ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်များ ၂၁ ရာစု ပင်လုံ ညီလာခံကို NCA လက်မှတ်ထိုးပြီး ပါဝင်လာမည် ဟု ယုံကြည် လက်ခံထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်၏ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
၂၀၁၇ ခုနှစ်၊သြဂုတ် ၁၀ ရက်က UNFC ၏ အလုပ် အဖွဲ့ DPN ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးစဉ် ဒေါက်တာ တင်မျိုးဝင်းက “ကျနော်တို့အဆိုပြုချက် ၉ ချက်ကို ထိထိရောက်ရောက် ဆွေးနွေးနိုင်ထားပြီလို့ ယုံကြည်မိပါတယ်။ ညီအစ်ကို သဖွယ် ငြင်းကြ ခုန်ကြတယ်။ အတူတူ ဆွေးနွေးခဲ့ကြတယ်။ အခြေခံလိုအပ်ချက် က ငြိမ်းချမ်းရေးဆိုတာ အားလုံး သဘောပေါက်လာပြီ။ ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် အစည်းအဝေးမှာ NCA လက်မှတ်ထိုးပြီး ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက လက်ရှိ အဆိုပြုချက်များနှင့် ပတ်သက်ပြီး အားလုံး ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ယုံကြည်ကြောင်း၊ ပြည်သူ အားလုံး လိုချင်သော ငြိမ်းချမ်းရေးကို ပူးပေါင်းရယူမည်ဟုလည်း မျှော်လင့်ကြောင်းလည်း ဆိုသည်။
ယနေ့ တွေ့ဆုံ ဆွေးနွေးမှုသည် DPN နှင့် PC အကြား တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၆ ကြိမ်မြောက် ဖြစ်ပြီး UNFC မှာ အဆိုပြု တင်ပြ ထားသော အချက် ၈ ချက်ကို သဘောတူညီမှု ရယူ နိုင်မည့် အဖြေတရပ်ကို ရရှိမည်ဟု နှစ်ဖက် လုံးမှ မျှော်လင့်ထားကြသည်။
UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ပါဝင်ပြီး ၎င်းတို့ တင်ပြထားသော အချက် ၈ ချက်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် အပါအဝင် JMC (ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) တွင် နိုင်ငံတကာမှ ကိုယ်စားလှယ်များ ထည့်သွင်းပေးရန်တို့ ပါဝင် သည်။
UNFC မှ တင်ပြထားသော အချက် ၈ ချက် သဘောတူညီမှုများ ရယူပြီးပါက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ထိုးပွဲ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် UNFC အဖွဲ့ဝင်များ လက်မှတ်ထိုးလာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
၂၁ ရာစု ပင်လုံကို တက်ရောက်စေချင်ပါက တန်းတူ ရည်တူဖြစ်သော ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ရန်လိုပြီး သဘောတူညီမှု ရယူရန် ယခုနေရာက လိုအပ်နေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ကျင်းပနေသော်လည်း ခြေအောက်တွင် ဖြစ်ပွားနေသော စစ်ရေးအခြေအနေများကို အထက်လူကြီးများနှင့် စားပွဲဝိုင်းထိုင် ဆွေးနွေးနေသူများ မသိခြင်းက ဖြေရှင်းရခက်စေကြောင်း၊ ယုံကြည်မှု တည်ဆောက်သည့် အဆင့်ကို ပြန်သုံးသပ်ရာတွင် ၁၄ လတာ ကာလအတွင်း ယုံကြည်မှု အဆင့်က သုည အဆင့်သာ ရှိသေးကြောင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ – DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က သုံးသပ်သည်။
ခူဦးရယ်က “ဒီတကြိမ်တွေ့ဆုံမှုက တင်းကြပ်မှုမရှိဘဲ လျှော့လာတယ်လို့ ခံစားရပါတယ်။ ဒီတကြိမ်မှာ အခွင့်အရေးကို မဖန်တီးနိုင်ရင် နောက်ပိုင်း ရှုပ်ထွေးလာနိုင်ပါတယ်။ NCA ပါ မပြေလည်သေးတဲ့ ၈ ချက်ကို တင်ပြနေတာ အချိန်ကြာညောင်းနေပါပြီ။ ၈ ချက် အဖြေကို ရှာတော့ ထွက်ပေါက်က ခက်ခဲနေတယ်။ အခု ကျနော်တို့ ဘယ်နှချက် သဘောတူမှု ရပြီး ဘယ်လိုဆိုတာထက် အချက် ၁ ချက်ဆီကို နားလည်မှုရှိရှိနဲ့ ဒီဆွေးနွေးပွဲမှာ ပြန်သွားစေ ချင်ပါတယ်။ ဒီအခန်းထဲမှာပဲ ယုံကြည်မှု တည်ဆောက်တာ မလုံလောက်ဘူး။အပြင်ထွက်ပြီး ယုံကြည်မှုတည်ဆောက်စေချင်ပါတယ်” ဟု ပြောသည်။
လတ်တလောတွင် NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့် တပ်မတော်ကြား ရှမ်းပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့ပြီး ဟိုပုန်းမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အုပ်စု ကွမ်ကုန်းကျေးရွာမှ ဒေသခံများ ခေါ်ဆောင် သွားခြင်းခံရမှုများရှိရာ နှစ်ဖက် ယုံကြည်မှုများ လျော့နည်းလာကြောင်း RCSS ဘက်ကဆိုထားသည်။
အလားတူ UNFC အဖွဲ့ဝင် ဖြစ်သည့် NMSP (မွန်ပြည်သစ်ပါတီ)၏ နှစ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပမည့် ကိစ္စအပေါ် ပါတီဌာနချုပ်မှ လွဲ၍ အခြားနေရာတွင် စစ်ရေးပြ အခမ်းအနားနှင့် သေနတ်ပစ်ဖောက်မှုများ မပြုလုပ်ရန် တပ်မတော်က စာပို့ ပိတ်ပင်ခဲ့သည်။