လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေလာသူများ မလိုအပ်ကြောင်း ထိုင်းနိုင်ငံခြား ရေး ဝန်ကြီးက အင်္ဂါနေ့က ပြောသည်။
ထိုင်းစစ်အစိုးရအနေဖြင့် အရပ်သားအခြေခံအခွင့်အရေးများကို ကန့်သတ်ထားသည်ဟု ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူများက ဝေဖန်နေသည့် ကြားမှ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပပြီးသောရွေးကောက်ပွဲများသည် ယုံကြည်စိတ်ချရကြောင်း ပြောသည်။
“နိုင်ငံရပ်ခြားက လေ့လာဖို့ဆိုတဲ့သဘောက တိုင်းပြည်မှာ ပြဿနာတခုအသွင်ဆောင်ပါတယ်” ဟု သူ က သတင်းထောက် များကို ပြောသည်။
လက်ရှိ ထိုင်းအစိုးရသည် ရွေးကောက်ပွဲ ပြုလုပ်ရန် အကြိမ်ကြိမ် ရွေ့ဆိုင်းကြန့်ကြာခဲ့ပြီးနောက် ဖေဖေါ်ဝါရီလနှင့် မေလအတွင်း ကျင်းပပေးမည် ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ညီမဖြစ်သူ ယင့်လပ်တို့၏ ပါတီဟောင်း ဖြစ်သည့် ဖုယာ့ထိုင်း ပါတီ ဦးဆောင်သည့် လူကြိုက်များသော နိုင်ငံရေး အင်အားစုများနှင့် ထိုင်းစစ်တပ်နှင့် တော်ဝင်မျိုးနွယ်များကို ထောက်ခံ သူများအကြား ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲတွင် ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ ညီဖြစ်သူ ယင့်လတ် ရှင်နာဝပ်ထရာ၏ ဖုယာ့ထိုင်းပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။
၂၀၁၄ ခုနှစ် မေလ၌ စစ်တပ်က အာဏာသိမ်း၍ ယင့်လပ် အစိုးရ ပြုတ်ကျကာ အဆုံးသတ်သွားခဲ့ သည်။
လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့များကလည်း ၂၀၁၉ ရွေးကောက်ပွဲ မဲပေးမှုများအပေါ် နိုင်ငံတကာ မှ လေ့လာသူများကို စောင့်ကြည့်ခွင့်ပေးသင့်ကြောင်း၊ တရားမျှတ၍ လွတ်လပ်သော ရွေးကောက် ပွဲဖြစ်စေရန် နိုင်ငံရေးလှုပ်ရှားမှုများ ပိတ်ပင် ထားခြင်းအား ပြန်ရုတ်သိမ်းရန် အစိုးရကို တိုက်တွန်း လိုက်သည်။
“ရွေးကောက် စတာနဲ့ ထိုင်းအစိုးရ နိုင်ငံတကာမျက်နှာစာမှာ ပုံရိပ်ကောင်းအောင် ကြိုးစားမယ့် သဘောရှိပါတယ်။ ဒါပေ မယ့် နိုင်ငံခြား မဟာမိတ်အဖွဲ့တွေနဲ့ စောင့်ကြည့်သူတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်၊ မဖြစ် လေ့လာဖို့ ခွင့်မပြုပါဘူး”ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ထိုင်းရေးရာဝါရင့်သုတေသီ စူနိုင်းဖာဆက်ကReuters သို့ ပြောသည်။
ထိုင်းစစ်အစိုးရက မကြာသေးမီက နိုင်ငံရေးပါတီများ ဖွဲ့စည်း ခွင့်ပြုခြင်းဖြင့် နိုင်ငံရေးကန့်သတ်မှု အချို့ကို ဖြေလျော့ ပေးခဲ့သော်လည်း အနည်းဆုံး ဒီဇင်ဘာလအထိ လူ ၅ ယောက်ထက်ပို၍ စုဝေးခွင့်၊ စည်းရုံးလှုပ်ရှားခွင့်များကို ပိတ် ပင်ထားဆဲဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မသတ်မှတ်ရသေးသော်လည်း အစိုးရအဆင့်မြင့်အရာရှိများက ဖေဖော်ဝါရီလ ၂၄ ဖြစ်နိုင်ချေရှိကြောင်း ပြောကြားကြသည်။