ရခိုင်အရေး ဖြေရှင်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ နိုင်ငံတကာ အားကိုးနေမှုကို ကန့်ကွက်သည့် အနေဖြင့် “နိုင်ငံကို အစိုးရက အုပ်ချုပ်နေတာလား၊ နိုင်ငံတကာက အုပ်ချုပ်နေတာလား”ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကြီး မြင့်ချိုက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ တင်သွင်းသည့် ARSA တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်မြောက်ပိုင်း ကိစ္စရပ်များကို လွတ်လပ်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းရာတွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်တဦး ထည့်သွင်းဖွဲ့စည်းမည့်အရေးကို ကန့်ကွက်ကြောင်း အရေးကြီး အဆိုတခုကို တပ်မတော်က ထောက်ခံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အရေး အဖွဲ့ ဖြေရှင်းနိုင်မည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့ ၉ ခုအထိ ဖွဲ့စည်းထားပြီး ဖြစ်ရာ ယခု ထပ်မံ ဖွဲ့စည်းမည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင်လည်း နိုင်ငံတကာကို အားကိုးပြန်ရာ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံတခု၏ နိုင်ငံသား တဦး အနေဖြင့် မေးခွန်းထုတ်စရာများ ဖြစ်လာရကြောင်း ဗိုလ်မှူးကြီး မြင့်ချိုက ပြောသည်။
၎င်းက “အစိုးရကိုယ်တိုင် ဖွဲ့စည်းခဲ့တဲ့ ကိုဖီအာနန် ကော်မရှင် အပါအဝင် စုံစမ်း စစ်ဆေးရေး ကော်မရှင်တွေကို အစိုးရ ကိုယ်တိုင်က မ ယုံတာလား၊ ဒါမှ မဟုတ် မိမိနိုင်ငံသူ/နိုင်ငံသားတွေကို မယုံတာလား။ နိုင်ငံခြားသားကိုမှ အားကို ယုံကြည်တာလား”ဟု ပြည်သူ့ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။
ယနေ့ ဆွေးနွေးသည့် ရခိုင်မြောက်ပိုင်းအရေး အရေးကြီးအဆိုကို အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်နှင့် ရခိုင် အမျိုးသား ပါတီ (ANP) တို့မှ အမတ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး အာဏာရ NLD ပါတီမှ အမတ်များက အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ကြ ပြီးနောက် မဲခွဲဆုံးဖြတ်ရာ NLD လွှမ်းမိုးသည့် လွှတ်တော်တွင် ယင်းအရေးကြီးအဆိုမှာ ရှုံးနိမ့်သွားခဲရသည်။
အဆိုကို ဆွေးနွေးသူ ၂၁ ဦးတွင် တပ်မတော်သား ကိုယ်စားလှယ် ၆ ဦးစလုံးက အသစ် ထပ်မံ ဖွဲ့စည်းမည့် ကော်မရှင်တွင် နိုင်ငံတကာ ပုဂ္ဂိုလ်တဦး ထည့်သွင်းမည်ဆိုခြင်းကို လုံးဝ ကန့်ကွက်ကြပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာအတွက် စိုးရိမ်မိကြောင်း၊ မဖြစ်မနေ ဖွဲ့စည်းမည် ဆိုပါကလည်း နိုင်ငံသား ပညာရှင်များဖြင့်သာ ဖွဲ့စည်းရန် အကြံပြု ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။
ယခု အရေးကြီးအဆိုကို ဆွေးနွေးရမည့် ဇွန်လ ၈ ရက်နေ့က ကျင်းပမည့် ပြည်သူ့လွှတ်တော်ကို ရုတ်တရက် ရပ်နားလိုက်ပြီး ယင်းနေ့ သမ္မတအိမ်တော်တွင် ရခိုင်ပြည်နယ်အရေး အထူးအစည်းအဝေးတရပ်ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ခေါင်းဆောင်များကြား ပြုလုပ်ခဲ့ကြသေးသည်။
ယခုပြဿနာသည် အစိုးရနှင့် တပ်မတော်ကြား ရန်ဖြစ်နေရမည့် ပြဿနာမျိုး မဟုတ်ဘဲ နိုင်ငံအတွက် ရင်ဆိုင်ဖြေရှင်းရမည့် ပြဿ နာတခု ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ ရခိုင်အရေး စွပ်စွဲချက်များအပေါ် နိုင်ငံတကာ၏ သံသယ ဖြေရှင်းနိုင်ရေးဖြစ်၍ ဟန်ပြ စုံစမ်း စစ်ဆေးရေးသာ လုပ်ပြမည် ဆိုပါကလည်း နိုင်ငံတကာ ပစ်ကွင်းထဲသို့ ရောက်နေသည့် တပ်မတော်ကို ဆွဲထုတ်နိုင် မည် မဟုတ်သလို တိုင်းပြည်မှာ ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။
“အမှန်တော့ တပ်မတော်ကို တကယ်ကာကွယ်ချင်ရင် နိုင်ငံတကာရဲ့စွပ်စွဲချက်တွေကို အမှန်တကယ် ရှင်းနိုင်မယ့် သူ မသာ ကိုယ်မနာ နည်းကို လက်ခံရမယ်။ အခု အစိုးရကဖွဲ့ဖို့ ကြိုးစားနေတဲ့ ကော်မတီက ပြည်ပကတောင်းဆိုနေတဲ့ နိုင်ငံခြားသားတွေအများစုနဲ့ ဖွဲ့ထားတဲ့ UN fact finding mission မျိုးလည်းမဟုတ်ဘူး။
တယောက်ထဲထည့်ထားတာ။ ဒီအချိန်ဟာ အစိုးရအပေါ်ကို နိုင်ငံရေးအရ အမျိုး သားရေး တိုက်ကွက်ဖော်ရမယ့် အချိန်မဟုတ်ဘူး။ ဒီတိုင်းဆက်သွားရင် တပ်မတော်ရော တိုင်းပြည်ရော အားလုံးအတွက် မချောင်ဘူး”ဟု ၎င်းက သုံးသပ်သည်။
သို့သော် တပ်မတော်သား ကိုယ်စားလှယ်များ၏ လွှတ်တော်အတွင်း ဆွေးနွေးချက်များအရ ရခိုင်အရေး နိုင်ငံသားများ၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ အပြစ်ရှိ၊ မရှိကို နိုင်ငံတကာမှ လာရောက် ဆုံးဖြတ်ပေးခြင်းကို လက်မခံနိုင်ကြောင်း၊ နိုင်ငံခြားသားများ ဦးဆောင် စစ်ဆေးခြင်းသည် အချုပ်အခြာ အာဏာကို ထိခိုက်စေပြီး အစိုးရနှင့် လွှတ်တော်ကို ပြည်သူ၏ ယုံကြည်မှု ကျဆင်းစေကြောင်း ပြောဆိုကြသည်။
ယင်းအရေးကြီးအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့လည်း မညီဘူး၊ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိလာမယ်ဆိုရင် တပ်မတော်က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေရော၊ တို့တာဝန် အရေး (၃) ပါးကိုရော ကာကွယ်ရမယ့် အဖွဲ့ဖြစ်တဲ့အတွက် ထိပ်တိုက်တွေ့မှာပဲ”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
ယင်းကိစ္စ အစိုးရကိုယ်စား လာရောက်ရှင်းလင်းသူ အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်က ရခိုင်အရေးကို အကြောင်းပြုပြီး ကုလ လုံခြုံရေးကောင်စီမှ တဆင့် မြန်မာနိုင်ငံကို ICC သို့ တင်၍ စုံစမ်း စစ်ဆေးမှုများ မခံရစေရန် အလေးအနက်ထား စဉ်းစား သုံးသပ်ခဲ့ရ ကြောင်း၊ ယခု အချိန်တွင် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် မည်မျှ အန္တရာယ် ကြီးမားသည်ဆိုသည်ကို အရှိအတိုင်း နားလည်ရန် လိုကြောင်း လွှတ်တော်တွင် ပြန်လည် ချေပခဲ့သည်။
“ဒီလို အခြေအနေ အရပ်ရပ်နဲ့ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို ဘက်ပေါင်းစုံကနေ ကြိုတင် ဆင်ခြင် သုံးသပ်ပြီး အကောင်းဆုံး ဖြစ် နိုင်မယ့် နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် အစိုးရက ဖွဲ့စည်းခဲ့သည့် ရခိုင်အရေး စုံးစမ်းရေး အဖွဲ့များကို နိုင်ငံတကာမှ ယုံကြည်လက်ခံနိုင်မှု နည်းပါးခဲ့ကြောင်း၊ ထို့ပြင် ကု လ သမဂ္ဂ၏ Fact Finding Mission ကို လက်မခံကြောင်း မြန်မာ အစိုးရက ပြောဆိုနေချိန်တွင် ပေါ်ပေါက်လာသည့် အင်ဒင် ပြသနာ ကြောင့် နိုင်ငံတကာ ယုံကြည်မှု ပိုနည်းသွားခဲ့ရကြောင်း အတိုင်ပင်ခံရုံး ဒုဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။