ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မင်္ဂလာဆောင်မှ ငပုတောမြို့နယ် ကမ်းနီအုပ်စု ရခိုင်ကုန်းကျေးရွာသို့ ပြန်သည့် မော်တော်တစီးသည် ပုသိမ်မြို့အထွက် ငဝန်မြစ်အတွင်း ကျောက်တင်သင်္ဘောနှင့် တိုက်မိသဖြင့် မော်တော်ပေါ်တွင် လိုက်ပါသည့် လူ ၂၀ သေဆုံးကာ ပျောက်ဆုံးနေသူ ၅ ဦးထက် မနည်း ရှိနေကြောင်း ကနဦးသတင်းအရ သိရသည်။
“မော်တော်ဝမ်းထဲက သေကြတာများတယ်။ ကျောက်တင်သင်္ဘောက မီးမပြဘူး။ ကျနော်တို့မော်တော်ကလည်း မီးမပြဘူး။ အဲဒါကြောင့် တိုက်မိတယ်။ တိုက်မိတာနဲ့ မော်တော်ဝမ်းပိုင်းက ကွဲထွက်တယ်။
ခေါင်မိုးပေါ်ကလူတွေ အကုန် ခုန်ချတယ်။ ကျနော်လည်း ခေါင်မိုးပေါ်မှာထိုင်လိုက်လာတာပါ။ မော်တော်ဝမ်းထဲက လူတွေကသေတာများတယ်။ တချို့က ရေစီးနဲ့မျောတယ်။ မော်တော်က မြုပ်သွားတယ်။ ကျနော့် အဒေါ် ၂ ဦးလည်း သေတယ်” ဟု အသက်ရှင်ကျန်ရစ်သူ ကိုထွန်းမြင့် က ဧရာဝတီကိုပြောသည်။
ဖြစ်စဉ်ကြောင့် သေဆုံးသူ ၂၀ ဦး၊ ပျောက်ဆုံးသူ ၅ ဦးထက် မနည်းရှိပြီး ၁၄ ဦးအသက်ရှင်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်ကိုယ်တိုင် ရောက်ရှိနေပြီး အနီးကပ် ကြီးကြပ်နေကြောင်း၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ပရဟိတအဖွဲ့များစွာလည်း ရောက်နေပြီး သေဆုံးသူများ၏ အလောင်းများကို ဆေးရုံပို့ခြင်း၊ ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေခြင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ပေး လျက်ရှိသည်။