သတင်း

ငြိမ်းချမ်းရေးတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပျောက်ဆုံးနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပျောက်ဆုံးနေသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို လျှော့ချနေကြောင်း ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့က ပြောဆိုလိုက်သည်။

သို့သော်လည်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကျင်းပခဲ့သော အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် (CSFOP) က ရရှိလာသော အကြံပြုချက်များကိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကို ဒီဇင်ဘာလ ၆ ရက်နေ့က ပေးပို့ထားကြောင်းသိရသည်။

CSFOP တွင် ပါဝင်သည့် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးချိန်ငေါ်က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အစိုးရကလည်း အစိုးရအကြောင်း ဆွေးနွေးသလို။ တိုင်းရင်းသား လက်နက်ကိုင်ကလည်း လက်နက်ကိုင် အကြောင်းပဲ ဆွေးနွေးကြတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့သူတွေ မတွေ့ရဘူး။ အခုက တော့ ကျနော်တို့ ဆွေးနွေးတာကို အိတ်ဖွင့်ပေးစာ ပေးပြီး တိုက်တွန်းတာပါ။ ပြည်သူလူထုရဲ့ လိုအပ်ချက် အသံကို သိစေချင်လို့ပါ” ဟု ပြောသည်။

ပြည်သူလူထု၏ အသံများကို တဆင့်ယူဆောင်လာနိုင်သည့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ထဲထဲဝင်ဝင် ပါဝင်ခွင့်ပြုသင့်ကြောင်း ဦးချိန်ငေါ် က အကြံပြုသည်။

CSFOP ကို ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၉၂ ဖွဲ့၊ လူဦးရေ ၁၄၅ ဦးတို့ဖြင့် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် ၁၇ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် အဖြစ် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အကြံပြုချက်များကို အိတ်ဖွင့်စာ ရေးသားပေးပို့ပြီး သက်ဆိုင်ရာခေါင်းဆောင်များကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CSFOP ၏ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးရန်ကျော်က “အိတ်ဖွင့်ပေးစာကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ ဆီကိုကျနော်တို့ ပို့ပြီးပါပြီ” ဟု ပြောသည်။

အကြံပြုချက်များထဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံ ကျင်းပခြင်း၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များ ဟူ၍ ခေါင်းစဉ် ၃ ခုဖြင့် အကြံပြုထားချက်များ ပါဝင်ကြောင်း သိရသည်။

အိတ်ဖွင့်ပေးစာကို နိုင်ငံတော်အတိုင်ပင်ခံ နှင့် တပ်ချုပ် တို့အပြင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ (PPWT) ခေါင်းဆောင်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ် ရေးထိုးရန် ညှိနှိုင်းနေဆဲ ဖြစ်သည့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် တို့ကိုလည်း လိပ်မူ၍ ပေးပို့ထားကြောင်းသိရသည်။

ထိုအိတ်ဖွင့်စာ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံကျင်းပခြင်း ဟူသည့် ခေါင်းစဉ်အောက်တွင် ဒေသ အလိုက်နှင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတို့တွင် ကျင်းပပေးရန်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၏ လုပ်ငန်းလမ်းညွှန် (TOR) နှင့် ကြီးကြပ်ရေးကော်မတီတို့၏ လုပ်ငန်းလမ်းညွှန်များကို အရပ်ဘက်အဖွဲ့များ (CSO) နှင့် ပြည်သူလူထု နားလည်အောင် ဆောင်ရွက်ပေးရန်၊ ဆွေးနွေးပွဲများတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ် နေရာများ၌ အမျိုးသမီးများ ပါဝင်ရရန်၊ CSFOP မှ ကိုယ်စားလှယ်များကိုလည်း ညီလာခံအတွင်း တတ်ရောက်ဆွေးနွေးခွင့် ပေးရန်တို့ကို ရေးသားထားသည်။

ထို့ပြင် အရပ်ဘက်လူ့အဖွဲ့အစည်းဖိုရမ်တွင် ၂၁ ရာစုပင်လုံညီလာခံ၌ ဆွေးနွေးမည့် ကဏ္ဍ ၅ ရပ်လုံးကို ဆွေးနွေးခွင့်ပေးရန် ၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ဆွေးနွေးချက်များကို ပြည်သူလူထု သိရှိနိုင်ရန် အတွက် ထုတ်ပြန်ပေးရန်တို့ကိုလည်း ရေးသားထားသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဟူသည့် ခေါင်းစဉ်အောက်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးမှ “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေငြာချက်” ကို အမြန်ဆုံး ထုတ်ပြန်ပေးရန်၊ ငြိမ်းချမ်းရေးအတွက် “တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးခြင်း နည်းလမ်း” တခုတည်းကိုသာ ကိုင်စွဲထားရန်၊ NCA ရေးထိုးခြင်းက ငြိမ်းချမ်းရေးအတွက် သေချာ ရေရာရှိစေသည်ကို သက်သေပြရန်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားရှိ ဆက်ဆံရေးရုံးများ အသက်ဝင်နေစေရန် လိုအပ် ကြောင်းနှင့် NCA ထိုးထားသူများက စာချုပ်ပါ အချက်များကို လိုက်နာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တစုတစည်းတည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန် အကြံပြုတိုက်တွန်း ထားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များဟူသည့် ခေါင်းစဉ်အောက်တွင်လည်း အပစ်ရပ်အဖွ့ဲများနှင့် အစိုးရအကြား ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC) ရုံးများသို့ အများပြည်သူများ ဝင်ထွက်သွားလာ တိုင်ကြားနိုင်သည့် အခြေ အနေမျိုး ဖြစ်ရန်၊ JMC အဆင့်ဆင့်တွင် ဒေသခံအရပ်သားများကို ရွေးချယ်တင်မြှောက်ခွင့်ပြုရန်၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရန်၊ အရပ်သားများကို အကာကွယ်ပေးခြင်းနှင့် တိုင်ကြားမှု အဆင့်ဆင့်ကို ပြည်သူလူထု သိရှိအောင် ရှင်းပြရန်၊ တိုင်ကြားမှု ရှိပါကလည်း တိုင်ကြားသူ၏ လုံခြုံရေးကို တာဝန်ယူပြီး အမှုကို တရားမျှတစွာ ပွင့်လင်းမြင်သာစွာ အရေးယူပေးရန် စသည့် အချက်များ အကြံပြုထားသည်။

CSFOP သည် ၂၀၁၂ ခုနှစ်မှ စ၍ လူမှုကွန်ရက်နှင့် လူမှုအဖွဲ့အစည်း ၇၀ ကျော်တို့ ပူးပေါင်းပြီး ဖိုရမ်များ ၃ လ တကြိမ် ကျင်းပနေခြင်း ဖြစ်သည်။ CSFOP ၏ ရည်ရွယ်ချက်သည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများမှ ဦးဆောင်သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်ာလာရန်၊ ပြည်သူလူထု၏ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြနိုင်ရန် ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်မှုအခန်းကဏ္ဍအဖြစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှ CSO အဖွဲ့များက ဖိုရမ်များ ကျင်းပနိုင်ပြီး ဆွေးနွေးထားချက်များကို စာတမ်း တစောင်ပြုစုကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ပေးပို့ရမည် ဖြစ် သည်။
CSO များထံမှ ပေးပို့လာသည့် ဆွေးနွေးချက် စာတမ်းကို UPDJC အောက်တွင် ရှိသည့် လုပ်ငန်း ကော်မတီများက ဆွေးနွေးနိုင်မည့် အချက်အလက်များကို ပြန်လည် စီစစ်ကာ UPDJC အတွင်းရေးမှူး အဖွဲ့ကို ပြန်လည် ပို့ပေးမည်ဖြစ်သည်။

အတွင်းရေးမှူး အဖွဲ့က ၂၁ရာစု ပင်လုံ ညီလာခံသို့ ဆွေးနွေးရန် အချက်အလက်အဖြစ် ယူဆောင်သွားမည် ဖြစ်သည်။

CSO များကို နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဖိုရမ်များ၊ ဆွေးနွေးပွဲများ ပြုလုပ်ပြီး စာတမ်းတင်ရန် UPDJC က ပြောဆိုထားသော်လည်း နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဆွေးနွေးမည့် ကဏ္ဍ ၅ ရပ်လုံးကို ဆွေးနွေးခွင့် မပေးထားဘဲ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဟူသည့် ကဏ္ဍ ၃ခုကိုသာ ဆွေးနွေးကြရန် UPDJC က လမ်းညွှန်ထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ၏ အဆင့်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေး နေသည့် ကဏ္ဍ ၅ ရပ်မှာ နိုင်ငံရေး၊လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒကိစ္စရပ်များဟူ၍ ဖြစ်သည်။

လက်ရှိတွင် NCA ထိုးနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်သည့် DPNကလည်း အချက် ၈ ချက် တောင်းဆိုထားပြီး ထိုထဲတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ်စားလှယ်များမှလွဲ၍ ကျန်ပါဝင်သင့် ပါဝင်ထိုက်သူများကို ၎င်းတို့နှင့် စပ်ဆိုင်သည့် ကဏ္ဍများ တွင်သာ ပါဝင်စေရန်ဟူ၍ ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading