တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သတ်ဖြတ်ခံရမှုတွင် တရားသူကြီးများ ဖိအားကင်းစွာ ဆုံးဖြတ်နိုင်ရေး ဝန်းရံပေးကြရန် သေဒဏ်ထိုက်သည့် ပုဒ်မဖြင့် စွဲချက်တင်ခံထားရသည့် (ဦး)ဇေယျာဖြိုးက ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းအပြီးတွင် တောင်းဆိုလိုက်သည်။
သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင်ခံထားရသည့် ဇေယျာဖြိုးမှ အမှုတွင် ပြင်ပဖိအား များကြောင့် ၎င်းအနေဖြင့် အကြိမ်ကြိမ်လုပ်ကြံခံနေရကြောင်း ရုံးချိန်းအပြီးတွင် သတင်းထောက်များထံသို့ စာရေးသားပြောဆိုခဲ့သည်။
စာတွင် ဇေယျာဖြိုးက “ဒီအမှုမှာ လွဲချော်နေတာတွေ အများကြီးပါ၊ အထူးသဖြင့် တရားသူကြီးတွေ ဖိအားကင်း ကင်းနဲ့ လွတ်လပ်စွာ တရားစီရင်ခွင့်ရအောင် ဝန်းရံပံ့ပိုးပေးကြပါလို့လည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြော ထားသည်။
အမှုနှင့်ပတ်သက်၍ တရားရုံးမှ စွဲချက်အမိန့်များ ချမှတ်ရန် နီးကပ်လာချိန်တွင် “မင်းတို့ ထမင်း ဝအောင်စား ထား” စတစ်ကာပါ အကျီင်္များ ဝတ်ဆင်လျှက် ၎င်းတို့အား လာရောက်ထောက်ခံခဲ့သူများကို မသိရှိကြောင်းနှင့် အထက်ပါစကားများအား ၎င်းတို့မှပြောကြားခဲ့သကဲ့သို့ အထင်လွဲအောင် ပြောဆိုကာ ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဇေယျာဖြိုးက ဆိုထားသည်။
၎င်း၏စာတွင် “မင်းတို့ ထမင်းဝအောင်စားထား” စတစ်ကာ အကျီင်္ဝတ်ဆင်ကာ တရားရုံး လာရောက်ခဲ့သူများ အား ပွဲဆူအောင်လုပ်သူများ ဟုလည်း ဆိုထားသည်။
အမှုတွင် သေနတ်သမား ကြည်လင်းနှင့်အတူ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် လည်းကောင်း၊ အောင်ဝင်းဇော်အား ကားဖြင့် တင်ခေါ်ပေးသွားသည့် အောင်ဝင်းထွန်းကိုမူ ပုဒ်မ ၂၁၂ ဖြင့် လည်းကောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အသီးသီး စွဲချက် တင်ခဲ့ပြီးဖြစ်သည်။
သီးခြားအနေဖြင့် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ) တို့ဖြင့် စွဲချက်တင်ခဲ့ပြီး တက္ကစီယာဉ်မောင်းဦးနေဝင်း သေဆုံးမှုအတွက် သေနတ်သမားကြည်လင်းအား ပုဒ်မ ၃၀၂ (၂)ဖြင့်လည်း စွဲချက်တင်ခဲ့သည်။
စွဲချက်များနှင့်ပတ်သက်၍ ဇေယျာဖြိုးအနေဖြင့် “ကျွန်တော်ဟာ ဘယ်သူ၊ ဘယ်ပစ္စည်း၊ ဘယ်အထောက်အ ထားအရ ဘယ်လိုစစ်ဆေးပေါ်ပေါက်လို့ စွပ်စွဲခဲ့ပါသလဲ၊ တာဝန်ခံနိုင်ရဲ့လား၊ ကျနော့ကို ဒီလိုစွပ်စွဲခဲ့တာ လိပ်ပြာ သန့်ရဲ့လား” ဟု ဥပဒေအရာရှိအပေါ် မေးခွန်းထုတ်ခဲ့သည်။
ကုမ္ပဏီတည်ထောင်ကာ စီးပွားရေးလုပ်ကိုင်နေသူ ဇေယျာဖြိုးသည် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုတွင် နေက်ကွယ်မှငွေကြေးပေးကာ စေခိုင်းသူတဦးအဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယနေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် ဒုရဲမှူး မိုးနိုင်၊ ရဲအုပ် အေးမြင့်သူ၊ ဒုရဲအုပ် အောင်ကျော်ထွန်း၊ တပ်သား နိုင်ဇော်နှင့် တပ်သား သက်အာကာစိုးတို့ကို စွဲချက်တင်ခံထားရသူများ၏ ရှေ့နေများက စစ်ဆေး ခဲ့ကြောင်း သိရသည်။
အမှုတွင် ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခံထားရသည့် အောင်ဝင်းထွန်းမှ အာမခံရရှိရေး လျှောက်ထားခဲ့မှုကိုလည်း လာမည့်တပတ်ရုံးချိန်းတွင် အာမခံပေး မပေးကို ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
အမှုအား ကြာမြင့်မှု မရှိစေရေးအတွက် ရုံးချိန်းကို တပတ်နှစ်ရက် စစ်ဆေးသွားရန် ခုံရုံးတရားသူကြီးများက ဆုံးဖြတ်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် အမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။