မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းမှ အဖြေရှာကြရန် အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ရေးထိုးရန် မေ ၅ ရက်နေ့က ကျင်းပသည့် မွန်လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဖိတ်ခေါ်လိုက်သည်။
“တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများကိုလည်း NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီးတော့ အခုလို နိုင်ငံရေးဆွေးနွေးမှု စကားဝိုင်း၊ စားပွဲဝိုင်းတွေကနေတစ်ဆင့် နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ အဖြေရှာ ညှိနှိုင်းပြီး နောင်လာမယ့် အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံကောင်းများကို လက်တွဲဖော်ဆောင်ပေးကြဖို့ ဒီနေရာကနေပြီးတော့ ဖိတ်ခေါ်ပါရစေ”ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။
NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုး၍ ရေရှည်တည်တန့်သည့် ငြိမ်းချမ်းရေးအဖြစ် ဖော်ဆောင်ပေးကြရန် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ဝိုင်းဝန်းတိုက်တွန်းပေးရန် ၎င်းက မေတ္တာရပ်ခံခဲ့သည်။
“တပြည်လုံး အပစ်ခတ်ရပ်စဲရေးက အမြန်ဆုံးလုပ်ရင်တော့ ပိုပြီးနီးစပ်မှပေါ့၊ သံသယတွေ ရှင်းသွားမှာပေါ့၊ အခုက သံသယက မရှင်းဘူး၊ မြောက်ပိုင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်၊ ကျနော်တို့က လက်မှတ်ထိုးတယ်၊ တချို့က NCA အပေါ် မရှင်းဘူးပေါ့၊ အဲဒီလို အမြင်တွေရှိတယ်”ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆိုသည်။
မွန်လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ရေးမြို့တွင် မေ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ယင်းဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမူရေးကဏ္ဍနှင့် မြေယာနှင့် သဘာဝသယံဇာတကဏ္ဍတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဟာ အရေးကြီးသလိုပဲ၊ အခု ကျင်းပပြုလုပ်မယ့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အပါအဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း အလွန်ပဲ အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုရင် လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အကျေအလည် ညှိနှိုင်းဆွေးနွေးမှုတွေနဲ့အတူ ပြည်ထောင်စု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ရေးအတွက်ရော ၂၁ ရာစု ပင်လုံညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ရော အလိုအပ်ဆုံးနဲ့ အခြေခံအကျဆုံး နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်လို့ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ အတွင်းရေးမှူး အဖွဲ့ဝင် ခွန်မြင့်ထွန်းက ဆိုသည်။
အခမ်းအနားတွင် အမျိုးသားအဆင့် ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်အေးဇံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစိုးရအစုအဖွဲ့မှ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ အတွင်းရေးမှူး အဖွဲ့ဝင် ခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ စောထွန်းအောင်မြင့်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင် နိုင်ကျန်ရစ်၊ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ နိုင်ငွေသိန်းတို့က အမှာစကား ပြောခဲ့ကြကြောင်း သိရသည်။