မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ ရေပူဆရာတော် ဦးဣန္ဒက ကို သစ်တောဥပဒေပုဒ်မ-၄၂(ခ) ဖြင့် ထောင် ၃ လ သို့မဟုတ် ဒဏ်ငွေ ၂ သောင်းကျပ်ပေးဆောင်ရန် ပြင်ဦးလွင်မြို့နယ် တရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။
တရားရုံးအမိန့် ချမှတ်မှုကို ဆရာတော်က လက်မခံသော်လည်း ဆရာတော် ထောင်မကျစေရန် ဒါယကာ၊ ဒါယိကာမ များမှ စုပေါင်း၍ ဒဏ်ငွေကို ပေးဆောင်ခဲ့ကြသည်ဟု ဆရာတော်၏ ဒါယကာရင်း တဦး ဖြစ်သူ ဦးစိုးဌေးက ပြောသည်။
ဦးစိုးဌေးက “အမိန့်က ပေါ့ပေမယ့် မတရားတဲ့အမိန့်ဖြစ်လို့ ဆရာတော်က လက်မခံဘူး၊ အသိအမှတ် မပြုဘူး ပြောတယ်။ ကျနော်တို့ကလည်း ဒီအမိန့်ကို လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်တယ်လို့ အယုံအကြည်မရှိဘူး။ ဒကာတွေကတော့ ဆရာတော်ကို အရင်လိုသင်္ကန်းဝတ်နဲ့ပဲ မြင်ချင်ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရေပူဆရာတော် သည် ၎င်း၏ ကျောင်းတိုက်ဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်ရန်နှင့် စေတီတည်ရန် မြေပြုပြင်ခြင်းကို ကျောက်တူးဖော်သည်ဟုဆိုကာ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ သာသနာတော် ညှိုးနွမ်းစေမှု နှင့် တရားမဝင်သစ်များ သိမ်းဆည်းထားမှု ပုဒ်မ ၃ ခုဖြင့် မိုးကုတ်မြို့မ ရဲစခန်းက ၂၀၁၅ ခုနှစ် ဇွန်လ အတွင်းက အဝတ်ဖြူလဲကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
ပုဒ်မ ၃ ခုဖြင့် တရားစွဲခဲ့သော်လည်း သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ အတွက် တရားလိုပြသက်သေများ ခိုင်လုံမှုမရှိသည့်အတွက် တရားရုံးမှ ဆရာတော်အား တရားရှင်လွတ်ပေးခဲ့သည်။
ထို့အပြင် စစ်ဆေးရန် ကျန်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က၊ ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုကိုလည်း လာမည့် မေလ ၁၉ ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် တရားရုံး၌ ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။