ထီပေါက်သည်ကို မသိရှိ၍ ဆုငွေမထုတ်သူ များလာခြင်းကြောင့် ထီပေါက်သူများကို အောင်ဘာလေသိန်းဆုဌာနက ဆက်သွယ် အကြောင်းကြားပေးသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက လွှတ်တော်တွင် အကြံပြုပြောကြားလိုက်သည်။
နေပြည်တော် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ၆ လပတ် အခွန်ကောက်ခံ ရရှိမှုအခြေအနေအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက် အစီရင်ခံစာများနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ယင်းသို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
ဦးထိန်ဝင်း က “ထီဈေးနှုန်းကြီးမြင့်မှုရဲ့ဒဏ်၊ ထီပေါက်ရင် ပေါက်မှန်းမသိလို့ နစ်နာဆုံးရှုံးသွားရတဲ့ အဖြစ်မျိုးတွေကို နည်း နိုင်သမျှနည်းအောင် သက်ဆိုင်ရာ အောင်ဘာလေ ထီသိန်းဆုဌာနခွဲက တာဝန်ရှိသူတွေနဲ့ထိုက်သင့်တဲ့ ဝါယမစိုက် ထုတ်ပြီးတော့ ပြည်သူတွေ အတွက် စေတနာထားပြီး ကြိုးစားဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ပြောချင်ပါတယ်။ ထီပေါက်တဲ့ သူတွေကို ဌာနက လေးလေး စားစား အကြောင်းကြားပေးဖို့စီမံဆောင်ရွက်သင့်ပါတယ်” ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ ၆ လပတ် မီနီဘက်ဂျက်တွင် ထီဆုမဲ ၆၇၇၈၈ စောင် လာရောက် ထုတ်ယူခြင်းမပြုဟု ပါရှိသဖြင့် ပျှမ်းမျှ တလလျှင် ထီဆုမဲ ၁၁၂၉၈ စောင် ရှိပြီး ဆုမဲများ၏ ၁၀ ရာခိုင်နှုန်းကို လာရောက်ထုတ်ယူခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်ဘာလေထီပေါက်မဲများကို ရေဒီယို၊ သတင်းစာ၊ အောင်ဘာလေထီ Website တို့မှ ထုတ်ပြန်ပေးသော်လည်း ထီထိုးသူများသည် ထီပေါက်လျှင် ထီဆိုင်များက အကြောင်းကြားမည်ထင်၍ ထီမတိုက်ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထီဆုငွေများ လာရောက်ထုတ်ယူခြင်းမရှိ၍ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းယူနေပြီး ထီထိုးသူပြည်သူများနစ်နာနေကြောင်း ၎င်းက တင်ပြခဲ့သည်။
ဦးထိန်ဝင်း က “ထီလက်မှတ်တွေကို ၂ ကျပ်တန်ခေတ်ကလို လက်ခံဖြတ်ပိုင်းပါတဲ့ ပုံစံမျိုးပြောင်းလဲထုတ်ဝေဖို့ အကြံပြု လိုပါတယ်။ လက်ခံဖြတ်ပိုင်းမှာ အရင်ကလို နာမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရေးရပါတယ်။ လက်ခံဖြတ်ပိုင်း တွေကို ပြန်တောင်းကြည့်ပြီးတော့ ထီပေါက်တဲ့သူတွေကို ဌာနကနေပြီးတော့ လေးလေးစားစား ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် ပြည်သူတွေရဲ့ နစ်နာမှုကို ကုစားပေးပါလို့အကြံပြုတိုက်တွန်းပါတယ်” ဟု ပြောဆိုခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၏ ဆွေးနွေးအကြံပြုချက်နှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတဦးက လွှတ်တော်သို့ လာရောက်ရှင်းလင်းမည်ဖြစ်သည်။
၁၉၉၀ ခုနှစ်မတိုင်မီက အောင်ဘာလေ ထီကံစမ်းသူများအား ဖြတ်ပိုင်းဖြင့် အမည်နေရပ်လိပ်စာ တောင်းယူသော စနစ်ကို အကောင်အထည် ဖော်ခဲ့ဖူးသော်လည်း နိုင်ငံအစွန်အဖျားဒေသများမှ လိပ်စာဖြတ်ပိုင်းများကို ပြန်လည်မပို့နိုင်ခြင်းနှင့် ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့် ဖျက်သိမ်းခဲ့ရသည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က “နောက်ပိုင်း ဘာပြဿနာဖြစ်လဲဆိုတော့ နယ်စွန်နယ်ဖျားတွေက ဖြတ်ပိုင်းတွေက တလလည်း မရောက် နှစ်လလည်း မရောက် ဖြတ်ပိုင်းမလာ ဆိုတဲ့ ပြဿနာရှိခဲ့တယ်။ ဒါတွေကို စီစစ်ဖို့ ကုန်ကျစရိတ် အရမ်းများလာတယ်။ ဒါကြောင့် ဖြတ်ပိုင်းနဲ့ လုပ်တာကို ဖျက်သိမ်းလိုက်တာ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ထီတိုက်ရ လွယ်ကူအောင် ဆောင်ရွက်ပေးထားကြောင်း၊ ဆုငွေထုတ်ယူခြင်းမရှိ၍ ဘဏ္ဍာအဖြစ် သိမ်းယူလိုက်သည့် ငွေများကို ဆုငွေအဖြစ်ပြန်လည် ထည့်သွင်းပေးရန် စီစဉ်နေကြောင်းလည်း ၎င်းကဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ထီလက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ကျော်လွန် ရောင်းချနေခြင်းကို ထိန်းချုပ်ရန်နှင့် ထီလက်မှတ်ကို လှလှပပ ဖြစ်စေရန် အက္ခရာနံပါတ်များကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ရိုက်နှိပ်ထုတ်ဝေ သင့်ကြောင်းလည်း အကြံပြုခဲ့သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာ လေသိန်းဆုဌာနခွဲအနေဖြင့် လစဉ်ထီရောင်းရငွေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲများအဖြစ် ခွဲဝေပေးကာ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတေ်ာဘဏ္ဍာအဖြစ် ရယူသည်။
ထီပေါက်စဉ် ကြေညာပြီးချိန်မှ တစ်နှစ်အတွင်း လာရောက်မထုတ်ယူသော ထီဆုမဲများကိုလည်းလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – ထီဈေးတင်ရောင်းချနေမှု အရေးယူပေးရန် လွှတ်တော်အမတ်ပြော