သတင်း

NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး မူဝါဒ ပြန်လည်ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ တချို့ ကို တာဝန်မှ ရုပ်သိမ်းလိုက်ရပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေး ချယ်မှုပုံစံကို ပြင်ဆင် သတ် မှတ်လိုက် ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် မီဒီယာ များသို့ ပြောသည်။

“၂၀၁၅ ရွေးကောက်ပွဲမှာတော့ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားဆိုတဲ့ မူနဲ့ ကိုယ်စားလှယ်တွေ ရွေးခဲ့တယ်။ အဲဒီအထဲမှာ တချို့က နိုင်ငံရေး အရည်အချင်းမရှိဘူး။ မရင့်ကျက်ဘူး။ ထင်ရာပြော၊ ထင်ရာလုပ်ကြတာ။ အဲဒါကြောင့် အခု နိုင်ငံရေး အရည်အချင်း ရှိတဲ့သူကို ရွေးတယ်”ဟု ဦးဝင်းထိန်းက ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာရှိရာ ၁၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ပြီး ဖြစ်ကြောင်း၊ ယင်း ၁၈ ဦးတွင် ရှမ်းပြည်နယ်မှ အမျိုးသမီး တဦးသာ ပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဖြစ်သူ ဒေါက်တာ အောင်သူ၏ မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ် တဦးရွေးချယ်ရန် ကျန်ရှိနေသေးကြောင်း NLD ပါတီထံမှ သိရသည်။

ပါတီ၏ မူဝါဒအရ နိုင်ငံရေး အရည်အချင်းရှိသူကို ဦးစားပေး ရွေးချယ်သော်လည်း မြို့နယ်မှ ရွေးချယ်ပေးသည့် ကိုယ်စားလှယ်လောင်း ကိုသာ အဓိက အတည်ပြုပေးနေကြောင်း၊ သို့သော် တချို့နေရာများတွင် မြို့နယ်မှ ရွေးချယ်ပေးသူကို မကြိုက်သဖြင့် ပါတီဗဟိုမှ လဲလှယ် ပေးရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း ဦးဝင်းထိန်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် မအူပင်မြို့နယ်မှ ဦးစိန်ဝင်း၊ မြောင်းမြမြို့နယ်မှ ဒေါက်တာ စိုးမိုးသူ၊ ရွှေပြည်သာ မြို့နယ်မှ ဦးဉာဏ်လင်းတို့ကို ပါတီ တာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာ ၂၆ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင်ကို NLD က ထုတ်ပြန်လိုက်သည်။

“ဟို ၃ ယောက်ကို အရေးယူ ရတာကိုကြည့်။ လွှတ်တော်မှာရော ပါတီမှာရော ပေးတဲ့ တာဝန်တွေကို ရုပ်သိမ်းမှာ။ သူတို့က သာမန် ပါတီဝင်ပဲ ဖြစ်သွားပြီ။ စိုးမိုးသူဆိုရင် လူငယ်ခေါင်းဆောင် မဟုတ်တော့ဘူး။ သာမန် ပါတီဝင် ဖြစ်သွားပြီ။ လွှတ်တော် ကိုုယ်စားလှယ် တွေမှာလည်း ထပ်ပြီး အရေးယူရမယ့်သူတွေလည်း ရှိသေးတယ်။ ဒါပေမယ့် သူတို့ကိစ္စက ဟို ၃ ယောက်လောက် ပြဿနာ မကြီး ပါဘူး”ဟု ဦးဝင်းထိန်က ပြောသည်။

ဦးစိန်ဝင်းမှာ မအူပင်မြို့နယ်တွင် NLD ပါတီဝင် အချင်းချင်း လိမ်လည်မှုဖြင့် အမှုဖွင့်သည်ကို ပါတီ လူကြီးပိုင်းက တားမြစ်သော်လည်း နားမထောင်သဖြင့် ယခုကဲ့သို့ ပါတီ တာဝန်မှ ရပ်ဆိုင်းခံရခြင်း ဖြစ်သည်ဟု NLD အသိုင်းအဝိုင်းမှ သိရသည်။

ဒေါက်တာ စိုးမိုးသူမှာ လူမှုရေး ကိစ္စ အရှုပ်အရှင်းကြောင့် ဖြစ်ပြီး ဦးဉာဏ်လင်းမှာ ရွှေပြည်သာ မြို့နယ်တွင် ညအချိန် ဟိုတယ်တခုသို့ ကျူးကျော် ဝင်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အမှုဖွင့် ခံထားရသူ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading