နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးရန် အစိုးရက တရားဝင် ဖိတ်ခေါ် လိုက်ကြောင်း သတင်း ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အပစ်အရပ် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လထံသို့ ဇွန်လ ၁၁ ရက်နေ့တွင် အစိုးရက ဖိတ်စာပေးပို့လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က “ဖိတ်စာထဲမှာ တော့ နှစ်ချက်ပေါ့ဗျာ။ တစ်အချက်ကတော့ အလုပ်အဖွဲ့နဲ့ ပြည်တွင်းမှာ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ကော်မတီ ဝင် များနဲ့ တွေ့ဆုံ ဆွေး နွေး ဖို့ဖိတ်ကြားတယ်၊ ဒုတိယအချက်ကတော့ UNFC ဥက္ကဌ အပါအဝင် ခေါင်းဆောင်ကြီးများ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင် တွေ့ချင် တယ် ပြောတာ ကိုလည်း တွေ့နိုင်ဖို့ ကျနော်တို့ ဖိတ်ကြားတာ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ဖိတ်စာ ပေးပို့ခဲ့ပြီးသည့်နောက် UNFC ဘက်ကလည်း ဇွန်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် စာတစောင်ပြန်လည်ပေးပို့ခဲ့ ပြီး ထိုစာတွင် ယခုလ ၃ ရက်နေ့က ထိုင်းနိုင်ချင်းမိုင် မြို့တွင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” နှင့် တွေ့ဆုံရာတွင် UNFC ဘက်က မေးမြန်း ထားချက်များကို တွေ့ဆုံမှု မတိုင်မီ ရှင်းပြပေးရန် တောင်းဆိုထားကြောင်း သိရှိရသည်။
အစိုးရသစ်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး မူဝါဒသည် ယခင်အစိုးရဟောင်းချမှတ်ခဲ့သည့် မူဝါဒနှင့်တူ၊ မတူ သိရှိလိုသည့်အပြင် အပစ်ရပ်လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ သဘောထားကို သိရှိလိုသည်ဟု မေးမြန် းထားမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သိလိုကြောင်း UNFC တွဲဖက် အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။
“မေးထားတဲ့ အဖြေတွေက ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလေ။ ထပ်ညှိဖို့လိုတယ်။ အဲဒါကြောင့် အဲဒီကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မှာ ဆွေးနွေးညှိနိုင်းဖို့ လိုတယ်ပေါ့လေ။ ကျနော်တို့က တွေ့ဖို့ကိစ္စကို မငြင်းပယ်ဘူး။ လက်ခံ ပါတယ်။ သဘောလည်းတူပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
UNFC ဘက်ကမေးမြန်းထားသည့် အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့် လမ်းဖွင့် ပေးမည်ဆိုလျှင်လည်း တွေ့ဆုံဆွေးနွေးသွားလိုသည်ဟု UNFC ဘက်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” နှင့် တွေ့ဆုံရန် UNFC ဘက်က တောင်းဆိုထားချက်အတိုင်း တွေ့ဆုံမှုများ ပြုလုပ်သွားရန် ရှိကြောင်း ဦးလှမောင်ရွှေ က ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးရန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ကမ်းလှမ်းခဲ့ သော် လည်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို ချန်လှပ်ခဲ့သဖြင့် UNFC အဖွဲ့ဝင်များက လက်မှတ် မရေးထိုးသေးရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။