မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေအနီး မြေဧက ၁၄၀ ရှိ နေရာတွင် အိမ်ရာ စီမံကိန်းသစ် တခု ဖော်ဆောင်ရန် အစီအစဉ် ရှိကြောင်း မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
“လယ်/ဆည်ဝန်ကြီးဌာနက အိုးအိမ်ကို စွန့်တဲ့မြေပေါ်မှာ အိမ်ရာစီမံကိန်း တခုလုပ်ဖို့ စီစဉ်နေပါတယ်။ အခု မြေယာလွှဲပြောင်းဖို့ စာရွက်စာတမ်းကိစ္စနဲ့ အမည်ပေါက်ကိစ္စတွေ လုပ်နေပါတယ်။ ပြည်ထောင်စုအဆင့်ထိ တင်ပြထားပြီးတော့ ဘတ်ဂျက်ကတော့ လာမယ့် ဘဏ္ဍာနှစ်မှာ ချပေးမယ်လို့ အကြမ်းဖျင်း သိရပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ မြေများကို အိမ်ရာစီမံကိန်းများ ဖော်ဆောင်နိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အိုးအိမ်ဦးစီးဌာနသို့ လွဲှပြောင်း ပေးထားသည့် မြေများဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တိုင်းအတွင်း၌ လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားသည့် မြေများအနက် ၆ လအတွင်း လုပ်ငန်း အကောင် အထည် ဖော်ခြင်း မရှိသည့် မြေဧရိယာများအား ပြန်သိမ်းလျက်ရှိရာ မြို့ပြအိမ်ရာစီမံကိန်း အကောင် အထည် ဖော်မည့် ရန်ကင်းတောင်ခြေမှ မြေဧက ၁၄၂ ဧက လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတွင် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် တန်ဖိုးမြင့် အိမ်ရာဟု အမျိုးအစား ၃ ခု သတ်မှတ် ထားသည့် အဆောက်အအုံများ ဖြစ်ပြီး အခန်းအရေအတွက် ၈၀၀၀ ကျော်ပါဝင်မည်ဟု မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
“စီမံကိန်းအတွက် ပြည်ထောင်စု ဘတ်ဂျက်ရယ်၊ အိုးအိမ်ရဲ့ လှည့်ပတ်ရန်ပုံငွေတွေ အသုံးပြုသွားမယ်။ ဘတ်ဂျက် အသေးစိတ်ကတော့ မကျ လာသေးပါဘူး။ ဒါပေမဲ့ ဒီစီမံကိန်းကို ၃ နှစ်အတွင်း အကောင်အထည် ဖော်မယ်” ဟု ဦးအောင်ကျော်ဦးက ပြောသည်။
စာရွက်စာတမ်းကိစ္စများ အပြီးသတ်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် မြို့အတွက် လိုအပ်သည့် Town Plan အသေးစိတ်ကို စတင်ရေးဆွဲ သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းအတွင်းရှိ အိမ်ရာလိုအပ်ချက် ရှိသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် တိုက်ခန်းများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ “အစိမ်းရောင်မြို့တော်မန္တလေး” အမည်ရှိ နှစ် ၃၀ မြို့ပြစီမံကိန်းအတွက် ကောက်ယူ ထားသည့် အချက်အလက်များအရ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျနေသည့် မန္တလေးမြို့တွင် လက်ရှိလူဦးရေ ၁ ဒသမ ၂ သန်းကျော် နေထိုင်လျက်ရှိပြီး ၂၀၂၀ ခုနှစ်တွင် မြို့လူဦးရေ ၄ သန်းခန့် တိုးလာနိုင်ရာ အိမ်ရာလိုအပ်ချက်များ ယခုထက် များပြားလာနိုင်မည်ဟု ဖော်ပြထားသည်။