အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်ရာထူးများ အတွက်NLD ပါတီဝင်များကိုသာ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် က ယနေ့ ကျင်းပသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာ များသို့ ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတကသာ ရွေးချယ်တာဝန်ပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အားသာခဲ့ပြီး နိုင်ငံတော်သမ္မတကို လည်း NLD ပါတီကတင်မြှောက်နိုင်ခဲ့သည့်အတွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ် ရာတွင်လည်း NLD ပါတီအဖွဲ့ဝင်များသာ ရွေးချယ်မည်ဖြစ်ပြီး ကျန်ဝန်ကြီးများကို အမျိုးသားပြန်လည် သင့်မြတ် ရေး အတွက် တခြားတိုင်းရင်းသားပါတီများမှ ပါဝင်လာနိုင်ကြောင်းဒေါက်တာဇော်မြင့်မောင်က ပြောသည်
“မန္တလေးတိုင်းအတွက် ဝန်ကြီးတွေကလျာထားပြီးပါပြီ၊ ဒါပေမဲ့ ပြည်ထောင်စုအဆင့်မှာတောင်ဝန်ကြီးတွေ လျော့သလို တိုင်းဒေသကြီးအဆင့်မှာလည်း လျော့ဖို့ စဉ်းစားထားပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။
လာမည့်မတ်လ ၂၈ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အဆိုပြုရွေးချယ် ခြင်းပြုလုပ်သွားမည်ဟု ယနေ့လွွှတ်တော်သို့တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ
ကိုယ်စားလှယ်များထံမှ သိရသည်။
“ဝန်ကြီး လေ ျှာ့ မယ်လို့ကြားတာပဲ၊ ၇ ယောက်လောက်လို့လည်း ပြောသံကြားတယ်၊ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မဖြစ်မနေပါရမယ့် တိုင်းဒေသကြီး ဝန်ကြီးလေးဦးကရှိတော့ ဘယ်လိုပုံစံလေ ျှာ့မလဲတော့ မသိဘူး” ဟု လက်ရှိ မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဖွဲ့စည်းပုံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းမင်းကြီး၊ တိုင်းဥပဒေချုပ်၊ တိုင်းရင်းသားဝန်ကြီးတို့သည် မဖြစ်မနေ
ခန့်အပ်ရမည့်ဝန်ကြီးများဖြစ်သည်။
ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးပထမပုံမှန်အစည်းအဝေး ပထမနေ့တွင်
ကော်မတီလေးရပ်ဖွဲ့စည်းရန် လွှတ်တော်သို့ အဆိုပြုခဲ့ပြီး မတ် ၂၅ ရက်တွင် အတည်ပြုသွား မည်ဟု သိရသည်။
“ဝန်ကြီးအရေအတွက်နည်းသွားပေမယ့် လွှတ်တော်မှာ ကော်မတီတွေဖွဲ့တာဟာ ချိန်ခွင်လျှာမျှပေးဖို့ပါ၊ လွှတ်တော်ကော်မတီတွေက အလုပ်လုပ်သွားမှာပါ” ဟု
ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ယင်းကော်မတီလေးရပ်မှာ ပြည်သူ့ရေးရာကော်မတီ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတို့ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကျောက်ပန်းတောင်းမြို့နယ်မဲဆန္ဒနယ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က “သစ်တောကို ချစ်တဲ့သူတယောက် ဖြစ်တဲ့အတွက် ဒီတာဝန်ကို လုပ်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်၊ ပထမဆုံးအနေနဲ့တော့ ကော်မတီဝင်တွေနဲ့
ညှိနှိုင်းပြီး ဒေသခံကိုယ်စားလှယ်တွေဆီကနေ ဒေတာတွေ အရင်ယူပါမယ်” ဟု ပြောသည်။
ဦးအေးခိုင်သည် ပုပ္ဗားတောင်သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စများကို ၂၀၁၃ ခုနှစ်က စတင်လုပ်ကိုင်ခဲ့သော သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားဆောင်ရွက်သူတဦးဖြစ်သည်။