နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – ခပလန် (NSCN-K) အတွင်း မကြာသေးမီက ခေါင်းဆောင်မှု အပြောင်းအလဲကြောင့် လူအများအံ့သြခဲ့ကြပြီး မီဒီယာများ၊ အထူးသဖြင့် အိန္ဒိယမီဒီယာများ အနေဖြင့် ဖြစ်ရပ်နောက်ကွယ်မှ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို အပြင်းအထန် ခန့်မှန်းမှုများ ဖြစ်စေခဲ့သည်။
သို့သော် ထို ရုတ်ရုတ်သဲသဲ ဖြစ်ရပ်အလွန်တွင်မူ ထိုဖြစ်ရပ်သည် နာဂဒေသမှ ငြိမ်းချမ်းရေး ဖော်ဆောင်သူများ အနေဖြင့် စဉ်းစားသုံးသပ်ရန် အကြောင်းရင်းတခုကိုပေးပြီး ထိုအဖွဲ့ကို အိန္ဒိယနိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းရန် ထပ်မံ ရရှိသော အခွင့်အလမ်းအဖြစ် မြင်နိုင်သည်။
ထို အခွင့်အရေးကို ရှေ့ဆုံး ရယူနေသူမှာ နာဂမိခင်များအဖွဲ့ (NMA) ဖြစ်သည်။ ထိုအဖွဲ့သည် အိန္ဒိယ အစိုးရနှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – အိုင်ဆက်မွိုင်ဗာ (NSCN-IM) တို့ ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ချိန်မှစပြီး ငြိမ်းချမ်းရေး တည်ဆောက်သူများ အဖြစ် ရှေ့တန်းမှ ပါဝင်နေသော လူမှု အခြေပြု အဖွဲ့အစည်းဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရေးအတွက် NSCN-K ကို ထပ်မံ မေတ္တာရပ်ခံရန် စီစဉ်နေပြီးဖြစ်သည်။
လွန်ခဲ့သော နှစ်များအတွင်း နာဂမိခင်များအဖွဲ့သည် စက်ဘီးများ၊ လှေများဖြင့် ကြမ်းတမ်းသော ဒေသနှင့် ခက်ခဲသော ချင်းတွင်းမြစ်ကို ဖြတ်ကာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းမှ တာဂါရှိ NSCN-K ဌာနချုပ်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။
နောက်ဆုံးအကြိမ် ထိုသို့သွားရောက်ခြင်းမှာ လွန်ခဲ့သောနှစ် ဇန်နဝါရီလက ဖြစ်ပြီး ထိုစဉ်က နာဂမိခင်များ အသင်းမှ အကြံပေး ရို့စ်မာရီ ဒီဇူဗီချူနှင့် အသင်း၏ ဥက္ကဋ္ဌ အဘီယူမာရုတို့သည် ထိုလမ်းကြောင်းအတိုင်း ဖြတ်သန်းပြီး NSCN-K ဥက္ကဋ္ဌဟောင်း ကွန်းရက်အပါအဝင် စစ်ဖက်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
“ကျမတို့ ထပ်သွားမယ်။ ဘာကြောင့် မသွားဘဲနေရမလဲ။ ထိတွေ့ ဆက်ဆံနေဖို့ လိုတယ်” ဟု ဒီဇူဗီချူက စာရေးသူကို အင်တာနက်တွင် ပြောသည်။ ထို နာဂမိခင်များအသင်း၏ အကြံပေးသည် နာဂမိခင်များနှင့်အတူ NSCN-K ဌာနချုပ်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့သူဖြစ်သည်။
“NSCN-K ခေါင်းဆောင်မှုသစ်က ပညာတတ်ပြီး ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့နိုင်ငံရေးကိုလည်း ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် မျှော်လင့်ချက်ထားရမယ်” ဟု သူက ပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသော သုံးရက်ကြာ အစည်းအဝေးတွင် အုပ်ချုပ်ရေး ပိုင်း၏ ဆုံးဖြတ်ချက်အရ NSCN-K ၏ ကာကွယ်ရေးဌာနမှ ဒုတိယဝန်ကြီး ယန်းအောင်သည် အငြိမ်းစား ယူသွားသော ဒုတိယဗိုလ်ချုပ်ကြီး ခန်ဂို ကွန်းရက်၏ နေရာတွင် ယာယီ ဥက္ကဋ္ဌအဖြစ် အစားထိုး ဝင်ရောက် လာသည်။
အသက် ၄၅ နှစ်ရှိပြီဖြစ်သော ယန်းအောင်သည် အဖွဲ့ကို တည်ထောင်သူ အက်စ် အက်စ် ခပလန် ၏ တူ တော်စပ်ပြီး မြန်မာနိုင်ငံမှ ဟီမီ နာဂဖြစ်သည်။ သူသည် ပညာတတ်ဖြစ်သည်ဟု ဆိုနိုင်ပြီး အင်ဖာရှိ မဏိပူရ တက္ကသိုလ်မှ ဘွဲ့ရသည်။ စိတ်ထက်သန်သော အားကစားသမားဖြစ်ပြီး သိုင်းပညာ ကျွမ်းကျင်သူဖြစ်သည်။ ထို့အပြင် ဒေသတွင်း ပထဝီနိုင်ငံရေးကိုလည်း ကောင်းစွာ နားလည်သူဖြစ်သည်။
နာဂမိခင်များအတွက် NSCN-K ကို အိန္ဒိယ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်စေရန် ယခုတကြိမ်တွင်လည်း ယခင်အခါများကဲ့သို့ပင် လွယ်ကူမည် မဟုတ်ကြောင်းလည်း သဘောပေါက်ထားကြသည်။
ထိုသို့မလွယ်ကူရခြင်း၏ အကြောင်းရင်းမှာ ထိုအဖွဲ့ကို အိန္ဒိယ အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ် ထားခြင်းကြောင့်ဖြစ်သည်။ ထိုအဖွဲ့သည် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မဏိပူရ ပြည်နယ် ချန်ဒယ်ရှိ အိန္ဒိယ စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်သောကြောင့် စစ်သား ၁၄ ဦး သေဆုံးပြီးနောက် အစိုးရက ၎င်းတို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့ကို ပိတ်ပင်ရန် ဆုံးဖြတ်ချက်ကို အိန္ဒိယ အစိုးရက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ချမှတ် ခဲ့သည်။
အိန္ဒိယ စစ်တပ်ယာဉ်တန်းကို ရုတ်တရက် ထိုးစစ်ဆင်ချိန်သည် NSCN-K က အိန္ဒိယအစိုးရနှင့် ချုပ်ဆို ထားသော နှစ်ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို စွန့်လွှတ်လိုက်သည်မှာ လေးလခန့်သာ ကြာသေးသည်။ ထိုအချိန်မှ စတင်ပြီး အိန္ဒိယ လုံခြုံရေးတပ်များကို ထိုးစစ်များ ပြန်လည်စတင်ခဲ့သည်။
လတ်တလောတွင် အိန္ဒိယ အစိုးရသည် NSCN-IM ဦးဆောင်သည့် နာဂအုပ်စု ၇ စုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေသည်။ ငြိမ်းချမ်းရေး ညှိနှိုင်းမှုများတွင် အတက်အကျများ ရှိနေပြီး ၁၉၉၇ ခုနှစ် ဇူူလိုင်လ ၂၅ ရက်နေ့မှစတင်၍ အကြိမ်ပေါင်း ၈၀ ကျော် ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
NSCN-IM နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်သော အခြားအဖွဲ့ ၆ ဖွဲ့တို့သည် နာဂအမျိုးသား နိုင်ငံရေးအဖွဲ့များ (NNPGs) အဖြစ် စုစည်းထားသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုအတွက် လိုက်ဖက်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ ငြိမ်းချမ်းရေးအားထုတ်မှုကို ရေရှည်လုပ်ဖို့ လိုတယ်။ အခုအချိန်ဟာ အိန္ဒိယ အစိုးရဘက်က စတင် လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်” ဟု ဒီဇူဗီချူက ပြောသည်။
NSCN-K သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သောကြောင့် ၎င်းတို့၏ အနေ အထားကို သုံးသပ်မည်ဟု သူယုံကြည်သည်။ သို့သော် NSCN-K သည် ယခုအချိန်အထိ ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ခြင်း မရှိသေးသကဲ့သို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကိုလည်း လက်မှတ် ရေးထိုးခြင်း မရှိသေးပေ။
နယ်စပ် နှစ်ဖက်စလုံးတွင် နေထိုင်ကြသော နာဂများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း နာဂအမျိုးသမီးများ အဖွဲ့ ခေါင်းဆောင်က ပြောပြီး စစ်ကိုင်းတိုင်းမှ လေဟီး၊ နန်းယွန်းနှင့် လေရှီး တို့ပါဝင်သော နာဂဒေသများ တိုးတက်ရေးနှင့် လိုအပ်သော အရာများကို မြန်မာအစိုးရအနေဖြင့် အာရုံစိုက်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
မြန်မာပြည်ဖွား နာဂများက အိန္ဒိယဖွား ယခင်ဥက္ကဋ္ဌကို အာဏာသိမ်းလိုက်သည် ဟူသော သတင်းများသည် ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်ဟုလည်း သူက ပြောသည်။
“ကျမတို့ ဘယ်မှာပဲရောက်နေနေ၊ ကျမတို့ဟာ နာဂလူမျိုးတမျိုးတည်းပဲ။ ဒီနယ်စပ်တွေ၊ နယ်နိမိတ်တွေဆိုတာ ကျမတို့ ဘိုးဘွားသမိုင်းမှာ မရှိဘူး။ ဘယ်တော့မှလည်း မရှိနိုင်ဘူး” ဟု သူက ပြောသည်။
“မြန်မာနာဂ၊ အိန္ဒိယနာဂတို့ ဆိုတဲ့စကားကို သွေးခွဲဖို့ ပြောကြတာ။ ဒီစကားကို အိန္ဒိယ မီဒီယာတွေက ဖန်တီး ထားတာ။ ဒါဟာ နာဂတွေကြားမှာ နားလည်မှုလွဲနေတာပါ” ဟုလည်း သူက ဆက်ပြောသည်။
NSCN-K တွင် ခေါင်းဆောင်မှု ပြောင်းလဲခြင်းသည် ပုံမှန်အတိုင်း ဖြစ်တတ်သောအရာ မဟုတ်ဘဲ ထူးခြား သည်ဟု ယူဆနိုင်သောအရာများမှာ ထိုပြောင်းလဲမှု မတိုင်မီက ဖြစ်သောဖြစ်ရပ်များဖြစ်သည်။ မြန်မာစစ်တပ်၏ မကြာသေးမီက တိုက်ခိုက်မှုကြောင့် လဟယ်မြို့နယ်ရှိ NSCN-K စခန်းတခု ဆုံးရှုံးခဲ့သည်မှာလည်း ထိုဖြစ်ရပ် များတွင် ပါဝင်သည်။
NSCN-K ပိုင်နက်အတွင်းသို့ မြန်မာ့တပ်မတော်က နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခြင်းသည် ထိုနာဂအဖွဲ့နှင့် ပတ်သက်သည့် မြန်မာ မူဝါဒ ပြောင်းလာသော လက္ခဏာဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပဋိပက္ခများ၏ အတက်အကျ သမိုင်း တလျှောက်လုံးတွင် နာဂ အုပ်စုများကို အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ မဏိပူရနှင့် နာဂ ပြည်နယ်များ၏ နယ်စပ်နှင့် နာဂများ လွှမ်းမိုးသော နေရာများဖြစ်သည့် စစ်ကိုင်းတိုင်းမှ နန်းယွန်း၊ လဟယ် တို့ကို့ မြန်မာ့တပ်မတော်က မတို့ထိဘဲ ထားသည်။
ထို့ကြောင့် ဖြစ်နိုင်ခြေမှာ ထိပ်တန်းစစ်ဖက် အရာရှိတဦးက ယခုအချိန်တွင် ခြိမ်းခြောက်မှု ဖြစ်သည်ဟု ပြောသော မကြာသေးမီက မြန်မာစစ်ဖက်၏ ကျူးကျော်မှုသည် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်။
နယူးဒေလီရှိ အိန္ဒိယ အသိုင်းအဝန်း သတင်းရင်းမြစ်များ၏ အဆိုအရ နယ်စပ်နှစ်ဖက်စလုံးရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အ၀ ပါဝင်လာစေရေးအတွက် ဖိအားပေးမှုကို အလျှော့ပေးလာစေရန် အဆင့်မြင့် ပိုင်းတွင် အစည်းအဝေးများ ကျင်းပနေသည်ဟု သိရသည်။
နယူးဒေလီနှင့် နေပြည်တော်တို့သည် NSCN-K ကိုဆွေးနွေးပွဲများတွင် ပါဝင်လာစေရန် ဖိအားတိုးမြှင့် ပေးနေကြသည်။
(Bidhayak Das သည် အိန္ဒိယနှင့် အခြားနိုင်ငံများ၏ သတင်းမီဒီယာများတွင် လုပ်ကိုင်ခဲ့သော ဝါရင့် သတင်းထောက် တဦးဖြစ်ပြီး လက်ရှိအချိန်တွင် ဧရာဝတီသတင်းဌာနတွင် Contributing editor အဖြစ် ဆောင်ရွက်နေသည်။ ၎င်းရေးသားသော NSCN-K Leadership Change Could Signal ‘New Opportunities’ for Peace ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – အိန္ဒိယ-မြန်မာ နယ်စပ်စည်းရိုးကြောင့် သောကရောက်နေရသည့် နာဂများ