ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃၂ကြိမ်မြောက် ပုံမှန်အစည်း အ ဝေးတွင် ရိုဟင်ဂျာများကို “ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်း”ဟု သုံးစွဲရန် မြန်မာနိုင်ငံကိုယ်စားလှယ်က ပြောကြား ခဲ့ခြင်းကို ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်ဆလင်များက ကန့်ကွက်ခဲ့ကြသည်။
ဇွန်လ ၁၇ ရက်နေ့က မြန်မာကိုယ်စားလှယ် ဒေါ်သက်သဉ္ဇာထွန်းက အငြင်းပွားဖွယ်ရာ ဖြစ်သောသော “ရိုဟင်ဂျာ” ဆိုသည့် စကားလုံး အစား “ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်း”ဟု အသုံံးပြုခြင်းက ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနှင့် မွတ် ဆလင် အသိုင်းအဝိုင်းအကြား အပြန်အလှန် ယုံကြည်မှုနှင့် ဟန်ချက်ညီမျှမှု ရရှိနိုင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် မွတ်ဆလင် ဆန့်ကျင်ရေး ပဋိပက္ခများဖြစ်ပွားခဲ့သော ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် ကတည်းက ခွဲခြားမှုများ အကြီးအကျယ် ကျန်ရှိနေပါသေးသည်။ ထိုပဋိပက္ခကြောင့် နေရပ်ကို စွန့်ခွာခဲ့ရသူ ၁၄၀၀၀၀ ဦးရေအနက် အများစုမှာ မွတ်စလင် ဘာသာဝင်များဖြစ်ကြသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Maina Kiai က ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုံးကို အသုံးပြု၍ ဘာသာရေးကို အခြေခံ သည့် ခွဲခြားကန့်သတ်မှုများ ရှိနေကြောင်း မှတ်ချက်ပေးခဲ့သည့် အပေါ် ဒေါ်သက်သဉ္ဇာထွန်းက တုန့်ပြန် ပြောဆိုခဲ့ခြင်း ဖြစ် သည်။ ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုခြင်းက အခြေအနေများကို ပိုဆိုးသွားစေရုံသာ ဖြစ်ပြီး ပြဿနာကို မီးလောင်ရာ လေပင့် ဖြစ်စေလိမ့်မည်ဟု လည်း ဒေါ်သက်သဉ္ဇာထွန်းက ပြောသည်။
အဆိုပါ ရှည်လျားသော အသုံးအနှုန်းအသစ်သည် ရိုဟင်ဂျာဆိုသည့် စကားလုံးကို လက်မခံနိုင်ကြသည့် မြန်မာ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သူများအကြားတွင် ကြားနေ ဝေါဟာရတခုကို သတ်မှတ်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော အစိုးရ၏ ကြိုးစားမှုတခုကို ဖော်ပြနေခြင်း ဖြစ်နိုင်ပါသည်။ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူများက “ရိုဟင်ဂျာ”ဟု မသုံးပဲ (ဘင်္ဂလားဒေရှ်မှ တရားမဝင် ရွေ့ပြောင်းလာသူများဟု အဓိပ္ပါယ်ရသည့်) ဘင်္ဂါလီ ဟု သုံးရန် တောင်းဆိုခဲ့ပြီး ထိုရိုဟင်ဂျာများ၏ အခွင့်အရေးကို အသိအမှတ်ပြုရန် တောင်းဆိုနေသော နိုင်ငံခြား အစိုးရများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။
စစ်တပ်ကျောထောက်ရှိသည့် သမ္မတ ဦးသိန်းစိန် ၏ ယခင်အစိုးရက ဘင်္ဂလီ ဟုသတ်မှတ်ခြင်းဘက်မှ တသတ်မှတ်တည်း ရပ်တည်ခဲ့သည်။ NLD အစိုးရကမူ မရေရာသည့် အနေအထားကို ထိန်းသိမ်းထားခဲ့ ပြီး NLDခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က တင်းမာမှုများသာ ဖြစ်စေနိုင်မည့် ရိုဟင်ဂျာကဲ့သို့သော အငြင်းပွားဖွယ်ရာ စကားလုံးများ အသုံးပြုခြင်းကို ရှောင်ရန် လူသိရှင်ကြား သတိပေးခဲ့သည်။
လူများစုဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ၏ အကျိုးစီးပွားကို ကိုယ်စားပြုသည့် ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သည့် ဦးဖေသန်းက လက်ရှိ အစိုးရအနေဖြင့် ဘင်္ဂလီ ကဲ့သို့သော အလားတူ အသုံးကိုသာ ဆက်လက်ကိုင်စွဲထားသင့်သည်ဟု ဧရာဝတီသို့ပြောသည်။
ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲတွင် မဲနိုင်ရန် ရိုဟင်ဂျာ အသုံးအနှုန်းကို အသုံးပြုခဲ့သော မြန်မာနိုင်ငံ ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၏ သမိုင်းဝင်အမှားမှ အကျိုးဆက်တခုဖြစ်ကြောင်း သူကပြောသည်။
“ရခိုင်ပြည်နယ်က လူတွေက ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်။ ဘာကြောင့် အစိုးရက သူတို့ကို ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်းလို့ ဘာလို့ခေါ်ခဲ့တာလဲ။ ပြီးတော့ ဘာလာမှာလဲ။ မြန်မာ မွတ်ဆလင်လား”ဟု ဦးဖေသန်းက ထိုသို့ အသုံးပြုမှုကို လက်မခံနိုင်ကြောင်း ပြောသည်။
“ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်း”ဟူသော အသုံးအနှုန်းကို ရခိုင်လူမျိုး ဗုဒ္ဓလာသာဝင်များသာမက “ဘင်္ဂါလီ” အသိုင်းအဝိုင်းကပါ ကန့်ကွက်လိမ့်မည်ဖြစ်ကြောင်း ဦးဖေသန်းက ပြောသော်လည်း အဘယ်ကြောင့်ဆိုသော် ယင်းအသုံး အနှုန်းမှာ လူမျိုးအမည်ကို ကိုယ်စားမပြုသောကြောင့်ဖြစ်သည်။ NLD အစိုးရက ယာယီအဖြေတခု ရှာဖွေရန် ကြိုးစား နေခြင်း ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်နယ်မှ ပြဿနာများသည် ရက်တရာ စီမံကိန်းတွင် ပါဝင်နေ သည့်အတွက် ဖြေရှင်းရလိမ့်မည် ဟု ပြောထားခဲ့၍ ဖြစ်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။
“သူတို့က ဆေးမြီးတိုနဲ့ကုဖို့ ကြိုးစားနေတာ” ဟုလည်း သူကပြောသည်။
ရိုဟင်ဂျာများကို မွတ်ဆလင်ဟု သတ်မှတ်ခြင်းအား ပုဂ္ဂိုလ်ရေးအရ သူလက်ခံ သော်လည်း ရခိုင်ဆိုသည့် နာမည် နှင့် တွဲဖက်သုံးစွဲခြင်းကြောင့် ကန့်ကွက်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ရခိုင်ဆိုသည့်နာမည်သည် ပထဝီဒေသ တခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုရှိသော်လည်း ဗုဒ္ဓဘာသာဝင်များအတွက် သာဖြစ်သည်ဟု အကြောင်းပြသည်။
သူ၏ ANP ပါတီက အစိုးရ၏ အသုံးအနှုန်းသစ်နှင့် ပတ်သက်၍ ကြေညာချက် တစောင် မထုတ်ပြန်မီ ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဆိုသည့် စကားလုံးအတွင် အရေးပေါ် အစည်းအဝေးတခု ခေါ်ယူဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့ က ရောက်ရှိလာခဲ့သည်။ အစိုးရသတင်း မီဒီယာများ၏ အဆိုအရ သူက ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် နေပြည်တော်သို့ သွားရောက်မည်ဟု သိရသည်။ ယန်ဟီးလီသည် စက်တင်ဘာလတွင် ကျင်းပမည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရ သတင်းရင်းမြစ်တခု၏ အဆိုအရ ယန်ဟီးလီသည် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေသို့ ဇွန်လ ၂၂ ရက်နေ့တွင် လာရောက်ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်သလို စစ်တွေ အကျဉ်းထောင်သို့လည်း သွားရောက်မည်ဟု သိရသည်။
စစ်တွေ မြို့ခံတဦး ဖြစ်သည့် ဦးသန်းထွန်းက “သူ (ယန်ဟီးလီ) က ဘင်္ဂါလီတွေနဲ့ တွေ့ပြီး တဖက်သတ် ဆုံးဖြတ်ချက်ချ ဖို့လာတာပါ” ဟု ကုလသမဂ္ဂက ရိုဟင်ဂျာများကိုသာ ဘက်လိုက် အရေးပေးသည်ဟု ယူဆထား သည့် သူ့အမြင်ကို ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်မှ ရိုဟင်ဂျာ တဦးဖြစ်သည့် ဦးဇော်ဇော်က ယန်ဟီးလီ၏ ခရီးစဉ် အတွင်းတွင် အစိုးရ၏ “ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်း” ဆိုသည့် အသုံးအနှုန်းသစ်ကို သူတို့ မကျေနပ်ကြောင်း ရေးသားဖော်ပြသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြကြမည်ဟု ကြားသိရကြောင်း ပြောသည်။ အောင်မင်္ဂလာရပ်ကွက်သည် မွတ်ဆလင်များကို စစ်တွေမြို့ပေါ်ရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် ခွဲခြားကန့်သတ်ထားသည့် စခန်းတခု ဖြစ်ပြီး ၎င်းတို့၏ အဝင်အထွက်နှင့် လှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
ယန်ဟီးလီ၏ ခရီးစဉ်အတွင်းတွင် ရိုဟင်ဂျာ အခြေစိုက်စခန်းများတွင် ဆန္ဒပြမှုများပြုလုပ်ရန် စီစဉ်နေသည်ဟုလည်း လူမှုကွန်ရက်များတွင် ကောလာဟလများ ပျံ့နှံ့နေသည်။ ရိုဟင်ဂျာများ က “I am Rohingya / Native Land Arakan (Burma)” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ၊ တီရှပ်များနှင့် ဇာတ်တိုက်လေ့ကျင့်နေသည် ဆိုသော ဓာတ်ပုံများကို Facebook တွင် ဖြန့်ဝေနေသည်ကို တွေရသည်။
“အခေါ်အဝေါ်သစ်နဲ့ ပတ်သက်လို့ ရခိုင်တွေကရော ရိုဟင်ဂျာတွေကပါ ကျေနပ်မှာ မဟုတ်ဘူး။ ကျနော်တို့က ရိုဟင်ဂျာ ဆိုတာက လွဲလို့ ဘာအသုံးအနှုန်းကိုမှ လက်ခံမှာ မဟုတ်ပါဘူး” ဟု ဦးဇော်ဇော်က ပြောသည်။
သို့သော်လည်း အစိုးရက အမည်သစ်ကို ယာယီသဘောသာ သုံးစွဲခြင်း ဖြစ်မည်ဟု သူက ထင်သည်။ အကယ်၍ အစိုးရ က ရိုဟင်ဂျာဟု ရည်ညွှန်းခြင်းအစား “ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်း” ဟုဆက်လက် သုံးစွဲသွားမည်ဆိုလျှင် အောင်မြင်မည် မဟုတ်ဟု သူကပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်းတွင် အစိုးရက ရခိုင်ပြည်နယ် မြို့နယ်အများအပြားရှိ နိုင်ငံမဲ့ မွတ်ဆလင်များကို နိုင်ငံသားစိစစ်ခံရမည်သူများ အတွက် ဖြစ်သည့် သက်သေခံကတ်ပြား (NVC) များ ထုတ်ပေးခဲ့သည်။ အဆိုပါ ကတ်ပြား များမှာ ယာယီအတွက် ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ စိစစ်သွားမည် ဖြစ် သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေက ရိုဟင်ဂျာများကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် အသိအမှတ်ပြုခြင်း မရှိပါ။
အဆိုပါ အစီအစဉ်ကို ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များမှ မွတ်ဆလင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များမှ ကျေးရွာအချို့က ငြင်းဆန်ခဲ့ ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် NVC ကတ်ပြားသစ်များတွင် လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို ထည့်သွင်းဖော်ပြ ထားခြင်း မရှိသည့် အတွက်ဖြစ်သည်။ မွတ်ဆလင်များထဲတွင် အများဆုံးပါဝင်နေသည့် ရိုဟင်ဂျာများက အစိုးရသည် နောက်ပိုင်းတွင် လူမျိုးနှင့်ဘာသာကို ၎င်းတို့ဖာသာ (ဥပမာ ရိုဟင်ဂျာများက ငြင်းဆန်နေသည့် ဘင်္ဂါလီ/မူဆလင် အစရှိ သဖြင့်) ထည့်သွင်းလိုက်မည်ကို သံသယရှိနေကြ၍ ဖြစ်သည်။
ဧရာဝတီက ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဌာနမှူး ဦးဝင်းလွင် နှင့် ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင် တို့အား ယန်ဟီးလီ၏ ခရီးစဉ် အသေးစိတ်နှင့် နိုင်ငံသား စိစစ်မှုများအကြောင်းမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားမှု မရရှိခဲ့ပါ။
ပြီးခဲ့သည့် လအတွင်းတွင် အစိုးရက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ ဥက္ကဌအဖြစ်ဆောင်ရွက်၍ NLD ပါတီက ခန့်အပ်ထား သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် စစ်တပ်က ခန့်အပ်သည့် နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့ က ဒုတိယ ဥက္ကဌများ ဖြစ်ကြသည်။ ANP ပါတီမှ ကိုယ်စားလှယ်များ လုံး၀ မပါဝင်ခဲ့ပါ။ ကော်မတီ၏ တာဝန်များထဲတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသည့် အသိုင်းအဝိုင်းများကို ပြန်လည်နေရာချထားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုလသမဂ္ဂ အေဂျင် စီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးများ ပါဝင်သည်။