ဦးဝီရသူကို ဥပဒေအရ အရေးယူပေးရန် အွန်လိုင်း လက်မှတ်ကောက်ယူမှု ပြုလုပ်
အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသည့် အရေးအသားများ ရေးသားပြုလုပ်ခဲ့သည့် မဘသ ဦးဆောင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ – မစိုးရိမ်)ကို တရားဥပဒေအရ အရေးယူပေးရန် တိုင်ကြားစာနှင့် တိုင်ကြားမှုအား ထောက်ခံ သည့် အွန်လိုင်း လက်မှတ်ကောက်ယူမှု တခုကို ပြုလုပ်နေသည်။
ယင်းအစီအစဉ်ကို ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသူများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး လက်မှတ်ထိုးမည့်သူများ အနေဖြင့် အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကို အခြေစိုက် Change.org ဝက်ဘ်ဆိုက်တွင် ဝင်ရောက် လက်မှတ် ထိုးနိုင်သည်ဟု ဆိုသည်။
မတ်လ ၂၈ ရက်ခန့်က စတင်သော ယင်းလက်မှတ် ကောက်ယူမှုပြုလုပ်သည့် ဝက်ဘ်ဆိုက် စာမျက်နှာတွင် တပတ် အတွင်း အနည်းဆုံး လက်မှတ် ၁၀၀၀၀ ခန့် ရရှိရန် ခန့်မှန်းထားသည်ဟု ရေးသားထားပြီး မတ်လ ၃၁ ရက် ညနေပိုင်းအထိ ၄၁၆ ဦး လက်မှတ် ထိုးထားကြောင်း တွေ့ရသည်။
တရားလွှတ်တော် ရှေ့နေနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥပဒေရေးရာ အကြံပေး ဦးကိုနီအား လုပ်ကြံမှု နှင့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှု ကျူးလွန်သူ ကြည်လင်းနှင့် ပြစ်မှုကျူးလွန်ရန် အားပေးကူညီသူ ကြံရာပါ များအား ဦးဝီရသူ က ၎င်းတို့၏ လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ချီးကျူးပြောဆိုခြင်း၊ အကြမ်းဖက်မှုများကို အားပေး အားမြှောက် ပြုခြင်းနှင့် ပြည်သူများက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်/ဖျက်သိမ်းခြင်း မပြုနိုင်ရန် အကြမ်းဖက်မှု ဆန်ဆန် ခြိမ်းခြောက်ခြင်းတို့အား တည်ဆဲဥပဒေအရ အရေးယူပေးရန်ဟု ဖော်ပြထားသည်။
ဦးဝီရသူက “ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူးတင် တယ်။ ဇေယျာဖြိုး ကို ကျေးဇူးတင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ်ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိ ထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသ ကို မလွှဲချနဲ့” စသည့် စာသားများကို ၂၀၁၇ ဖေဖော်ဝါရီ ၂၆ ရက်စွဲဖြင့် ရေးသားခဲ့ပြီး ယင်းည ၁၀ နာရီခွဲကျော် အချိန်တွင် Wira Thu အကောင့် ကို သုံးစွဲ၍ လူမှု ကွန်ရက် စာမျက်နှာပေါ် လွှင့်တင်ခဲ့ကြောင်း သိရသည်။
၎င်း ရေးသားချက်များသည် ပြည်သူများ၏ စိတ်နှလုံးတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်စေသည်သာမက နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုုးမိုးရေးကို ထိခိုက်စေသည့်အပြင် ပြည်သူများကို ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ ဖျက် သိမ်းခြင်း စသော နိုင်ငံသားများ၏ အခန်းကဏ္ဍများတွင် တက်ကြွစွာပါဝင်ခြင်း မပြုနိုင်ရန် အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။
ထို့ကြောင့် ဦးဝီရသူ၏ ရေးသားမှုများသည် မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၃ အရ ခြိမ်းခြောက်မှုနှင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်မှုမြောက်စေသည့် ဦးဝီရသူကို ထိရောက်စွာ အရေးယူပေးရန် အသိပေး တိုင်ကြားကြောင်း ဖော်ပြထားသည်။
လက်မှတ်ထိုးသူ တဦးဖြစ်သူ မသက်သက်ခိုင် (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က “ဟောတဲ့တရား နားထောင်လိုက်တဲ့အခါ အမျိုးသမီးတွေကို တဖက်သတ်ဖိနှိပ်ပြီး ပြောထားတဲ့ စကားလုံးတွေက တရားတော်နဲ့လည်း မညီ ဘူး။ ဗုဒ္ဓသာသနာ ပုံရိပ်ကိုလည်း အင်မတန်မှ ထိခိုက်တယ်။ ကိုယ့်ဘာသာသည် အင်မတန်မှ မေတ္တာတရားနဲ့ ငြိမ်းချမ်း သော ဘာသာတရားဖြစ်တဲ့ အတွက် ဒီလိုမျိုး အမုန်းစကားတွေနဲ့ တဖက်သတ် အမျိုးသမီးတွေကို ဖိနှိပ်ပြီး ဟောထားတဲ့ တရားတော် ဖြစ်တဲ့ အတွက် ဒီအပေါ်မူတည်ပြီး Sign ထိုးခဲ့တာပါ”ဟု ပြောသည်။
တိုင်ကြားစာနှင့်တကွ ကောက်ယူရရှိသည့် လက်မှတ်များနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရှေ့နေချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဒုတိယ ဥက္ကဌ ဆရာတော်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်း ဒေသကြီး ဥပဒေ ချုပ်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး၊ မန္တလေးတိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဝင် ဥက္ကဌ ဆရာတော်နှင့် မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ဥက္ကဌ ဆရာတော် တို့ ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းက ဦးဝီရသူသည် ဥပဒေချိုးဖောက်သည့် ဟောပြောလုပ်ဆောင်မှုများ ရှိသည့် အတွက် အရေးယူပေးရန် နိုင်ငံတော် သံဃမဟာနာယက (မဟန)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ ထံ မတ်လ ၂၈ ရက်က စာရေးသားပေး ပို့ထားသည်။