အနုပညာဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်ခံရမှု ကာကွယ်တားဆီးရေး ကော်မတီဖွဲ့စည်း
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ တေးသီချင်း မူပိုင်ရှင်များအသင်းနဲ့ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းရှင်များ အသင်းစတဲ့ အဖွဲ့အစည်း ငါးဖွဲ့တို့က ပူးပေါင်းပြီး မြန်မာနိုင်ငံအနုပညာဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်ခံရမှု ကာကွယ် တားဆီးရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
အဆိုပါ ကော်မတီနဲ့ ပတ်သက်သောလုပ်ငန်းစဉ်များကို ရှင်းလင်းအသိပေးတဲ့ အခမ်းအနားကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်၊ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးသုခမိန်လှိုင်နဲ့ မြန်မာနိုင်ငံရုပ်မြင်သံကြားနဲ့ အသံလွှင့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးတို့က တက်ရောက် ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ကော်မတီကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာလောကသားများ ဖန်တီးထုတ်လုပ်ထားတဲ့ အနုပညာလက်ရာများကို နည်းအမျိုးမျိုးနဲ့ ခိုးယူသုံးစွဲမှုများကို ဥပဒေနဲ့အညီ ထိရောက်စွာ ကာကွယ်တားဆီးရန်ဖြစ်ကြောင်း သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းက “ဒီကော်မတီဘာလို့ ဖြစ်ပေါ်လာရသလဲဆိုရင် ကျနော်တို့တိုင်းပြည်မှာ မူပိုင်ခွင့် ချိုးဖောက်ခံရမှုတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ အဲဒါတွေကို ကာကွယ်ဖို့အတွက် ဒီအဖွဲ့အစည်းဖြစ်ပေါ်လာခဲ့ရတာပါ။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေမရှိလို့လားလို့ မေးစရာရှိပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဥပဒေက ရှိပါတယ်။ ဒါပေမယ့် ၁၉၁၄ ခုနှစ်ကတည်းက ရှိခဲ့တဲ့ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ဖြစ်နေတဲ့အတွက် ကျနော်တို့တိုင်းပြည် လွတ်လပ်တောင်မရသေးတဲ့ အချိန်ကပါ။ အိန္ဒိယက ဥပဒေတခုဖြစ်ပါတယ်။
နှစ်ပေါင်းတရာကျော်သွားပြီဖြစ်တဲ့အတွက် အဲဒီဥပဒေက လက်ရှိအိုင်တီဥပဒေနဲ့ ဘယ်လိုမှ အံ့ဝင်ခွင်ကျ မဖြစ်နိုင်ပါဘူး” လို့ ပြောဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကို အသစ်ရေးဆွဲပြီး လွှတ်တော်မှာ တင်ပြနေပြီလို့ ကြားသိရကြောင်းနဲ့ ယခုနောက်ပိုင်း မူပိုင်ခွင့်ချိုးဖောက်မှုတွေကို အွန်လိုင်းတွင် အမြောက်အများ တွေ့မြင်နေရပြီး အနုပညာဆိုင်ရာ အဖွဲ့အစည်းများကလည်း ပူးပေါင်းပြီးတော့ မူပိုင်ခွင့်ကို ဘယ်လိုကာကွယ်တားဆီးမလဲ ဒီလို ကာကွယ်တားဆီးဖို့ အတွက် ဘယ်သူ့ဆီမှာ တာဝန်ရှိသလဲ တာဝန်ရှိသူတွေထံကို ၎င်းတို့အနေနဲ့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
ရှင်းလင်းပွဲမှာ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်ကလည်း မူပိုင်ခွင့်ဆိုင်ရာနဲ့ပတ်သက်လို့ “ကျနော်တို့ သဘင်မှာလည်း ထိခိုက်နစ်နာမှုတွေက ရှိပါတယ်။ ခိုးကူးတွေ ဖမ်းနေကြတဲ့အချိန်မှာ ရောင်းတဲ့သူတွေက ကျီးလန့်စာစားနဲ့ ပြေးနေရတာလည်းတွေ့ရပါတယ်။ ဖမ်းလိုက်ပြီ၊ တောင်းပန်တယ်၊ ကျနော့်အမေက အကြော်ရောင်းတာပါဗျာနဲ့ တောင်းပန်တော့ ကိုယ်တောင်မုန့်ဖိုးပြန်ပေးခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့် သူတို့ကိုလည်း စည်းကမ်းတကျ ဝမ်းစာရှာဖွေစားနိုင်တဲ့ အဆင့်ဖြစ်အောင်လုပ်ပေးဖို့ ကော်မတီရဲ့ရည်ရွယ်ချက်ထဲမှာ ပါပါတယ်။ မထိခိုက်အောင် သူတို့လည်း အဆင်ပြေအောင် ကျီးလန့်စာစားဘဝကနေ တရားဝင် ရဲရဲဝံ့ဝံ့နဲ့ သူတို့ရောင်းရဲအောင် ကော်မတီရဲ့ ရည်ရွယ်ချက်ထဲမှာ ပါဝင်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ကော်မတီမှ ရက်ပိုင်းအတွင်း ကြော်ငြာချက်ထုတ်ပြန်ပြီး မူပိုင်ခွင့်ချိုးဖောက်သူများကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။