မော်လမြိုင် NLD ဒုဥက္ကဋ္ဌနှင့် ပါတီဝင်အချို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံရ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်ရှိ သားငါးဈေးအဟောင်းကို ဗိုလ်ချုပ်ဈေး (ကျောက်တန်း) ဈေးအသစ် တည်ဆောက်မှုအပြီးတွင် ဈေးတည်ဆောက်ခဲ့သော NLD ပါတီဝင် ဈေးကော်မတီဝင်များနှင့်အတူ မော်လမြိုင်မြို့နယ် NLD ဒုဥက္ကဋ္ဌ ဦးစိန်စိုးတို့ကို ကျောက်တန်းဒေသခံ ၂၀ ဦးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဈေးတည်ဆောက်မှုတွင် ငွေစာရင်းရှင်းတမ်း မရှင်းပြသည့် ဈေးကော်မတီဝင်များဖြစ်သည့် NLD ပါတီဝင် များကို ငွေစာရင်းရှင်းတမ်း ထုတ်ပေးနိုင်ရန် ကျောက်တန်းဒေသခံများက မော်လမြိုင်မြို့နယ် NLD ရုံးသို့ သွားရောက်အကြောင်းကြားခဲ့ရာ မြို့နယ် NLD ဒုတိယဥက္ကဋ္ဌ ဦးစိန်စိုးမှ “ရှုံးရင်သူတို့စိုက်မယ်၊ မြတ်ရင်သူတို့စားမယ်၊ ရှင်းတန်းက အစိုးရကိုတောင် ရှင်းပြစရာမလိုဘူး’’ဟု ပြောဆိုခဲ့ခြင်းအပေါ် ဒေသခံများက မကျေမနပ်ဖြစ်၍ ဦးစိန်စိုးကိုပါ တိုင်ကြားခဲ့ကြခြင်းဖြစ်ကြောင်း ကျောက်တန်းရပ်ကွက်မှ NLD ပါတီဝင်တဦးဖြစ်သည့် ဦးညိုမင်းက ပြောသည်။
“ကျနော်တို့ ဈေးသူဈေးသားတွေရဲ့ ရံပုံငွေ ပိုက်ဆံတွေနဲ့ တည်ဆောက်ပြီးတော့ ဈေးသာဖွင့်လိုက်တယ်၊ အခုထိ ရှင်းတမ်းမရှိဘူး”ဟု တိုင်ကြားသူ ဦးဝင်းမြက ပြောသည်။
ဗိုလ်ချုပ်ဈေး (ကျောက်တန်း) တည်ဆောက်ရန် ဖွဲ့စည်းလိုက်သော ဈေးကော်မတီထဲတွင် ဦးလှကျင်၊ ဦးအုံးသန်း၊ ဦးအေးဆန်း၊ ဦးမောင်ကြီး၊ ဦးဉာဏ်ဌေးနှင့် ဦးစိုးဝင်းတို့ ပါဝင်ပြီး အဆိုပါဈေးတည်ဆောက်မှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ၂၀၁၇ ခုနှစ် ဇူလိုင်လက ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
တိုင်စာကို အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်ထံ ဧပြီ ၂၇ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မိတ္တူကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ဥက္ကဋ္ဌနှင့် ပြည်နယ် ဥက္ကဋ္ဌအပြင် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမြက ဆိုသည်။
ဗိုလ်ချုပ်ဈေး (ကျောက်တန်း) ကို ဆိုင်းခန်းပေါင်း ၁၂၁ ခန်းဖြင့် တည်ဆောက်ခဲ့ပြီး ဈေးသည်ဟောင်း အချို့မှာ ဈေးဆိုင်ခန်းများ ပြန်မရရှိသူများလည်း ရှိနေခဲ့ကြောင်း ယင်းတိုင်စာထဲတွင် ဖော်ပြထားသည်။
“ကျေးရွာပိုင်ဈေးပေါ်မှာ ဘာမှ အရင်းအနှီးမစိုက်ရပဲနဲ့ သူတို့ဈေးဆောက်ပြီးတော့ ရောင်းစားသွားတာ၊ အဲဒီမှာ ကျနော် နှစ်ကွက်ပါတယ်၊ ကျနော် ဘာမှ မရလိုက်ဘူး၊ ငွေသွင်းနောက်ကျလို့ဆိုပြီးတော့”ဟု ဈေးဆိုင်ခန်း မရရှိခဲ့သည့် ဦးသာဒွေးက ရင်ဖွင့်ပြောဆိုသည်။
ထို့အပြင် ဆိုင်ခန်းရောင်းရငွေများမှ ပိုငွေများကို ရပ်ကွက်အကျိုးပြုလုပ်ငန်းအတွက် ပြောဆိုထားသော်လည်း ဆိုင်ခန်းတခန်းလျှင် ခြောက်သိန်းကျပ်ဖြင့် ပိုလျံငွေသိန်း ၃၀၀ ကျော်ကို ဦးအေးဆန်းနှင့် အပေါင်းအပါတို့က ခွဲယူခဲ့ကြသည်ဟုလည်း တိုင်စာထဲတွင် စွပ်စွဲပြောဆိုထားမှုများ ရှိနေသည်။
တိုင်ကြားစာထဲတွင် ပြည်သူလူထု လိုလားသော အစိုးရသစ်လက်ထက်တွင် အစိုးရအဖွဲ့လူကြီးများ၊ ပါတီခေါင်းဆောင်ကြီးများ၏ စွမ်းဆောင်ချက်များကို အလေးမပြု၊ ပါတီဂုဏ်သိက္ခာကျဆင်းအောင် ပြည်သူလူထု ယုံကြည်မှုများ နည်းပါးအောင် အကျင့်ပျက်ချစား ပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သည်ဟု ဆိုသည်။