နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ၏ ကျွန်းတံခါးများ၊ ကျွန်းဘောင်များကို ထိန်းသိမ်းသည့်အနေဖြင့် ပေါ်လစ်တင် ဆေး သုတ်ရာတွင် အသုံးစရိတ် တင်ပြမှု များပြားလွန်းသဖြင့် အမှန်တကယ် ကုန်ကျခြင်း ရှိ၊ မရှိကို သိရှိနိုင်ရန် စုံစမ်းရေး ကော်မတီတရပ် ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ယခုဘဏ္ဍာနှစ်တွင် လွှတ်တော် အဆောက်အအုံများ အရောင်တင်စရိတ် (ပေါ်လစ်တင်ခြင်း) ကျပ်သိန်းပေါင်း ၄၇၀၀ ကုန်ကျမည်ကို ဌာနတွင်း တင်ဒါအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သိန်း ၁၀၀ လုပ်ငန်းများအဖြစ် ခွဲဝေတင်ပြလာပြီး တင်ပြစရိတ်မှာ များပြားလွန်းသဖြင့် လွှတ်တော်များ ဆိုင် ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီက စုံးစမ်း စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီဝင် ဖြစ်သူ ဆိပ်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်က ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ယင်းကိစ္စ ကိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအေးသာအောင်က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းအစည်းအဝေးအပြီးတွင် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ကလည်း ဟုတ်ရဲ့လား၊ ဘာနဲ့ သုတ်တာလည်း မေးတယ်။ သိန်းပေါင်း ၄၇၀၀ လေ။ သည်းမခံနိုင်တော့ဘူးလို့။ အဂတိ ဥပ ဒေလည်း ထွက်နေပြီဆိုပြီး ဆွေးနွေးတဲ့အခါ အဲဒီကိစ္စကို ကော်မတီဖွဲ့စစ်ဖို့ ဆိုပြီး ဖြစ်သွားတယ်။ အခု အဲဒါကို စစ်နေတယ်ပေါ့”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးအောင်သိုက်က ပြောသည်။
ယင်းစိစစ်မှုကို ဦးဆောင်သူ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကမူ ယခုကိစ္စကို မီဒီယာသို့ ပြောဆိုခွင့် ရှိ၊ မရှိ ၎င်းအနေဖြင့် မသိရှိဘဲ ဆုံးဖြတ်မည့်သူမှာလည်း လွှတ်တော်မှ လူကြီးများ ဖြစ်ကြောင်း၊ လက်ရှိတွင် စုံစမ်းစစ်ဆေးပြီးစီးသည့်အစီရင်
လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီ ဥက္ကဋ္ဌမှာ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယ ဥက္ကဋ္ဌ မှာ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ယင်းစုံစမ်းရေးကော်မတီက ပေါ်လစ်တင်ခြင်းကိစ္စကို စုံစမ်းစစ်ဆေးနေသည်မှာ မှန်သော်လည်း လွှတ်တော်တွင် တိုက်ရိုက်တာဝန်မရှိဘဲ လွှတ်တော် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လာရောက်ဆောင်ရွက်နေသည့် အိုးအိမ် ဦးစီးဌာနနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ပြည်သူ့လွှတ်တော်မှ သတင်းပြန်ကြားရေး အရာရှိ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
“အိမ်တော်နှင့် လွှတ်တော်ကို ထိန်းသိမ်းရတဲ့အဖွဲ့တခု ရှိပါတယ်။ အဲဒါကို ဒုညွှန်ချုပ် တယောက် ဦးဆောင်ပါတယ်။ သူက အိုးအိမ်ကပါ။ သူတို့ ရှင်းရမယ့်ကိစ္စတွေပါ။ ကျနော်တို့လွှတ်တော်နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး”ဟု ဦးကိုကိုနိုင်က ရှင်းပြသည်။
လွှတ်တော် လုပ်ငန်းများကို စိစစ်ရသည့် လွှတ်တော် အခွင့်အရေး ကော်မတီကမူ လွှတ်တော် ပြင်ဆင်စရိတ် များပြားသည်မှာ မှန်ကန်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းကတည်းကပင် ပြုလုပ်ခဲ့သည့် ကြမ်းခင်းဈေးများမှာ များပြားလွန်း၍ ကော်မတီမှာ ဈေးစစ်သည့် အလုပ်ကိုပါ ဝင်ရောက် ဆောင်ရွက်နေရကြောင်း ပြောသည်။
အမည်မဖော်လိုသူ ပြည်သူ့ လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီဝင်တဦးက “ပြင်ဆင်စရိတ်တွေက အရမ်းများတယ်။ ကျနော်တို့က ဘတ်ဂျက်ချထားပေးဖို့ လုပ်ငန်းတွေကို စိစစ်ရတဲ့အပြင် သူတို့ တင်ပြလာတဲ့ ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်တွေဟာ မှန်၊ မမှန်လည်း လိုက်စစ်ရတယ်။ ဥပမာ လွှတ်တော်မှာ အသံခ့ျဲစက်တွေ၊ ဆောင်းဘောက်တွေ၊ မိုက်တွေအစ ဈေးတွေက ကြီးနေတော့ အသေးစိတ်လိုက်စစ်ရတယ်။ အဲဒီအတွက် အချိန်ပိုပေးသင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
NLD အစိုးရ အာဏာရပြီး ၂၀၁၆ ခုနှစ် လွှတ်တော် စဖွင့်ချိန်တွင် လွှတ်တော်များ၏ လေအေးပေးစက် များဖွင့်ခြင်း၏ တနေ့တာ မီတာခ ကုန်ကျ စရိတ်မှာ သိန်း ၆၀၀ ကုန်ကျနေ၍ ယင်းစရိတ်သည့် အညာဒေသတွင် အခြေခံပညာကျောင်းကောင်းကောင်းတခု ဆောက်လုပ်နိုင်၍ ယင်းစရိတ် လျော့ချနိုင်ရန် ပြောဆိုခဲ့ဖူးကြောင်း ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်က ပြောသည်။
“လွှတ်တော်ဖွင့်ရင် တရက် သိန်း ၆၀၀၊ မဖွင့်ရင် သိန်း ၄၀၀ လောက်ကုန်တယ်။ အဲဒါကြောင့် အဲဒါတွေ လျော့ချခဲ့ရတယ်။ မလိုတဲ့ အဲကွန်းတွေ လိုက်ပိတ်ခိုင်းတယ်။ အခုလည်း အမျိုးသားလွှတ်တော်ဘက်မှာ သွားကြည့်။ ပေါ်လစ်တင် ဆေးသုတ်ထားတာ။ ဆေးတွေ ကွဲပြီး ကြည့်မကောင်းဘူး”ဟု ၎င်းက ပြောသည်။
ယခင်က ဓာတ်လှေကား၊ ရေသန့်၊ လျှပ်စစ်မီး၊ သန့်ရှင်းရေး အပါအဝင် လုပ်ငန်း ၉ မျိုးကို တင်ဒါခေါ်ရာ ဈေးနှုန်းများပြားခဲ့သော်လည်း ယခုနှစ် ဓာတ်လှေကား ထိန်းသိမ်းစရိတ်သည် ယခင်နှစ်က ၅ သန်း ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် ၎င်းတို့ ကော်မတီ၏ စိစစ်မှုကြောင့် ယခုနှစ်တွင် ၁.၉ သန်းသာ ကုန်ကျတော့ကြောင်း ဦးအောက်သိုက်က ပြောသည်။
“ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးခန်းရှေ့က တံခါးမကြီး တချပ်ကို ဆေးသုတ်တာ သိန်းရာဂဏန်း တောင်းတယ်လို့ ကျနော်ကြားတယ်”ဟု ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
သို့သော် လွှတ်တော် အရာရှိများကမူ လွှတ်တော် အသုံးစရိတ်များ ပိုလျှံပါက ပြန်အပ်ကြောင်း တုန့်ပြန်လေ့ရှိကြောင်း၊ ဘတ်ဂျက်စာ အုပ်တွင်လည်း အမှန်တကယ် ပြန်အပ်သည့် စရိတ်များ ရှိကြောင်း စုံစမ်း သိရှိရသည်။