မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို လာမည့် ၂၅ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၈ ရက်က တာဝန်မှရပ်နားသွားသည့် ကော်မတီဝင် ၁၁ ဦးနေရာတွင် အစားထိုးခန့်ထားမည့် ကော်မတီဝင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် သြဂုတ် ၁ ရက်မှ ၅ ရက်အထိ လျှောက်လွာများ လက်ခံခဲ့ရာ အောင်မြေသာစံမြို့နယ်မှ ၅ ဦး၊ ချမ်းအေးသာစံမြို့နယ်မှ ၆ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၁၁ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၆ ဦး၊ ပြည်ကြီး တံခွန်မြို့နယ်မှ ၃ ဦးနှင့် အမရပူရမြို့နယ်မှ ၃ ဦး စုစုပေါင်း ၃၄ ဦးရှိပြီး ၁ ဦးလျှင် ကျပ်သုံးသိန်းပေးသွင်းကာ ဝင်ရောက်ယှဉ်ပြိုင်ရကြောင်း သိရသည်။
အသစ်ပြန်လည်ခန့်ထားမည့် ကော်မတီဝင် ၁၁ ဦးအနက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော်မတီဝင် ၅ ဦးကို တိုက်ရိုက် ရွေးချယ်ခန့်ထားမည်ဖြစ်ကြောင်း၊ ကျန် ၆ ဦးကို တမြို့နယ်လျှင် ၁ ဦး နှုန်းဖြင့် ပြည်သူများက ရွေးချယ် ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။
“မြို့နယ် ၆ ခုက လာရောက်လျှောက်ထားသူ ၃၆ ဦး ရှိတယ်။ ၂ ဦးကို သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိလို့ ပယ်ခဲ့ရတယ်။ ကော်မတီဝင်အဖြစ် လျှောက်ထားလာတဲ့့အထဲ အမျိုးသမီးတစ်ဦးပါလာတယ်။ အရင်က ရွေးကောက်တင်မြှောက်ထားတဲ့ ကော်မတီဝင် ၆ ဦးမှာ ဒုတိယမြို့တော်ဝန်ကလွဲပြီး ကျန်တဲ့ကော်မတီဝင်ဟောင်းတွေ ပြန်လည် လျှောက်ထားကြပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကော်မတီဝင် ရွေးကောက်ပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ တနင်္ဂနွေနေ့ နံနက် ရ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“စည်းရုံးမဲဆွယ်ခွင့်တွေကို ၂၅ ရက်နေ့မတိုင်ခင် ၂ ပတ် ကြိုတင်ပေးမယ်လို့တော့ အကြမ်းဖျင်း သတ်မှတ်ထားတယ်။ မိမိမြို့နယ်အတွင်းမှာ စိတ်ကြိုက် မဲဆွယ်စည်းရုံးခွင့်ရကြမှာပါ။ ရွေးကောက်ပွဲကို မန္တလေးမြို့ တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၉ (ဂ)နဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေ ပုဒ်မ ၅ တို့ အရ သက်ဆိုင်ရာမြို့နယ်မှာ တရားဝင် အိမ်ထောင်စု စာရင်းနဲ့ နေထိုင်ကြတဲ့ အိမ်ထောင်စု ၁ စုကို ၁ မဲ ပေးရမှာပါ၊ အများကရွေးချယ်တင်မြှောက်မှာ ဖြစ်တဲ့အတွက် သမာသမတ်ကျကျ ဖြစ်မှာပါ” ရွေးကောက်ပွဲကော်မရှင် မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့်သူများတွင် ကျောင်းဆရာများ၊ အင်ဂျင်နီယာ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အငြိမ်းစားဝန်ထမ်းများ၊ ရှေ့နေများ ပါဝင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။