၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သည့် ဆက်သွယ်ရေး ဥပဒေတွင် ပါဝင်သော ပုဒ်မတခုဖြစ်သည့် ၆၆ (ဃ)သည် လူ့အခွင့်အရေး စံချိန် စံညွှန်း များနှင့် ကိုက်ညီမှု မရှိသဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် နိုင်ငံရေး အသိုင်းအဝိုင်းက အစိုးရကို တောင်းဆိုကြောင်း သိရသည်။
ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုတခုခုကို ကျူးလွန် ကြောင်း ပြစ်မှု ထင်ရှားပါက ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံ ရမည် ဟု ဖော်ပြထားသည်။
“၆၆ (ဃ)က ပုဒ်မ ၅ (ည)လို ဖြစ်နေပြီ။ ဒီပုဒ်မကြောင့် ဒုက္ခရောက်နေသူတွေ အများကြီး။ မလိုရင် မလိုသလို ပုံစံအမျိုးမျိုးနဲ့ ဖမ်းနေ တယ်။ ပြီးတော့ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပုဒ်မ ၁၉ အရလည်း လျော်ညီမှု မရှိဘူး။ ဒါကြောင့် ဒီပုဒ်မကို ပယ်ဖျက်ပေး သင့် တယ်”ဟု တရားလွှတ်တော် ရှေ့နေတဦး ဖြစ်သူ ဦးရောဘတ်စန်းအောင် က ဧရာဝတီသို့ ပြောသည်။
ယခု ဥပဒေကို ကျင့်သုံးဆောင်ရွက်နေသူများက နိုင်ငံရေးနှင့် ပတ်သက်သော အမှုများကို အာမခံ မပေးသော်လည်း နိုင်ငံရေးနှင့် မပတ် သက်သော အမှုများကို အာမခံပေးနေကြောင်း၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ မရှိဘဲ အမှု တည်ဆောက်ခြင်း၊ အမိန့်ချခြင်းများ ပြု လုပ် နေသည်ဟုလည်း ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
“မက်ဆေ့ချ် ကနေ တယောက်နဲ့တယောက် လှမ်းပြောနေတာတွေလည်း ဒီဥပဒေနဲ့ ဆွဲလို့ရတယ်။ ဒီအမှုဖြစ်လာခဲ့ရင် နိုင်ငံရေးနဲ့ မပတ် သက်ရင်တောင် ၂ ပတ်ကနေ ၁ လ၊ ၂ လအထိ ကြာသွားနိုင်တယ်”ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် ပတ်သက်သည့် အမှုပေါင်း ၂၀ ကျော်ရှိလာပြီး ယင်းပုဒ်မဖြင့် အမှုဖွင့် ခံရသူ များမှာ ကိုဇော်မျိုးညွှန့်၊ မောင်ဆောင်းခ၊ ချစ်သမီး(ခေါ်) ချောစန္ဒီထွန်း၊ ဦးပက်ထရစ် ခွန်ဂျာလီ၊ ဦးသန်းထွန်း၊ ကိုလှဖုန်း၊ ဦးနေမျိုးဝေ၊ ကိုရာပြည့်နှင့် ဦးအောင်ဝင်းလှိုင် စသည်တို့ ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ရေး လှုပ်ရှားမှု ကော်မတီ က ပြော သည်။
၎င်းတို့တွင် ဦးနေမျိုးဝေ တဦးတည်းသာ စွဲချက်မတင်ဘဲ လွှတ်မြောက်ခဲ့ပြီး ကိုရာပြည့်နှင့် ကိုလှဖုန်းတို့မှာ အမှု စစ်ဆေးခံရ ဆဲ ဖြစ် ကြောင်း၊ အခြားသူများမှာ ပြစ်ဒဏ်အသီးသီး ကျခံခဲ့ရကြောင်း ယင်းပုဒ်မဖြင့် ထောင် ၆ လကျော် ကျခံခဲ့ရသူ ကဗျာဆရာ မောင်ဆောင်းခ က ပြောသည်။
“ကျနော်တို့က ပြင်ဆင်ရေးပါ။ ဒါက ဖျက်လို့မရဘူး။ ဒါက တယ်လီကွန်း ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဥပဒေလို ပုံစံ မျိုး ဖြစ်တယ်။ ဒါကို ဖျက်ရင် တယ်လီနောတို့ အူရီဒူးတို့ပါ ပျက်သွားလိမ့်မယ်။ အဲဒီတော့ ဒါက ရှိကိုရှိရမယ်။ ဒါပေမယ့် ၆၆(ဃ) ကတော့ ပြင်ရမယ်၊ ၆၆(ဃ)မှာ အာမခံပေးခြင်း၊ မပေးခြင်းကိုလည်း ရှင်းလင်းစွာ ပြဌာန်းထားခြင်း မရှိဘူး”ဟုလည်း မောင်ဆောင်းခက ပြောဆိုသည်။
ယမန်နေ့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟို သုတေသန ဌာနတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဦးမျိုး ရန်နောင် သိန်းကို ရဲ တပ်ဖွဲ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်း၏ မိသားစုနှင့် NLD ပါတီ အသိုင်းအဝိုင်းကမူ လူမှု ကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာတွင် တပ်ချုပ်ကို စော်ကားသည့် စကားလုံးများ ရေးသားခဲ့ သဖြင့် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောသည်။
သို့သော် ဦးမျိုးရန်နောင်သိန်း ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့များကို NLD ပါတီက ၂၀၁၆ ခုနှစ် မတ်လတွင် ဖျက်သိမ်းလိုက် ပြီ ဖြစ်ရာ ၎င်းသည် ပါတီတွင် လက်ရှိ အချိန်၌ မည်သည့်တာဝန်မှ ထမ်းဆောင်ခြင်း မရှိကြောင်း၊ သာမန် ပါတီဝင်တဦးသာ ဖြစ်သောကြောင့် ပါတီအနေဖြင့်လည်း ဝန်းရံပေးလိမ့်မည် မထင်ကြောင်း ရန်ကုန်တိုင်း NLD ဒု ဥက္ကဋ္ဌ ဦးစိုးဝင်းဦးက ပြော ပြ သည်။
“လက်ရှိ ဒီမိုကရေစီ တည်ဆောင်နေချိန်မှာတော့ ဒီပုဒ်မတွေနဲ့ ဖမ်းဆီး အရေးယူနေတာက မအပ်စပ်ဘူး။ ဖွဲ့စည်းပုံက ပေး ထားတဲ့ Constitutional Right ကို ထိခိုက်စေရင် လွှတ်တော်ကနေ ပြင်ဆင်ပေးရလိမ့်မယ်။ မဟုတ်ရင် ဝေဖန်ခံရလိမ့် မယ်။ ပြီးတော့ ဒီပုဒ်မကို ကျင့်သုံးမယ်ဆိုရင် တိတိကျကျ ကျင့်သုံးသင့်တယ်။ အွန်လိုင်းမှာ အမျိုးကောင်း သမီးတွေကို မဟုတ်တာ လုပ်သူတွေ ကိုတော့ မလွှတ်ပေးသင့်ဘူး”ဟုလည်း ဦးစိုးဝင်းဦးက ပြောသည်။
အွန်လိုင်းသုံးသူများ အချိန်မရွေး အဖမ်းခံရနိုင်သည့် ဆက်သွယ်ရေး ဥပဒေသည် အမှန်တကယ် ပြစ်မှု ကျူးလွန်သူများ ကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ နည်းဥပဒေကို တိတိကျကျ ရေးဆွဲရန် ဝန်ကြီး ဌာနတွင် တာဝန်ရှိကြောင်း၊ ဝန်ကြီးဌာနက မရေးဆွဲလျှင် လွှတ်တော်ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ရေး လှုပ်ရှားမှု ကော်မတီက ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေကမူ ယင်းဥပဒေကို ပြင်ဆင်ရန် အစီအစဉ်ရှိပြီး လွှတ်တော်တွင်း ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ လွှတ်တော် ပြန်လည် ဖွင့်လှစ် သည့်အခါ အသေးစိတ် ဆက်လက် ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ပြောသည်။
“ပြင်သင့်၊ မပြင်သင့်ကတော့ အသေးစိတ် ဆက်ညှိရမှာပါ။ ၆၆(ဃ)နဲ့ တရားရုံးတွေမှာ အမှုတွေ များနေတာတော့ ကြားသိ ထားပါတယ်။ အနာဂတ်မှာတော့ ပြင်ဆင်မှုတွေလည်း ရှိလာနိုင်ပါတယ်”ဟုလည်း ဦးနေဖူးဗဆွေက ပြောဆိုသည်။