သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးသင့်၊ မပေးသင့် နှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးကြကြောင်း သတင်းရသည်။
ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော် Park Royal ဟိုတယ်၌ အလွတ်သဘော ဆွေးနွေးကြခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ပြောသည်။
“သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဥပဒေရှှုထောင့်ကနေ ဘယ်လိုသွားရမယ် ဆိုတာကို ဆွေးနွေးတာ။ အဓိက ကတော့ ဥပဒေကတော့ ရှိပြီးသား။ ခြစားမှုတွေရှိလို့သာ ဥပဒေအတိုင်း ပြစ်ဒဏ်ကို မဆောင်ရွက်ပေးနိုင်တာ။ ပြစ်ဒဏ်ကို လျှော့ ပေါ့ ချမှတ်ကြတာ။ အဲဒီတော့ ဥပဒေရဲ့ အားနည်းချက်တွေကို အဓိကဆွေးနွေးတာ”ဟုလည်း ၎င်းက ဆိုသည်။
ဆုံးဖြတ်ချက် ချမှတ်သည့် အစည်းအဝေးမျိုး မဟုတ်သော်လည်း သက်ငယ်မုဒိမ်းမှုများကို သေဒဏ်မပေးသင့်ဟု သဘောတူညီကြကြောင်း ဒေါ်အိအိပြုံးက ပြောသည်။
“သေဒဏ်ဆိုတဲ့ ကိစ္စကတော့ မဖြစ်သင့်ဘူး။ သေဒဏ် မဖြစ်သင့်ဘူး ဆိုတာကိုတော့ အားလုံးက လက်ခံ ဆွေးနွေးကြ တယ်”ဟုလည်း ၎င်းက ပြောပြသည်။
အသက် ၁၆ နှစ်အောက်ကို သက်ငယ်အဖြစ် သတ်မှတ်ထားရာ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုကြောင့် ဖြစ်ပွား သည့် လွန်ကျူးမှုများကိုလည်း မိဘများက မုဒိမ်းမှုအဖြစ် အမှုဖွင့်ကြ၍ အမှုသွားအမှုလာအရသာ ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေ ပြဋ္ဌာန်း သင့်သည်ဟု ဆွေးနွေးခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းကလည်း ပြော သည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားရခြင်းသည် တရားစီရင်မှုပိုင်းတွင် အားနည်းချက် ရှိခြင်းတို့ကြောင့်သာ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ဥပဒေက အားနည်းချက်မရှိဘူး။ ဥပဒေတွေက ကောင်းပါတယ်။ လုပ်ထုံးလုပ်နည်း တွေကလည်း ကောင်းပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ လူတွေ မကောင်းတာ။ ၇၄ ကစပြီး ဝန်ထမ်းတွေ မကောင်းတာ။ တရားဥပဒေ မစိုးမိုးလို့ ဖြစ်တာ။ အဓိကကတော့ တရားဥပဒေ မစိုးမိုးလို့ ဖြစ်တာပေါ့။ ဥပဒေကို အကောင်အထည် ဖော်တဲ့သူတွေ၊ ရဲတွေ ၊ တရားသူကြီးတွေ၊ ဝန်ထမ်းတွေက မလိုက်နာတာပေါ့”ဟု ဦးကြည်ဝင်းက ပြောသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ပေးရန် အဆိုတရပ်ကို ရသေ့ တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဖေဖော်ဝါရီလ ၂ ရက်က တင်သွင်းခဲ့သော် လည်း လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ ပယ်ချခံခဲ့ရသည်။
၂၀၁၇ နှစ် ဇန်နဝါရီလ အတွင်း တနိုင်ငံလုံး၌ မုဒိမ်းမှု ၁၂၀ ကျော် ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၈၁ မှုရှိကာ ရန်ကုန် တိုင်း ဒေသကြီးတွင် အများဆုံး ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။