ကြံ့ခိုင်ရေး အစိုးရလက်ထက်တွင် သမ္မတ တာဝန်ယူခဲ့သူ ဦးသိန်းစိန်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေး ကောင်စီ (နအဖ) ဥက္ကဋ္ဌ ပုံစံ ဆောင်ရွက်ခဲ့မှုများကို လွှတ်တော်က လက်မခံသဖြင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ ရကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်းက ပြောသည်။
ဇွန်လ ၁၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ကာလ အတွင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့နုတ်ထွက်ခြင်း ဆိုင်ရာ လေ့လာတွေ့ရှိချက် စာအုပ် မိတ်ဆက် ပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယခင် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွေသည် ယခု နိုင်ငံတော် သမ္မတ ရာထူးနှင့် အတူတူပင် ဖြစ်ကြောင်း ၎င်း လက်မှတ်ရေးထိုး ထုတ်ပြန်သည့်အခါ ဥပဒေဖြစ်သွားပြီး ယင်းဥပဒေတိုင်းကို အစိုးရအဖွဲ့က လိုက်နာ ဆောင်ရွက် ရကြောင်း၊ သို့သော် သမ္မတ ဦးသိန်းစိန် ခေတ်တွင် ထိုသို့ လိုက်လုပ်၍ မရတော့ကြောင်းလည်း သူရ ဦးရွှေမန်းက ရှင်းပြ သည်။
“ဒါကြောင့် ခေတ်တွေ ပြောင်းလာတဲ့အခါမှာ နိုင်ငံတော် သမ္မတသည် နအဖ ဥက္ကဌကဲ့သို့ သဘောထားပြီးတော့ ဆောင် ရွက်တဲ့အခါမှာ ကျနော်နဲ့ လွှတ်တော် ကိုယ်စားလှယ်များက ဒါကို လက်မခံပါဘူး။ အဲဒီအခါမှာ သူလိုချင်တဲ့ ဥပဒေတွေ ကို ပြုခိုင်းတာမျိုးတို့၊ သူဖြစ်ချင်တာတွေကို လွှတ်တော်က ဆောင်ရွက်ပေးဖို့ ဆိုတဲ့အခါမှာ ကျနော်တို့ လွှတ်တော်က ဒါကို မလုပ်ပေးနိုင်တဲ့ အတွက် ခုနက မေးခွန်းအရ သဘောထားကွဲလွဲတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်းက ပြောသည်။
ဒီမိုကရေစီခေတ်၌ လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်းနှင့် အပြန်အလှန် ထိန်းကျောင်း ခြင်းတို့ပင် ဖြစ်ပြီး နအဖ ခေတ်တွင် ရှေ့နေချုပ်ရုံးက ပြုစုပေးသည့် ဥပဒေကို လူကြီးပိုင်း အနည်းငယ်က ထိုင်အစည်းအဝေးလုပ်၍ အနည်းငယ် ပြုပြင်ပြီးနောက် ပြီးသွားရကြောင်း၊ ပြည်သူ့ဆန္ဒ ကင်းလွတ်သွားသည်မှာ လည်း အမှန်ပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုစဉ်က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီအတွင်း သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့ကြား အားပြိုင်မှု၏ နောက်ဆုံးတိုက်ပွဲသည် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်၌ ပါတီ ဥက္ကဋ္ဌမှ သူရ ဦးရွှေမန်း ဆင်းပေးလိုက်ရပြီးနောက် အပြီးသတ် သွားခဲ့ရသည်။
ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးရွှေမန်းနှင့် ၎င်းနှင့် နီးစပ်သူ ခေါင်းဆောင်တချို့ကို သာမန် ဗဟို ကော် မတီ အဆင့်သို့ လျှော့ချလိုက်ပြီး ဥက္ကဋ္ဌ ရာထူးနှင့် ပါတီဥက္ကဋ္ဌ သစ်အဖြစ် ပါတီ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးကို ပူးတွဲ ခန့်အပ် ခြင်း၊ အဖွဲ့ဝင် ၅၃ ဦး ပါဝင်သည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းခြင်းများကို ကြံ့ခိုင်ရေး ပါတီ က ချက်ချင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးရွှေမန်းသည် ပါတီက အနားပေးခံရသည် ဟု ထင်မြင်စိတ်ကြောင့် ပြီးခဲ့သည့် ၆ လခန့်က လက်ရှိ ကြံ့ခိုင် ရေး ပါတီ ဥက္ကဌထံသို့ လိပ်မူ၍ နုတ်ထွက် စာတင်ခဲ့ရာ ပါတီမှ အနားပေးထားပြီး ဖြစ်၍ ပါတီတွင် မရှိတော့ကြောင်း ပြန်ကြားခဲ့သည် ဟု သိရသည်။
“ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် ၃ ဦး နုတ်ထွက်စာတင်လိုက်တယ်။ ဟို ၃ ယောက်စလုံးကို နုတ်ထွက်စာ ပြန်ပါတယ်။ ကျနော် တယောက်တည်းကျမှ ပါတီက အဲဒီအချိန်မှာ အနားပေးပြီး ဖြစ်တဲ့အတွက် ပါတီမှာ မရှိတော့ပါဘူးလို့ အကြောင်း ပြန်ပါတယ်။ ကျနော်က ဒါကို တိတိကျကျ လိုချင်တာ။ အနားပေးတယ် ဆိုတော့ အဲဒီပါတီမှာ ရှိနေနိုင် သေး တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ”ဟု ဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် ပြောသည်။
ထို့ပြင် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းခဲ့ခြင်းသည်လည်း တိုင်းပြည်အကျိုးအတွက် ဖြစ်ပြီး ၎င်း တာဝန် ယူစဉ် ကာလက ကြံ့ခိုင်ရေးပါတီ အနိုင်ရမည် ထင်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ် ကြောင်း၊ ယခု ၎င်းတာဝန်ယူထားသည့် ကော်မရှင်တွင်လည်း ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာသာ ကြည့်၍ ဆောင်ရွက်နေကြောင်း ပြောဆိုသည်။
“ကျနော်နိုင်ရင် အစ်မ (ဒေါ်အောင်ဆန်းစုကြည်) က ထိုက်တန်တဲ့ နေရာက ကူပါ။ အစ်မနိုင်ရင် အစ်မ သဘောလို့ ပြောခဲ့တာ သာကူးလည်း မဟုတ်ဘူး။ တချို့က ခြံခုန်တယ်။ ခြံခုန်တယ်ဆိုတာ နွားတွေကို ပြောတာ။ ကျနော်တို့ကို ဒီလောက် အထိ ပြောပါတယ်”ဟု ဦးရွှေမန်းက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူက ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသော်လည်း ပြည်သူက ပို့၍ လွှတ်တော် ဥက္ကဌ အဖြစ် ဆောင်ရွက်ရခြင်း မဟုတ်ကြောင်း၊ အထက်အဖွဲ့အစည်းတခုက တာဝန်ပေး၍ ဆောင်ရွက် ရခြင်းဖြစ်သလို ငြင်းပိုင်ခွင့်လည်း မရှိကြောင်း ပေးသည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်သာ ရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ် အထိ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကြည်း၊ ရေ၊ လေ ညှိနှှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ဇေယျသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာကြောင်း သိရသည်။
ယခုအခါ ၎င်းသည် နေပြည်တော်တွင် နေထိုင်လျက်ရှိပြီး ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ တာဝန် ထမ်း ဆောင် လျက်ရှိသကဲ့သို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန် နီးကပ်သည့် ဆက်ဆံရေးတခု ထူထောင် ထားနိုင်ခဲ့သည်ဟု ဆိုသည်။