စစ်ဆေးနိုင်ဖို့ ဝန်ကြီးဌာနတွေကို ထောက်ပြနိုင်ဖို့ပါ။ ဝန်ကြီးဌာနတွေကလည်း အဲဒီလို ဘတ်ဂျက်ငွေတွေ မှားယွင်းစွာ သုံးစွဲခဲ့တဲ့ ကိစ္စတွေ အားလုံးကို ပြန်လည် ပြုပြင်နိုင်ဖို့ကို နောက်က ဟာတွေကို ပြန်လေ့လာခြင်းအားဖြင့် ကျမတို့ လုပ်သွားနိုင်မယ်။
မေး ။ ။ အခု လာမယ့် ဘဏ္ဍာရေးနှစ်မှာ ဘယ်လို စီမံကိန်းတွေကို စိစစ်ဖို့ စီစဉ်ထားသလဲ။
ဖြေ ။ ။ အခု ၂၀၁၆ -၂၀၁၇ ခုနှစ်မှာတော့ ဂုံးကျော်တံတား ၂ ခု တည်ဆောင်ဖို့ တင်ပြထားတာ တွေ့ရတယ်။ ဒီဂုံးကျော်တံတား ၂ ခုကိုလည်း ကျမတို့ အနေနဲ့ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ဘတ်ဂျက်အနေနဲ့ အများကြီး တောင်းထားတာတွေ ရှိတယ်။ ကျမတို့ အနေနဲ့ ဒါတွေကို လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာ စိစစ်သွားမယ်။ ပြီးတော့ ကျမတို့ နားမလည်ဘူးဆိုရင် ဘာ ကြောင့် ဒီဟာကို လုပ်သင့်တယ်လို့ တင်ထားတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ကျမတို့အနေနဲ့ ခေါ်ယူ တွေ့ဆုံ မေးမြန်းသွားဖို့ ရှိတယ်။ အဲဒီတော့ ဝန်ကြီးတွေ ရှင်းပြတာကို ကျမတို့ နားထောင်ပါဦးမယ်။ အဲဒါမျိုးတွေ နားထောင်ပြီးတော့မှ ကျမတို့ ကော်မတီ ဝင်တွေ အားလုံး ဆုံးဖြတ်သွားမှာပါ။
မေး ။ ။ ဒီကော်မတီက ဒုတိယအကြိမ်မြောက် လွှတ်တော်မှာ စဖွဲ့စည်းလိုက်တာ ဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိနိုင် မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အခက်အခဲတွေတော့ မကြုံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ သုံးနှစ်ခွဲလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ Procedure အတိုင်းပဲ သွားမှာပါ။ နောက်ပြီးတော့ ဒီကော်မတီထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးပါတယ်။ အဲဒီထဲက တဦးက နဂိုတုန်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော် ကိုယ်စားလှယ် အဟောင်းပါပဲ။ သူလည်း အတွေ့အကြုံတွေ ရှိပါတယ်။ နောက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း တဦးပါပါတယ်။ သူကလည်း လွှတ်တော် ကိုယ်စားလှယ် အဟောင်းပါပဲ။ အဲဒီတော့ သူတို့ တွေမှာ အတွေ့အကြုံ ရှိပါတယ်။ နောက်ပြီးတော့ ကျမတို့မှာလည်း လွှတ်တော် ကိုယ်စားလှယ်အသစ် ဖြစ်ပေမယ့် ဒီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်က နိုင်ငံတော်က ချပေးလိုက်တဲ့ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်ဖို့ ရှိ၊ မရှိ၊ အရည်အသွေး ပြည့်မှီမှု ရှိ၊ မရှိ ဆိုတဲ့ ဟာတွေကို စစ်ဆေးဖို့ အားလုံးက ဝါသနာ ထက်သန်တယ်။ အားလုံးက လုပ်ကိုင် ချင်တယ်။ အဲဒီအတွက် ကျမတို့ ကော်မတီအနေနဲ့ အကောင်အထည်ဖော်ဖို့ မခက်ခဲပါဘူး။
မေး ။ ။ ကော်မတီ ဥက္ကဌအပြင် လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်နေတော့ ရှေ့လွှတ်တော်တုန်းက တင်သွင်းထားတဲ့ အဆိုတွေထဲမှာ မှတ်တမ်းဝင်နေတဲ့ အဆိုတွေကို ပြန်လည်ဖော်ထုတ်ပြီး တင်ပြသွားဖို့ ရှိပါသလား။
ဖြေ ။ ။ ကျမကတော့ ကျမတို့ ကော်မတီနဲ့ ပတ်သက်တာတွေကိုပဲ ထောက်ပြ ဝေဖန်သွားမှာပါ။ အခု လောလောဆယ်ကတော့ ကျမတို့ အနေနဲ့ ကိန်းဂဏန်းတွေကို စတင်လေ့လာနေဆဲပါ။