ဒီနေ့ ခေတ်ရေစီးကြောင်းကတော့ ပြည်ပမှာရော ပြည်တွင်းမှာပါ အားလုံးသိကြတဲ့အတိုင်း ချစ်သူရည်စားပိုင်း ကဏ္ဍတွေမှာ အထိန်းအကွပ်နည်းလာနေပါပြီ။ Living Together ဆိုတဲ့ အင်္ဂလိပ်စကားနဲ့ နေထိုင်ပုံတွေအတိုင်း ပြည်တွင်းမှာလည်း လက်မထပ်သေးဘဲ ပေါင်းသင်းနေထိုင်မှုတွေ၊ လိင်ဆက်ဆံမှုတွေတောင် ရှိနေပါပြီ။ ဒီလို ရင်းရင်းနှီးနှီးဆက်ဆံမှုတွေနဲ့အတူ အရွယ်ရောက်သူ ကျား၊ မ မရွေး ရည်းစားထားဖူးလာကြတယ်။ တချို့ လိင်ပိုင်းဆိုင်ရာထိအောင် အထိအတွေ့တွေ ရှိလာကြပါတယ်။
ဒီတော့ ကောင်လေးတွေပဲဖြစ်ဖြစ်၊ ကောင်မလေးတွေပဲဖြစ်ဖြစ် လက်ရှိချစ်သူရည်းစားကို အရင်က မိမိ ရည်းစား ထားဖူးကြောင်း၊ ဘယ်အဆင့်ထိအောင် ရောက်ခဲ့ဖူးတယ် ဆိုတာတွေ ပြောပြသင့်ပါရဲ့လား။
တကယ်လို့ သင့်ချစ်သူက မေးလာခဲ့ရင်ရော အမှန်ဖြေမှာလား၊ ဒါမှမဟုတ် လိမ်လည်ပြီး ရည်းစား မထား ခဲ့ဖူးကြောင်း၊ အတွေ့အကြံုံ မရှိသေးကြောင်း လိမ်ညာမှာလား။
ဒီလို ဖြေသင့်၊ မဖြေသင့်၊ အမှန်အတိုင်း ပြောသင့်၊ မပြောသင့်ဆိုတာနဲ့ ပတ်သက်ပြီး အင်္ဂလန်အခြေစိုက် ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ လေ့လာရေး Website တခုဖြစ်တဲ့ Dr.Ed.cim က လူပေါင်း ၁ ထောင် လောက်ကို လေ့လာချက်လုပ်ထားပါတယ်။
ရလဒ်ကတော့ ကောင်လေးတွေ အားလုံးရဲ့ ၂၂ ရာခိုင်နှုန်းက အရင့်အရင် ထားခဲ့၊ ပတ်သက်ခဲ့ဖူးတဲ့ ချစ်သူ မိန်းကလေးတွေအကြောင်းကို ဘယ်တော့မှ ဝန်မခံဘဲ ဖုံးကွယ်ထားတတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ သူတို့က ချစ်သူကောင်မလေး အသစ်အနေနဲ့ အဆိုပါ အတိတ်အကြောင်းတွေကြောင့် ဆက်ဆံရေး အဆင်မပြေမှာကို စိုးရိမ်တဲ့အတွက် ဖုံးကွယ်မှုပြုတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ကောင်မလေးတွေမှာတော့ ၂၃ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ အရင် ရည်းစားတွေအကြောင်းကို ဖုံးကွယ်မှု လုပ်တတ်လေ့ရှိတာ တွေ့လာရတာပဲ ဖြစ်ပါတယ်။
တဖက်က ပြန်ကြည့်ရင်တော့ ကောင်လေးတွေရဲ့ ၇၄ ရာခိုင်နှုန်းနဲ့ ကောင်မလေးတွေရဲ့ ၇၆ ရာခိုင်နှုန်းက အရင် ရည်းစားတွေအကြောင်းကို ဝန်ခံလေ့ရှိတယ်လို့ဆိုပြီး သူတို့ရဲ့ အတွေးမှာ ဖုံးကွယ်မှုဆိုတာထက် ရိုးသားစွာ ဝန်ခံခြင်းက ပိုကောင်းမယ်၊ စိတ်လည်း သက်သာရမှု ရှိတယ်လို့ဆိုကြောင်း တွေ့လာရတာပါ။
ဒါဆိုရင် ကောင်မလေး ၁၀၀ မှာ ၇၆ ယောက်က အရင် ရည်းစားတွေအကြောင်း ဝန်ခံမယ်၊ ၂၃ ရာခိုင်နှုန်းက ဖုံးကွယ်ထားမယ်၊ ၁ ရာခိုင်နှုန်းကတော့ ကြားနေပေါ့လေ။
ဒီလိုပဲ ကောင်လေး ၁၀၀ မှာ ၇၄ ယောက်က ဝန်ခံမယ်၊ အသိပေးမယ်။ ၂၂ယောက်ကတော့ ဖုံးကွယ်ထားမယ်၊ ကျန်တဲ့ ၄ ယောက်လောက်ကတော့ ကြားနေပေါ့နော်။
ဒီလေ့လာချက်ထဲမှာ အသိပေးဝန်ခံမယ်ဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးတွေရဲ့ ရာခိုင်နှုန်းက ၂၂၊ ၂၃ လောက်ပဲ ရှိပေမယ့် ကျန်တဲ့ ဖုံးကွယ်ထားမယ်ဆိုသူတွေ အားလုံးက အမြဲတမ်း ဖုံးကွယ်ထားမယ့်သူတွေတော့ မဟုတ်သေးပါဘူး။ လေ့လာချက်ပါ မေးခွန်းတွေအရ ကူညီဖြေဆိုသူ အားလုံးရဲ့ ၃ဝ ရာခိုင်နှုန်းလောက်က လက်ရှိချစ်သူအနေနဲ့ အရင်က ရည်းစားထားဖူးသလား။ ဘယ်လိုလဲဆိုတာတွေ မေးလာရင် အမှန်အတိုင်း ပြောမယ်လို့ ဆိုကြတာကြောင့်ပါ။
စစ်တမ်းအရ ကောင်လေးတွေက အရင်က ရည်းစား ဘယ်နှစ်ယောက်ထားဖူးတယ်။ ဘယ်လို အဆင့်ထိအောင် ရှိခဲ့တယ်ဆိုတာကို ဖုံးကွယ်ချင်စိတ် ၄ ဆလောက် ပိုတယ်။ ဒါကလည်း အားလုံးကို ပြန်လည်ဝန်ချဖို့ မပြောချင်တာကြောင့် ဖုံးကွယ်လိုခြင်း ဖြစ်တယ်လို့သိလာရပါတယ်။ ပြီးတော့ ကောင်လေးတွေအတွေးမှာ သူတို့အနေနဲ့ အရင်ချစ်သူတွေအကြောင်း ဝန်ခံမိတာနဲ့ လက်ရှိချစ်သူရဲ့ နားလည်ခွင့်လွှတ်မှု ဆိုတာထက် ဘယ်နှစ်ယောက်လဲ၊ ဘယ်လောက်ကြာလဲ၊ ဘယ်အဆင့်ထိလဲ ဆိုတာတွေ ဆက်လက် မေးမြန်းလာမှာကို စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဆိုင်ရာ စိတ်ပညာရှင် ဒေါက်တာ Leslie Bell ကတော့ ကောင်လေးတွေအနေနဲ့ ချစ်သူ အသစ်ရခါစ အချိန်တွေမှာ အရင်ချစ်သူတွေ အကြောင်းမပြောသင့်ဘူး။ မေးလာခဲ့ရင်တောင်မှ အပေါ်ယံ လောက်ပဲ ဖြေသင့်တယ်လို့ အကြံပေးပြောတာ တွေ့ရပါတယ်။
လိင်ပိုင်းဆိုင်ရာ လေ့လာသူ ဒေါက်တာ Kristen Mark က Men’s Health ကို ပြောကြားချက်တခုမှာလည်း အရင်က ရည်းစားတွေထားခဲ့မှုဟာ လက်ရှိချစ်သူနဲ့ ဆက်ဆံရေးကို ထိခိုက်မှုရှိလာစေနိုင်ပါတယ်။ ဒါကြောင့် ရည်စားဟောင်းတွေအကြောင်းကို ပြောမပြတာ အကောာင်းဆုံးပါလို့ ဆိုပါတယ်။
Mark ကပဲ ဆက်ပြီးတော့ သင့်အနေနဲ့ အရင်က ရည်းစားထားဖူးတာကို မေ့ထားလိုက်ပါ။ လက်ရှိ ချစ်သူကိုလည်း အသိပေးစရာ မလိုပါဘူး။ ကိုယ်တိုင်မေ့နိုင်ပြီး လက်ရှိ ချစ်သူကို ချစ်ဖို့ပဲလိုပါတယ်။ တကယ်လို့ သင့်အနေနဲ့ အရင်ရည်းစားထားခဲ့တဲ့အကြောင်းတွေ ချစ်သူကိုပြောပြမယ်ဆိုရင်တော့ ဒါဟာ သင်တို့ရဲ့ ဆက်ဆံရေး ပိုကောင်းစေမယ့် ဝန်ခံခြင်းတော့ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။
ဒေါက်တာ Bell နဲ့ Mark တို့ နှစ်ယောက်လုံးကတော့ သင့်အနေနဲ့ ရည်းစား ဘယ်လောက် ထားခဲ့ဖူးသလဲ ဆိုတာ ဘယ်တော့မှ လိမ်ဖို့မစဉ်းစားပါနဲ့။ အကြောင်းကတော့ သိပ်ကြာကြာ ဖုံးထားနိုင်မှာ မဟုတ်လိ့ုပါပဲ။ တချိန်ချိန်တော့ ပြန်သိမှာပါ။ ဒါပေမယ့် ပြန်သိသွားရင်တောင် အခြေအနေ အရမ်းမဆိုးနိုင်ပါဘူးလု့ိ အကြံပေးထားပါတယ်။
ဆိုလိုတာကတော့ လိမ်လို့ အပြစ်မြင်ခံရတာက နည်းနည်းပါ။ အရင် ရည်းစားတွေအကြောင်း နောက်မှ ပြန်သိပါစေ။ လိမ်ထားတာ အကောင်းဆုံးပါတဲ့ဗျာ။
www.maxim.com တွင်ဖော်ပြထားတဲ့ Should you tell your girlfriend how many women you’ve had sex with? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။