လာမည့် အစိုးရသစ်လက်ထက် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး ဦးစားပေး ဖြေရှင်းပေးရန် သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က ယမန်နေ့က သဘောထား ထုတ်ပြန်လိုက်သည်။
အစိုးရသစ်သည် တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ထူထောင်မည်ဟု ကတိကဝတ်များ ပေးခဲ့သဖြင့် တိုင်းရင်းသားတို့၏ အသက်အိုးအိမ်ကို ထိခိုက်စေနိုင်သည့် သံလွင်ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းရန်နှင့် ပြသာနာများကို ဖြေရှင်းပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခနှင့် တင်းမာမှုများ ဖြစ်လာမည့်အပြင် အစိုးရစစ်တပ်က လုံခြုံရေးအကြောင်းပြု၍ နယ်မြေများ တိုးချဲ့လာသဖြင့် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ်များကို ခြိမ်းခြောက်နေသည်ဟု သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ကိုဥတ္တရာအောင်က ဧရာဝတီသို့ ပြောသည်။
“သံလွင်မြစ်ဆိုတာ တကယ်ကို ငြိမ်းချမ်းရေး မြစ်တစင်း လက်နက်ကိုင်တွေရဲ့ စီးပွားရေးပဋိပက္ခ ဖြစ်သလို ပြည်သူပြည်သားတွေရဲ့ လုံးဝမှီခိုဆိုင်ရာဖြစ်တဲ့ မြစ်ကြီးဖြစ်တယ်။ အကယ်၍ လက်ရှိအစိုးရ လုပ်ခဲ့တဲ့ဟာကို နောက်တက်လာမည့် အစိုးရသစ်က ခေါင်းခံရမယ် ဆိုသော်ငြားလည်း တရားမျှတဲ့ ဖြေရှင်းမှု ဖြစ်စေချင်ပါတယ်” ဟု ကိုဥတ္တရာအောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိထားသည့် ရေကာတာ စီမံကိန်း ၂၉ ခု အနက် ၁၈ ခု ကို အကောင်အထည်ဖော်နိုင်ရန် တရုတ်နိုင်ငံနှင့် သဘောတူညီချက်အား ဖေဖော်ဝါရီ ၂ ရက်က ချုပ်ဆိုခဲ့သည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ယင်းသဘောတူညီချက် ချုပ်ဆိုခဲ့ခြင်းသည့် လာမည့်အစိုးရသစ်နှင့် တိုင်းရင်းသားများအကြား သဘောထား ကွဲလွဲမှုများဖြစ်စေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်ဟု သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လက်ရှိတွင် ရှမ်းပြည်နယ်၌ အကြီးဆုံးတည်ဆောက်မည့် တာဆန်းရေကာတာ စီမံကိန်းကို အကြောင်းပြုကာ အစိုးရတပ်များက တပ်လုံခြုံရေး နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေသည်ဟု သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့များက ပြောသည်။
စစ်မှန်သောငြိမ်းချမ်းရေး လိုချင်ပါက လာမည့် အစိုးရအနေဖြင့် သံလွင်မြစ် ရေကာတာကို သေချာစဉ်းစားပေးရန်နှင့် တခုခု ဆုံးဖြတ်ပေးပါရန် သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က တောင်းဆိုထားသည်။
“ရှမ်းပြည်နယ်မှာ ရေကာတာ တည်ဆောက်ဖို့ ၂၀၁၇ ထဲမှာ လုပ်ဖို့ရှိတယ်။ ကျမတို့ ရှမ်းပြည်ဘက်က ဆက်ပြီးကန့်ကွက်သွားမှာပါ။ ကန့်ကွက်ဖို့ တိုင်းရင်းသားတွေပေါင်းပြီး လုပ်သွားမှာပါ” ရှမ်းပြည်နယ် သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခမ်းနောင့်က ဧရာဝတီကို ပြောသည်။
သံလွင်မြစ်ပေါ်၌ ဆည်တည်ဆောက်မှုစီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြား ကုမ္ပဏီများသည် တရုတ်နိုင်ငံမှဖြစ်ပြီး ပြည်တွင်းမှ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီတို့က အများဆုံး လုပ်ကိုင်ခွင့် ရရှိထားသော်လည်း လုပ်ကိုင်ခွင့်ရသည့် အချက်နှင့် ကုမ္ပဏီ ရွေးချယ်မှု စံနှုန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။