ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး မြို့နယ် တွင် လူငယ် ၆ ဦး ကို အမည်မသိ လူတချို့က ဓားဖြင့် လိုက်လံ ခုတ်ခံရကြောင်း မြို့နယ် ရဲတပ်ဖွဲ့ ထံက သိရသည်။
ဒဏ်ရာရရှိသူများ၏ အခြေအနေနှင့် ပတ်သက်၍ လားရှိုး မြို့နယ် ရဲတပ်ဖွဲ့၊ ရဲမှူးတင်ဖေဝင်း က “အခြေအနေ ကောင်းပါတယ်။ စိုးရိမ်စရာ မရှိဘူး။ အခု ဆေးရုံမှာ ၄ ယောက် ကျန်သေးတယ်။ ဖြစ်တဲ့နေရာ နဲ့ ရပ်ကွက်လည်း မတူဘူး။ ရန်ငြိုး ရန်စ ရှိရင် ပေါ်တယ်။ လုယက်မှုလည်း လွယ်တယ်။ အခုက ရန်ငြိုးလည်း မရှိ ရန်စလည်း မရှိဆိုတော့ ရှာရဖို့ ခက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ ကျနော်တို့ကတော့ ဆိုးသွမ်းလူငယ် လို့ ယူဆပါတယ်။ ဥပဒေအရ ဖမ်းမိဖို့ ကြိုးစားနေပါတယ်။ ဘယ်သူလုပ်မှန်းမသိဘူး။ ထိခံရတဲ့သူတွေကလည်း သူကို ဘယ်သူလုပ်သွား မှန်းမသိဘူး ဖြစ်နေတယ်။ အတိအကျ မပြောနိုင်ဘူး” ဟု ရှင်းပြသည်။
ဓားခုတ်ခံရသည့် ကာယကံရှင်များက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခြင်းမရှိသော်လည်း လက်သည် တရားခံကို ဖမ်းမိရန် ကြိုးစား ဖော်ထုတ်နေကြောင်း၊ မှောင်ရိပ်ကျသည့် နေရာများ၊ ရာဇဝတ်မှု ကျုးလွန်တတ်သူ အများစု သွားလာမှု များသည်ဟု ယူဆနိုင်သည့် နေရာများကို လုံခြုံရေး တိုးမြှင့် ချထားကြောင်း၊ ဒေသခံများကို ညအချိန်တွင် မှောင်နေသည့်နေရာများသွားလာသည့်အခါ သတိပြုရန် ကြေညာထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ ထံက သိရသည်။
ဧပြီ၂၆ ရက်နှင့် ၂၇ ရက် ည ၈နာရီ ဝန်းကျင် က ရပ်ကွက် ၇ နှင့် ရပ်ကွက် ၁၂ တွင် ဆိုင်ကယ် စီးနင်းလာသည့် လူငယ် ၆ ဦးကို အမည်မသိသူ အချို့က ဓား ဖြင့်လိုက်လံ ခုတ်သဖြင့် ဒဏ်ရာများ ရရှိကာ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး တွင် ကုသခံနေရကြောင်း၊ ယင်းကိစ္စကြောင့် လုံခြုံရေး စိုးရိမ်လာကြောင်း ဒေသခံ ကိုမောင်မောင်သန်းက ဧရာဝတီသို့ ပြောသည်။
“ ဒီလို ခုတ်မှုက မကြာခဏ ဆိုသလို ဖြစ်တယ်။ ဒါပေမယ့် ၂ ရက် အတွင်းမှာ လူ ၆ ယောက် ဓားခုတ်ခံရတာ က တော်တော် ဆိုးတယ်။ အခုဆိုရင် ဒေသခံတွေက လူပြတ်တဲ့လမ်း၊ မှောင်တဲ့လမ်း မသွားဖို့ အချင်းချင်း သတိပေးနေကြတယ်။ စိုးရိမ်မှုက တော်တော် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဓားခုတ်မှုနှင့် ပတ်သတ်ပြီး ဒေသခံ လူအများစု သည် ထို ဓားခုတ်သည့် လူ အုပ်စုသည် မူးယစ်ဆေးဝါး သုံးစွဲနေသည့် သူ များဖြစ်နိုင်သည် ဟု ယူဆကြနေကြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့သည် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေနှင့် နီးစပ်နေသည့် နေရာဖြစ်ပြီး တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံအကြား အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တခုလည်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုံ နေထိုင်သည့် ယင်းမြို့သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု နှင့် သုံးစွဲမှုများနှင့် ပတ်သက်၍လည်း နာမည်ကျော်ကြားသည့် ဒေသတခု ဖြစ်ခဲ့သည်။