စစ်အုပ်ချုပ်ရေးကာလတုန်းက“ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်” ဆိုတဲ့ တပ်မတော်ရဲ့ဆောင်ပုဒ်တခု ကို မကြာခဏကြားခဲ့ဖူးပါတယ်။ ဒီမိုကရေစီခရီးကြမ်းကြီး ရှည်ကြာလာတာနဲ့အမျှ လူအတော်များများရဲ့ စိတ်ထဲမှာ တပ်မတော် ဆန္ဒမရှိသရွေ့ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ဖို့လွယ်မှာမဟုတ်ဘူးလို့ တဖြည်းဖြည်း မြင်လာခဲ့ပါတယ်။
အာဏာရှင်လက်အောက်မှာ ကျရောက်နေသရွေ့ အာဏာရှင် ဖွင့်ဆိုတဲ့ စည်းလုံးညီညွတ်မှုရဲ့ အဓိပ္ပါယ်ဟာ “တသွေးတသံတမိန့်” အောက်မှာပဲ ရှိနေတတ်တာ အံ့အားသင့်စရာမဟုတ်ပါဘူး။ ဒါပေမယ့် အာဏာရှင်ကနေ အရပ်သားအစိုးရအဖြစ် (အပေါ်ယံဟန်ဆောင် ပြောင်းလဲတာမျိုးပဲဖြစ်ဖြစ်) ပြောင်းလဲလာတဲ့အခါမှာတော့ အရင်ဆုံး ရင်ဆိုင်ရတာက မတူကွဲပြားတဲ့ အသွေးအရောင်တွေ၊ အသံတွေ၊ လိုလားချက်တွေပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် လောလောလတ်လတ် ထွက်ရှိထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ရဲ့ စာအုပ်နှစ်အုပ်ကို ယှဉ်ကြည့်မယ်ဆိုရင်ပဲ မတူကွဲပြားတဲ့ အသံနှစ်သံ၊ အယူအဆနှစ်ရပ် ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ တပ်မတော်သားဟောင်းတွေ ဖြစ်ကြပေမယ့်လည်း “တသွေးတသံတမိန့်” ဆိုတဲ့ တပ်မတော်ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်လာနိုင်ခဲ့ပြီဆိုတာကို တွေ့ရတာဟာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပါတယ်။
စစ်သားဟောင်းနှစ်ယောက်အကြား ကွဲပြားမှုတွေပေါ်ပေါက်လာအောင် လှုံ့ဆော်တဲ့ အဓိကအကြောင်းအရာကတော့ “အာဏာနိုင်ငံရေး” ပဲဖြစ်မယ်လို့ ယူဆရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရရွှေမန်းကတော့ ဒါကို “လောဘ၊ ဒေါသ၊ မောဟ၊ မာန များကြောင့်” ဖြစ်ရတယ်လို့ ၂၀၁၈ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” စာအုပ်မှာ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် ကတော့ အာဏာနိုင်ငံရေးဆိုတာကို “သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ကြားက အားပြိုင်မှု” အဖြစ်နဲ့ ရေးခဲ့ပါတယ်။ ဦးရဲထွဋ်ဟာ သူ့စာအုပ်ခေါင်းစဉ်ကို “မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆုံးရှုံးခဲ့ရတဲ့ အခွင့်အလမ်းများ” လို့ အမည်ပေးထားပါတယ်။
ဦးရဲထွဋ်စာအုပ်ရဲ့ အဓိကသော့ချက်ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ချမှတ်ခဲ့တဲ့ နိုင်ငံရေးစနစ်နဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ အကောင်အထည်ဖေါ်မှုတွေကြောင့် “သွေးမြေမကျတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု” ကို ၂၀၁၀ ခုနှစ်မှာ လုပ်နိုင်ခဲ့တယ်လို့ အမှတ်ယူ ရေးသားထားတာပါပဲ။ ဒါပေမယ့် ဘာကြောင့် ဒီလိုလုပ်နိုင်ခဲ့တာလဲ ဆိုတဲ့အဖြေကိုလည်း သူ့စာအုပ်ထဲမှာပဲ ရှာတွေ့နိုင်ပါတယ်။
နဝတအစိုးရက NLD တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဘာကြောင့်လျစ်လျူရှုခဲ့ရသလဲ ဆိုတာနဲ့ပတ်သက်ပြီး စာအုပ်တနေရာမှာ ဦးရဲထွဋ် ရှင်းပြထားတာက ဗိုလ်ချုပ်ကြီးသန်းရွှေက “တပ်မတော်ရဲ့ နိုင်ငံတော် တည်ဆောက်ရေး အယူအဆနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အရပ်သားအစိုးရ တရပ်” ကို ဖေါ်ဆောင်နိုင်မယ့် နိုင်ငံရေးအဆောက်အအုံတခု တည်ဆောက်ချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လည်း “အခြေခံဥပဒေအသစ် ရေးဆွဲရာမှာ နဝတအစိုးရကသာလျှင် ဦးဆောင်ရမယ်။ နဝတအစိုးရကသာ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ပဲ့ကိုင်ရမယ်” လို့ ဦးသန်းရွှေက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်မို့လည်း ၂၀၁၀ မှာ “သွေးမြေမကျတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု” တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဦးရဲထွဋ် ပြောနိုင်ခဲ့တာဟာ အဆန်းတကြယ် မဟုတ်လှပါဘူး။
၂၀၀၈ အခြေခံဥပဒေမှာ အဓိက အခက်အခဲဖြစ်နေတဲ့ အချက်၂ ချက်ဖြစ်တဲ့ အရေးပါတဲ့ ဝန်ကြီးဋ္ဌာနတွေ (ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ) ကို တပ်မတော်က ထိန်းချုပ်ဖို့ နဲ့ အခြေခံဥပဒေပြင်ဆင်ရာမှာ တပ်မတော်ရဲ့ သဘောတူညီမှုမပါဝင်ပဲနဲ့ ပြင်ဆင်လို့မရနိုင်အောင် ကန့်သတ်ထားဖို့ စတဲ့အချက်တွေဟာ ဦးသန်းရွှေရဲ့ အကြံဉာဏ်တွေပဲဖြစ်တယ်ဆိုတာကို ဦးရဲထွဋ်စာအုပ်မှာ ဖတ်ရှုရပါတယ်။
ဦးရွှေမန်းနဲ့ ဦးရဲထွဋ်ရဲ့စာအုပ်တွေမှာ အဓိကဗန်းတင်ပြီး ရေးထားတာက တပ်မတော်ရဲ့အရေးပါတဲ့အခန်းကဏ္ဍနဲ့ မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှာ ပါဝင်ခဲ့တဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ပါဝင်ပတ်သက်မှုတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် လူထုအုံကြွမှုတွေကို တပ်မတော်က အကြမ်းဖက်နှိမ်နင်းခဲ့တာတွေ၊ ရာချီတဲ့လူအုပ်ကို ပစ်သတ်ခဲ့တာတွေ၊ စစ်ထောက်လှမ်းရေးတွေက နိုင်ငံရေးသမားတွေကို မတရားထောင်ချတာတွေ၊ စစ်ကြောရေးစခန်းတွေမှာ ညှင်းပမ်းနှိပ်စက်တာတွေကို ထည့်ရေးထားတာ မတွေ့ရပါဘူး။
သူတို့စာအုပ်တွေမှာ တပ်မတော်ရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ကြိုးစားထားတာနဲ့ ကိုယ်ရည်သွေးထားတာတွေကိုပဲ အများဆုံး တွေ့ရပါတယ်။ ဘယ်လိုပဲကြိုးစားရေးသားထားသည်ဖြစ်စေ အာဏာရှင်အစိုးရတရပ်ရဲ့ အမူအကျင့်တွေ၊ လုပ်ရပ်တွေကို ဝန်မခံပဲနဲ့တော့ ဒီလိုမျိုး ပုံရိပ်တည်ဆောက်မှုတွေ လုပ်လို့မရနိုင်ပါဘူး။
ဦးရွှေမန်းကတော့ “နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်တဲ့သူတွေဟာ ပြည်သူများဖြစ်တဲ့အတွက် အချုပ်အခြာအာဏာကို မည်သူက မည်သည့်အခြေအနေကြောင့် ရယူခဲ့သည်ဖြစ်စေ ပြည်သူများကိုသာ ပြန်လည်ပေးအပ်ရမှာဖြစ်တယ်” လို့ သူ့စာအုပ်မှာ ရေးခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ သူတို့စာအုပ်တွေမှာ အတိတ်က စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ အရေးကြီး အထောက်အထားတွေပါဝင်နေတာကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေလို့ ဆိုရမှာပါပဲ။
တပ်မတော်နဲ့ အခြေခံဥပဒေ
ဦးရဲထွဋ်ရဲ့ စာအုပ်ဟာ ၂၀၁၀ နဲ့ ၂၀၁၆ ကြားက အခြေအနေတွေကိုပဲ အဓိကထား ရေးသားထားပေမယ့် အခြေခံဥပဒေရေးဆွဲရာမှာ တပ်မတော်က ဦးဆောင်ပါဝင်လာခဲ့တဲ့ နောက်ကြောင်းရာဇဝင်ကိုတော့ ချန်လှပ်ထားခဲ့လို့ မရပါဘူး။
၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ အတွင်းရေးမှုး (၁) ဗိုလ်ချုပ်ခင်ညွန့်တို့က ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးမယ်လို့ လူသိရှင်ကြား ကတိကဝတ်ပြုခဲ့ဖူးပါတယ်။
ဦးစောမောင်ပြောခဲ့တဲ့ “တပ်မတော်က အခြေခံဥပဒေအသစ် ရေးဆွဲမှာမဟုတ်ဘူး။ နဝတအစိုးရကလည်း ဆွဲမှာမဟုတ်ဘူး။ ရွေးကောက်ခံအမတ်တွေကပဲ ဆွဲရမှာ”ဆိုတဲ့ စကားကို ဦးရဲထွဋ်စာအုပ်မှာ ကိုးကားထားတာ တွေ့ရပါတယ်။ နဝတအစိုးရရဲ့ ရည်ရွယ်ချက်အစစ်အမှန်က အခြေခံဥပဒေအသစ်တရပ် ရေးဆွဲမပြီးမချင်း အာဏာကို ထိန်းသိမ်းထားဖို့ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။
နဝတအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီက ထုတ်ပယ်ဖို့ တောင်းဆိုခဲ့တာ၊ တကယ်လို့ မထုတ်ပယ်ခဲ့ဘူးဆိုရင် ပါတီကို ဖျက်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ၊ တချိန်တည်းမှာပဲ ပါတီခေါင်းဆောင် ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးထားတာ၊ ပါတီဆက်ပြီး ရပ်တည်နိုင်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ပါတီဝင်တွေ လွတ်မြောက်လာဖို့ ယာယီဥက္ကဋ္ဌဦးအောင်ရွှေဦးဆောင်တဲ့ ပါတီဗဟိုကော်မတီဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ပယ်ခဲ့ပြီး နဝတစီစဉ်တဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံကို တက်ရောက်ဖို့နဲ့ အခြေခံဥပဒေအသစ်ရေးဆွဲရာမှာ ပါဝင်ဖို့ သဘောတူညီခဲ့ရတာ စတဲ့ စစ်အာဏာရှင်ဟောင်းရဲ့ တရားမဲ့လုပ်ရပ်တွေကို ဦးရဲထွဋ်ရဲ့စာအုပ်မှာ အသေးစိတ် မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။
အခြေခံဥပဒေရေးဆွဲရာမှာပါဝင်ခဲ့တဲ့ နဝတရဲ့ အခြေခံမူခြောက်ချက်ထဲက တချက်ဟာ “အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့” ဖြစ်တယ်ဆိုတာကို ဦးရဲထွဋ်ရဲ့စာအုပ်မှာ ဖတ်ရှုရပါတယ်။
တပ်မတော်နဲ့ ကြံ့ခိုင်ရေး
အမျိုးသားညီလာခံကိစ္စပြီးသွားတဲ့အခါမှာ နဝတရဲ့ နောက်ခြေလှမ်းတလှမ်းက အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ NLD ကို ချိနဲ့အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဦးသန်းရွှေဟာ ကြံ့ခိုင်ရေးအဖွဲ့အစည်းကို “တပ်မတော်နဲ့ လက်တွဲထားတဲ့ အမျိုးသားတပ်ဦး” အဖြစ်နဲ့ ၁၉၉၃ ခုမှာ ဖွဲ့စည်းခဲ့တယ်လို့ ဦးရဲထွဋ်စာအုပ်မှာ ဖတ်ရှုရပါတယ်။ စဖွဲ့စည်းစဉ်တုန်းက အရပ်ဖက်အဖွဲ့အစည်းတစ်ခုအသွင်နဲ့ ဖွဲ့စည်းခဲ့ပေမယ့် ကြံ့ခိုင်ရေးအဖွဲ့ကို စစ်တပ်တခုလို ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ခဲ့တယ်။ “အများစုဟာ အခွင့်အရေးရလိုမှု (သို့မဟုတ်) အကြောက်တရားကြောင့် အဖွဲ့ဝင်တွေဖြစ်လာကြတယ်” လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ဦးသန်းရွှေဟာ သူအယုံကြည်ရဆုံး ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ (အားလုံးဟာလည်း စစ်ဗိုလ်ချုပ်ကြီးတွေ) ကို ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်တွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။ “သူတို့ရဲ့ အဓိက တာဝန်တွေက ကြံ့ခိုင်ရေးရဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ဖို့၊ ကြီးကြပ်ဖို့၊ အတိုက်အခံအင်အားစု အထူးသဖြင့် NLD ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့နဲ့ တန်ပြန်လှုပ်ရှားဖို့၊ သံဃာ့အဖွဲ့အစည်းတွေက ဘုန်းတော်ကြီးတွေ အပါအဝင် ဘာသာရေးနဲ့ အရပ်ဖက် လှုမှုရေးအဖွဲ့အစည်းတွေကို စည်းရုံးသိမ်းသွင်းဖို့နဲ့ အစိုးရရဲ့မူဝါဒတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ စတာတွေဖြစ်တယ်” လို့ ဦးရဲထွဋ်က ရေးထားပါတယ်။
ကြံ့ခိုင်ရေးအဖွဲ့ဟာ “မြန်ဂုဏ်မြင့်ကုမ္ပဏီ” လို အဖွဲ့ပိုင် စီးပွါးရေးလုပ်ငန်းကြီးတွေ တည်ထောင်လာတာ၊ ဝန်ကြီးချုပ်ဗိုလ်ချုပ်စိုးဝင်းက ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဦးအောင်သောင်းက အတွင်းရေးမှုးအဖြစ်နဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဦးဆောင်ဖို့ ကော်မတီတရပ် ဖွဲ့စည်းခဲ့တာ၊ ဝန်ကြီးတွေက သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ လုပ်ပိုင်ခွင့်တွေသုံးပြီး လုပ်ငန်းလိုင်စင်တွေချပေးတာမျိုးနဲ့ အဖွဲ့အစည်းရံပုံငွေတွေရှာခဲ့တာ စတဲ့ နိုင်ငံရေးအာဏာကို အလွဲသုံးစားလုပ်ပြီး နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ခဲ့တာတွေကြောင့် အဖွဲ့ဝင်တွေကြား အကျင့်ပျက်ခြစားမှုတွေရှိလာပြီး ကြံ့ခိုင်ရေးအဖွဲ့ရဲ့ ပုံရိပ် ကျဆင်းလာခဲ့တယ်ဆိုတာကို ဦးရဲထွဋ်က သူ့စာအုပ်မှာ ပွင့်ပွင့်လင်းလင်း ထောက်ပြထားပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးက ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ၊ အစိုးရဋ္ဌာနတွေဟာ ကြံ့ခိုင်ရေးအဖွဲ့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ထောက်ပံ့ဖို့ မြန်ဂုဏ်မြင့်ကုမ္ပဏီမှာ အစုရှယ်ယာဝင်ခဲ့ကြပါတယ်။ မြန်ဂုဏ်မြင့်ကုမ္ပဏီဟာ ၂၀၀၁ ခုနှစ် တနှစ်ထဲမှာပဲ ကြံ့ခိုင်ရေးဋ္ဌာနချုပ်နဲ့ အနယ်နယ် အရပ်ရပ်က ဋ္ဌာနခွဲအသီးသီးက အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ အစိုးရကုန်သွယ်ရေးဋ္ဌာနနဲ့ သွင်းကုန်ထုတ်ကုန်အင်တာပရိုက်(စ) အပါအဝင် တပ်မတော်စစ်တိုင်းအသီးသီးက စစ်ဖက်အရာရှိတွေဆီက စုစုပေါင်း ရင်းနှီးမြုပ်နှံငွေပေါင်း ကျပ် ၃၂၇သန်းကျော် ရရှိခဲ့တယ်။ မြန်ဂုဏ်မြင့်ကုမ္ပဏီဟာ ကြံ့ခိုင်ရေးအဖွဲ့ဝင် ဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးကို ထောက်ပံ့ဖို့ ကျပ် ၁၀ ဘီလျံကျော်နဲ့ အမေရိကန်ဒေါ်လာ လေးသိန်းကျော်ကို ဒေသတွင်းဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ သုံးစွဲခဲ့တယ်လို့ ကြံ့ခိုင်ရေးအဖွဲ့ရဲ့ အစည်းအဝေး မှတ်တမ်းတွေ၊ ၂၀၀၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွေကို ကိုးကားပြီး ရေးသားထားတာကို ဦးရဲထွဋ်စာအုပ်မှာ ဖတ်ရပါတယ်။
ဦးရဲထွဋ်စာအုပ်မှာ အမည်မဖေါ်လိုတဲ့ အင်တာဗျူးတွေကို နံပါတ်စဉ်နဲ့ ဖေါ်ပြထားပါတယ်။ အင်တာဗျူးနံပါတ် ၀၆၉ ကို ကိုးကားပြီး “ကြံ့ခိုင်ရေးကို တချိန်ချိန်မှာ နိုင်ငံရေးပါတီတခုအဖြစ် အသွင်ပြောင်းဖို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဦးသန်းရွှေက ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်တွေနဲ့ စကားပြောတဲ့အခါတိုင်း ကြံ့ခိုင်ရေးအဖွဲ့ကို ‘ပါတီ’ လို့ သုံးနှုန်း ပြောဆိုခဲ့တယ်” လို့ရေးသားထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ငါးလအလိုမှာတော့ ကြံ့ခိုင်ရေးအဖွဲ့ကို နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ မှတ်ပုံတင်ခဲ့ပါတယ်။
အမှန်တရားဖြစ်လာတဲ့ ကောက်ချက်များ
စစ်အုပ်ချုပ်ရေးကာလမှာတုန်းက နိုင်ငံရေးမိုးလေဝသကို သုံးသပ်မယ်ဆိုရင် အာဏာသိမ်းအစိုးရက ထုတ်ပြန်တဲ့သတင်းတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေကို စောင့်ကြည့်ရတယ်၊ ဗိုလ်ချုပ်ခင်ညွန့်လို တပ်မတော်ခေါင်းဆောင်တွေပြောတဲ့ မိန့်ခွန်းတွေ နားထောင်ရတယ်၊ (သိပ်ယုံကြည် စိတ်ချရလောက်ဖွယ်မဟုတ်ပေမယ့်) အတွင်းလူတယောက်ယောက်က ဖေါက်သည်ချတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို စူးစမ်းရတယ်။ ဒီကနေ့ ဦးရွှေမန်းနဲ့ ဦးရဲထွဋ်ရဲ့ စာအုပ်တွေကို ဖတ်မိတဲ့အခါမှာတော့ အဲဒီတုန်းက ကောက်ချက် တချို့ဟာ တကယ်ပဲ မှန်ကန်ခဲ့တယ်ဆိုတာကို သိလာရပါတယ်။
တကယ်တော့ တနိုင်ငံလုံးက ပြည်သူတွေဟာ နိုင်ငံရေး အကဲခတ်ကောင်းတွေ ဖြစ်ခဲ့ကြပုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဖက်ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှု တွေဟာ နိုင်ငံတကာကို ပြဖို့လုပ်တဲ့ ဦးသန်းရွှေရဲ့ လုပ်ပွဲသက်သက်ပါပဲလို့ အတော်များများက ကောက်ချက်ချခဲ့ဖူးပါတယ်။
အဲဒီကောက်ချက်တွေဟာ မမှားဘူးဆိုတာကို ဦးရဲထွဋ်စာအုပ်က သက်သေခံခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်သံဃာ့အုံကြွမှု အပြီးမှာ ဦးသန်းရွှေဟာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ရေး တာဝန်ခံအဖြစ် စေလွှတ်ခဲ့တဲ့အတွက် သူတို့နှစ်ဦးဟာ ၂၀၀၇ နဲ့ ၂၀၁၁ ကြားမှာ ကိုးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။ (ဦးအောင်ကြည်ဟာ လက်ရှိ NLDအစိုးရလက်ထက်မှာ အဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေပါတယ်။)
“ဒီတွေ့ဆုံမှုရဲ့ အဓိကရည်ရွယ်ချက်က စက်တင်ဘာ ရွှေဝါရောင် သံဃာ့အုံကြွမှုလို့ခေါ်တဲ့ လှုပ်ရှားမှုကို စစ်တပ်က နှိမ်နင်းခဲ့လို့ ကျရောက်လာတဲ့ နိုင်ငံတကာဖိအားတွေကို လျော့ချဖို့ အချိန်ဝယ်တာသက်သက်ပဲ ဖြစ်တယ်ဆိုတာကို ဦးအောင်ကြည်က ရှင်းရှင်းလင်းလင်း နားလည်ထားပြီးဖြစ်တယ်” လို့ ဦးရဲထွဋ်က ရေးထားပါတယ်။
ဦးသန်းရွှေဟာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ မလာခင် တပတ်အလိုမှာ ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စေခဲ့တယ်။ “ဘာသဘောတူညီချက်မှ ရစရာမလိုဘူး၊ တွေ့ဆုံရုံသက်သက်ပဲဖြစ်တယ်လို့ ဦးသန်းရွှေက ဦးအောင်ကြည်ကို တိတိကျကျ ညွှန်ကြားခဲ့တယ်” လို့ ဦးရဲထွဋ်စာအုပ်မှာ ဖတ်ရပါတယ်။
အဲဒီအချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု” ဆိုတာကို ဦးသန်းရွှေနဲ့ နအဖစစ်ခေါင်းဆောင်တွေက ဘယ်လို ကစားခဲ့တယ်ဆိုတာကို ဦးရဲထွဋ်စာအုပ်မှာ အသေးစိတ် ဖေါ်ပြထားပါတယ်။
“တွေ့ဆုံဆွေးနွေးဖို့ ဘာအချိန်ဇယားမှ မရှိခဲ့ဘူး။ ဦးသန်းရွှေနဲ့ နအဖခေါင်းဆောင်တွေက နိုင်ငံတကာဖိအားတွေကို လျော့ချဖို့ အဲဒီတွေ့ဆုံမှုတွေကို လိုသလို အသုံးချပြီး ကစားခဲ့ကြတာပါပဲ။ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဘာတိုးတက်မှုတွေ ဖြစ်ပေါ်လာသလဲလို့ နိုင်ငံတကာက မေးလာတိုင်း အတူပူးပေါင်းလုပ်ဆောင်ကြဖို့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ယောက် တွေ့ဆုံဆွေးနွေးပြီး နည်းလမ်းရှာနေတယ်လို့ပဲ အဖြေပေးခဲ့တယ်”
ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း အလားတူ ကစားနည်းမျိုးကိုပဲသုံးပြီး တိကျတဲ့ နိုင်ငံရေးသဘောတူညီမှုတွေ ချမှတ်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ကိစ္စကို ရှောင်လွှဲခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကြားကဆက်ဆံရေးကို “သူကလည်း ကျွန်တော့်အပေါ် အလေးထားပုံရသည်။ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသကဲ့သို့ ငြင်းခုံရသည်လည်းရှိသည်။ သူကြိုးပမ်းအားထုတ်နေသည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး (သို့မဟုတ်) ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လိုခြင်းဖြစ်သည်” လို့ ဦးရွှေမန်းက သုံးသပ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းပြီး သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံခွင့်ရဖို့ ကြိုးစားသလို၊ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကြိုးစားခဲ့တဲ့ နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင်နဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး ကြိုးပမ်းမှုတွေအားလုံး သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။
ဘယ်သူ့အခွင့်အလမ်းတွေ ဆုံးရှုံးတာလဲ
ဦးရဲထွဋ်စာအုပ်မှာ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားက သမ္မတနေရာ ရယူလိုမှုအပေါ် မူတည်ပြီးဖြစ်ခဲ့တဲ့ အာဏာနိုင်ငံရေးအကြောင်း အသေးစိတ်ရေးသားခဲ့ပါတယ်။ ဦးသိန်းစိန်ကို သမ္မတအဖြစ် တင်သွင်းဖို့ ဆုံးဖြတ်ချက်ကို ဦးသန်းရွှေက ချမှတ်ခဲ့တာဖြစ်တယ်။ ဦးရွှေမန်းကို ဦးသန်းရွှေတို့ ဦးမောင်အေးတို့နဲ့အတူတူ တာဝန်က အငြိမ်းစားယူခိုင်းဖို့ စဉ်းစားခဲ့ကြပေမယ့် ဦးရွှေမန်းရဲ့ တာဝန်ထမ်းဆောင်မှု မှတ်တမ်းကောင်းတွေကြောင့် လွှတ်တော်ဥက္ကဋ္ဌနေရာပေးဖို့ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပုံရတယ်လို့ ဦးရဲထွဋ်စာအုပ်မှာ သုံးသပ်ထားပါတယ်။
အာဏာနိုင်ငံရေးလွန်ဆွဲမှုကြောင့် ကြံ့ခိုင်ရေးပါတီတွင်းမှာ သိန်းစိန်အုပ်စုနဲ့ ရွှေမန်းအုပ်စုဆိုပြီး အားပြိုင်မှုတွေရှိလာခဲ့ပါတယ်။ “သူ့နိုင်ငံရေးရည်မှန်းချက်၊ ဓနအင်အားနဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ မီဒီယာတွေအပေါ် ခြယ်လှယ်နိုင်မှုတွေကြောင့် ၂၀၁၂ နောက်ပိုင်းမှာ ဦးရွှေမန်းဟာ သမ္မတဦးသိန်းစိန်ဘက်က အုပ်စုအတွက် ဆူးညှောင့်ခလုပ်တခုလို ဖြစ်လာခဲ့တယ်” လို့ ဦးရဲထွဋ်က ရေးထားပါတယ်။
ဒီပွတ်တိုက်မှုတွေအပေါ် တုံဏှိဘာဝေတုံ့ပြန်တဲ့ ဦးသန်းရွှေရဲ့ အမူအကျင့်အပေါ်မှာတော့ ဦးရဲထွဋ်က အခုလိုသုံးသပ်ခဲ့ပါတယ်။
“ဦးသန်းရွှေက ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားက အာဏာလွန်ဆွဲမှုကိုရပ်တန့်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ သူ့နေရာကို ဆက်ခံသူတွေဟာ သူ့လိုမျိုး အမြင့်ဆုံးအာဏာကို ရယူထားတဲ့ ခေါင်းဆောင်တယောက် ဖြစ်မလာစေချင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဖြစ်လာခြင်းက ဦးရွှေမန်းနဲ့ ဦးသန်းစိန်ကြား၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းတွေကြား ရန်သူတော်တွေဖြစ်လာစေခဲ့ပါတယ်။ ဦးရွှေမန်းဟာ လွှတ်တော်ဥက္ကဋ္ဌဖြစ်စဉ်မှာ အခြေခံဥပဒေပြင်ဆင်ဖို့ကြိုးပမ်းခဲ့ဖူးတဲ့အတွက် သူ့ပါတီခေါင်းဆောင်ပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ဖို့ မလိုလားသူ အတော်များများရှိတယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပခင် သုံးလအလိုမှာ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ “သန်းခေါင်ယံအာဏာသိမ်းပွဲ” ဖြစ်ပေါ်လာခဲ့ပြီး ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ်က ဖြုတ်ချခဲ့ပါတယ်။ အဲဒီလို ဖြစ်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို “စိတ်ရှည်ပါ၊ စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့ ထောင်ဝင်စာ လာတွေ့မယ်” စသဖြင့် အားပေးစကားပြောခဲ့ဖူးတယ်လို့ ဦးရွှေမန်းက သူ့စာအုပ်မှာ ဖေါ်ပြထားပါတယ်။
ပါတီတွင်း ပဋိပက္ခတွေကြောင့် ဥက္ကဋ္ဌအဖြစ်က ထုတ်ပယ်ခံရပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတယောက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ပြီးမြောက်သည်အထိ တည်တည်ငြိမ်ငြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရွှေမန်းဟာ အရပ်သား အစိုးရသစ်တရပ် ဖြစ်ပေါ်လာရေးမှာ အထောက်အကူ ဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။
ဦးရွှေမန်းဟာ ဒုတိယအကြိမ်လွှတ်တော် ပြန်လည်ဖွဲ့စည်းတဲ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်ကို အာဏာလွှဲပြောင်းမှုတွေ ချောချောမွေ့မွေ့ဖြစ်ဖို့ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဖွဲ့စည်းရေးနဲ့ အစိုးရဖွဲ့စည်းရေးကိစ္စတွေမှာ ဦးရွှေမန်းကို အသိပေးခဲ့သလို၊ ဦးရွှေမန်းနဲ့ နီးစပ်သူတွေထဲက တာဝန်ပေးဖို့ လျာထားသူတွေနဲ့ မေးမြန်းညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။
“စိတ်မကောင်းစရာတခုမှာ ကမ်းလှမ်းခံရသူအချို့အား အစိုးရသစ်တွင် ပါမည်ဆိုပါက သစ္စာဖေါက်ဟု သတ်မှတ်မည်ဖြစ်ကြောင်း၊ ဒီအစိုးရကြာကြာခံမှာ မဟုတ်ဘူး၊ လပိုင်းပဲခံမှာ၊ သွားပြီးတာဝန်ယူပေးလည်း နာမည်ပျက်ရုံ၊ ဓါးစာခံဖြစ်ရုံပဲရှိမှာ ဖြစ်ကြောင်းပြောကြသည်ဟု သိရသည်” လို့ ဦးရွှေမန်းစာအုပ်မှာ ရေးထားတာကို ဖတ်ရပါတယ်။
ဦးရွှေမန်းအတွက်တော့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်နိုင်ခြေရှိတဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတာအပေါ် နှမြောတသ ဖြစ်ခဲ့ပုံရပါတယ်။ အကယ်၍သာ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တောင်းဆိုခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေသာဖြစ်ပေါ်ခဲ့မယ်ဆိုရင် “အမျိုးသားရင်ကြားစေ့ရေးသည် အတော်ခရီးရောက်နေမည်ဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းများလည်း အခုအခြေအနေထက် အောင်မြင် ပေါက်မြောက်နိုင်ဖွယ်ရှိသည်” လို့ သူ့စာအုပ်မှာ သုံးသပ်ထားပါတယ်။
ဦးသိန်းစိန်ဖက်က အမြဲခုခံ ဖါထေး ပြောဆိုလေ့ရှိလို့ (ဆိုရှယ်မီဒီယာပေါ်က လူတချို့က ‘ဖါဝန်’ လို့ နောက်ပြောင်ခေါ်ဆိုခံနေရတဲ့) ဦးရဲထွဋ်ကတော့ ကြံ့ခိုင်ရေးပါတီဟာ “ဦးရွှေမန်းရဲ့ အာဏာနိုင်ငံရေးမှာ သားကောင်ဖြစ်ခဲ့ရတယ်” လို့ ရေးသားခဲ့ပါတယ်။ ဦးရွှေမန်းကြောင့်သာလျှင် ကြံ့ခိုင်ရေးပါတီဟာ အင်အားချည့်နဲ့ခဲ့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်။ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစီအမံတွေ အရေးနိမ့်ခဲ့ရတယ်လို့ ပြစ်တင်ရှုတ်ချထားပါတယ်။
တကယ်တော့ ခုလိုမျိုး ဦးရွှေမန်းတယောက်တည်းအပေါ်မှာ ပုံပြီး အပြစ်ဖို့တာမျိုးဟာ သိပ်တော့လည်း မတရားလှပါဘူး။ ကြံ့ခိုင်ရေးပါတီရဲ့ ကျရှုံးမှုဟာ ဦးရဲထွဋ့်စာအုပ်ရဲ့ အရှေ့ပိုင်းမှာ ရေးထားသလို “ကြံ့ခိုင်ရေးပါတီအပေါ်မှာ လူထုက မနှစ်မျို့လို့”သာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သင့်ပါတယ်။
သမိုင်းပညာရှင် စာရေးဆရာ သန့်မြင့်ဦးကတော့ ဦးရွှေမန်းစာအုပ်နဲ့ပတ်သက်ပြီး “စစ်အာဏာရှင်စနစ် အကူးအပြောင်းကို ကောင်းကောင်းသဘောပေါက် နားလည်လိုသူတွေ ဖတ်သင့်တဲ့စာအုပ်” လို့ ညွှန်းထားတာ တွေ့ရပါတယ်။ တကယ်တော့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကနေ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းတဲ့ အပြောင်းအလဲတခုကို အမှန်တကယ် တွေ့မြင်နေရပါပြီ။ အကယ်၍သာ အာဏာရှင်လက်အောက်မှာပဲ အခုအချိန်ထိ ရှိနေမယ်ဆိုရင် စစ်သားဟောင်းတွေရေးတဲ့ ဒီလိုစာအုပ်မျိုးတွေကို ဖတ်ခွင့်ရဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
မတူကွဲပြားတဲ့ အယူအဆတွေပါဝင်တဲ့ ဦးရွှေမန်းနဲ့ ဦးရဲထွဋ်တို့ နှစ်ယောက်ရဲ့စာအုပ်တွေကို ဖတ်မိတဲ့သူတိုင်း ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားသူဟာ ဘယ်သူဖြစ်မလဲ ဆိုတာကို ဆဝါးနိုင်မှာ ဖြစ်ပါတယ်။ စစ်သားဟောင်းပင် ဖြစ်သော်ငြား အရပ်သား အစိုးရသစ်နဲ့ လက်တွဲပြီး အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်တဲ့သူတွေရှိသလို၊ “မတူတာတွေဖယ်ပြီး တူတာတွေ တွဲလုပ်ကြမယ်”လို့ ဟန်ဆောင်ပန်ဆောင် ပြောခဲ့ပေမယ့်လည်း၊ အာဏာရှင်အရိပ်အောက်က ရုန်းမထွက်နိုင်တဲ့ စစ်သားဟောင်းတွေလည်း ရှိနေသေးတယ်ဆိုတာကို သူတို့စာအုပ်တွေကတဆင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါလိမ့်မယ်။
စစ်သားဟောင်းနှစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်တွေဟာ “တသွေးတသံတမိန့်” ဆောင်ပုဒ်နဲ့အညီ အာဏာရှင်တဦးတယောက်ထဲက ချုပ်ကိုင်ထားတဲ့စနစ်ဆီကို နောက်ကြောင်းမပြန်မိစေဖို့ ခေါင်းလောင်းထိုးလိုက်သလိုပါပဲ။ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ကောင်းကျိုးကို အမှန်တကယ် လိုလားတယ်ဆိုရင် စစ်သားဟောင်းတွေရဲ့ အသံကို လူတိုင်းနားထောင်တတ်ဖို့ လိုပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)
You may also like these stories:
မြန်မာပြည်အတွက် ICJ က ပေးလိုက်တဲ့ သတင်းစကား
ဗစ်တိုးရီးယားရဲ့ ဆိုရှယ်မီဒီယာ အစကို ဆွဲထုတ်ခြင်း
ဒီမိုကရေစီ မင်းကျင့်တရားနဲ့ ဒေါ်အောင်ဆန်းစုကြည်