အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB) က အစိုးရ ဝန်ထမ်းများကို လစာ၏ ၃ ဆနှုန်းဖြင့် ချေးငွေထုတ်ချေးပေး ရာ၌ ပြန်မဆပ်ဘဲ အကြွေးကျန်သည့် ဝန်ထမ်းများနေသဖြင့် ငွေချေးမှုလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။
ထိုသို့ လစဉ် ထုတ်ချေးပေးခြင်းကို ဇွန်လမှ စတင်၍ ရပ်တန့်ခဲ့ပြီး ထုတ်ချေးခဲ့သည့် ငွေကြေး အတိုး၊ အရင်းပါ ပြန်လည် ကောက်ခံသည့် လုပ်ငန်းများ လုပ်ကိုင်နေလျက်ရှိကြောင်း SMIDB ဘဏ်မှ အမှုဆောင် အရာရှိချူပ် ဒေါက်တာ ဇေယျာညွှန့် က ပြောသည်။
“အရင် ချေးထားတဲ့ ဝန်ထမ်းပေါင်း လေးသောင်းခွဲလောက် ကျန်သေးတယ်။ သတ်မှတ်ထားတာက ဇူလိုင် ၃၁ ရက်လို့ သတ်မှတ်ထားတာ။ တချို့က ယူထားတာက ၁၁ လပိုင်းမှ ယူထားတာဆိုတော့ ၁၁ လပိုင်းမှပဲ လာဆပ်ကြမယ် ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ယင်းသို့ ထုတ်ချေးပေးသည့် ငွေများ အားလုံး ပြန်လည် ရရှိပါက လစာ၏ ၅ ဆတိုး၍ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်း ယခင် လက်ကျန် အကြွေးများ ကျန်နေသဖြင့် လတ်တလော၌ ချေးငွေလုပ်ငန်းများ ယာယီ ရပ်ဆိုင်းထားရသည်ဟုလည်း ၎င်းက ဆိုသည်။
SMIDB ဘဏ်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လက စတင်၍ အစိုးရ ဝန်ထမ်းတဦးလျှင် လစာ၏ ၃ ဆနှုန်းဖြင့် ဝန်ထမ်းပေါင်း ၇ သောင်းကျော် အား အတိုး ၁ ရာခိုင်နှုန်းဖြင့် ငွေကျပ် ၅၀ ဘီလီယံကျော် ထုတ်ချေးခဲ့ခြင်း ဖြစ်သည်။
အစိုးရ ဝန်ထမ်းများအား ချေးငွေ ထုတ်ပေးရာ၌ အတိုးရော၊ အရင်းပါ တနှစ်အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ထားသည့် ပထမ တပတ် အတွင်း ပေးချေမှု မရှိပါက ဒဏ်ကြေးငွေ အဖြစ် ချေးယူထားသည့် ငွေပမာဏ၏ ၁ ရာခိုင်နှုန်းကို ထပ်ဆောင်း ပေးချေရမည် ဟု သိရသည်။
အစိုးရ ဝန်ထမ်း တဦးဖြစ်သူ မမေမေစိုး က “ဝန်ထမ်းတွေအတွက် အင်မတန် ကောင်းတဲ့ ချေးငွေပါ။ တလချင်း ရတဲ့ လစာဆိုတာက လဝက်လောက်ဆို ကုန်ပြီ။ အမ တယောက်တည်း မဟုတ်ဘူး။ ဝန်ထမ်းအများစုက ဒီလိုပဲ လည်ပတ်နေကြတာ။ အခုလို ချေးငွေ ထုတ်ပေးတော့ ပစ္စည်းလေး၊ ဘာလေး အဖတ်တင်တယ်။ အဲဒါကြောင့် ၅ ဆ တိုးချေးမယ်ဆိုတော့ အတော်လေး ပျော်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
SMIDB ဘဏ် အနေနှင့် အစိုးရဝန်ထမ်းများအား ငွေထုတ်ချေးပေးခြင်း အပြင် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တောင်သူများကိုလည်း ၁ ဧကလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အပေါင် ပစ္စည်းမပါဘဲ၂၀၁၈ မေလ ၈ ရက်မှ စတင်၍ ငွေထုတ်ချေးခဲ့မှုများလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
ဒေါက်တာဇေယျာညွှန့်က “အာမခံပေးဖို ခက်ခဲနေတဲ့သူတွေ အတွက် ထုတ်ချေးပေးတာပါ။ လက်ရှိမှာ တနိုင်ငံလုံး ဆိုရင် ၃၉ ဦး ချေး ထားပြီးပြီ။ ကျပ်ငွေ ၁ ဘီလီယံကျော်ကျော် ချေးထားပါတယ်။ နောက်ထပ် ဆက်လက် ချေးဖို့အတွက်က လာရောက်ချေးယူမယ့်သူ အပေါ်ကို မူတည်ပြီး ထုတ်ချေးသွားမှာပါ” ဟု ဆိုသည်။
အသေးစား၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ် SMIDB သည် မြန်မာတနိုင်ငံလုံး၌ ဘဏ်ခွဲပါင်း ၁၉ ဘဏ်မှ ထုတ်ချေးပေးလျက် ရှိသည် ဟု သိရသည်။