ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်နေသည့် ကျေးရွာများတွင် ပြဿနာများဖြစ်ပေါ်ကာ အငြင်းပွားမှုများ ရှိနေ၍ ကျေးလက် မီးလင်းရေး မူဝါဒကို စိစစ်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ် တဦးက အစိုးရကို တိုက်တွန်း လိုက်သည်။
နိုဝင်ဘာ ၁၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပျော်ဘွယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဖြစ်သည့် ဦးသောင်းအေးက အဆိုတင်၍ တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။
လွှတ်တော် အစည်းအဝေးတွင် ဦးသောင်းအေးက လျှပ်စစ်မီးရရန် အစိုးရ စီမံကိန်းများအား မစောင့်ဆိုင်းလိုသည့် ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကို ဆောင်ရွက်နေကြကာ အစိုးရက မူဝါဒ ၁၂ ချက်ဖြင့် ခွင့်ပြုထား ကြောင်း၊ ယင်းမူဝါဒအရ ဆောင်ရွက်သည့် တချို့ဒေသများတွင် လျှပ်စစ်မီး သွယ်တန်းရေးနှင့် ပတ်သက်၍ အချင်းများ မှုများ၊ မှုခင်းများ ဖြစ်ပွားနေသည့် အတွက် ဖြစ်ကြောင်း ပြောဆိုထားသည်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ရွာတန်းရှည် ကျေးရွာအုပ်စု ၄ ခုရှိ ကျေးရွာ ၂၄ ရွာတွင် ကိုယ့်အားကိုယ်ကိုး မီးလင်း ရေး ဆောင်ရွက်ရာတွင် ကျေးရွာတရွာမှ အချိုးကျ ထည့်ဝင်ရမည့်ငွေအား အပြည့်အ၀ မထည့်သည့်အပြင် မူလ ထည့် ဝင် ငွေကိုပါ ပြန်လည်ထုတ်ယူကာ မီးလင်းရေးကော်မတီ သဘောတူခွင့်ပြုချက် ရယူခြင်းမရှိဘဲ လျှပ်စစ်မီး သွယ်တန်း ရယူခဲ့သည့်အတွက် အမှုဖွင့် တိုင်ကြားမှုများ ရှိနေကြောင်းလည်း ပါရှိသည်။
ထို့ပြင် ပျော်ဘွယ်၊ သာစည်နှင့် အခြားမြို့နယ်များရှိ ကျေးရွာ တချို့တွင်လည်း ယင်းကဲ့သို့ အလားတူ ပြဿနာများ ဖြစ်ပေါ်နေကြောင်းလည်း ဦးသောင်းအေးက ဆိုထားသည်။
ဦးသောင်းအေးက“ဒါကြောင့်မလို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရပ်ရွာ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ ကျေးလက် မီးလင်းရေး မူဝါဒ အချို့ကို စိစစ်ပြင်ဆင် ချမှတ်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တွင် တင်သွင်း ဆွေးနွေးခွင့်ပြုရန် တင်ပြပါတယ်”ဟု ပြောသည်။
ဦးသောင်းအေးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သည်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်သည့် လျှပ်စစ်ဥပဒေ အခန်း (၁၂) ပုဒ်မ ၅၂ တွင် ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူ မျှ လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်း မပြုရဟု ဖော်ပြထားပြီး မီးလင်းရေး ကော် မတီ များ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားသည့် အချက် ၁၂ ချက်ပါ အပိုဒ် ၁၁ တွင်လည်း မီးလင်းရေး အတွက် ဓာတ်အားရယူရာတွင် အခြား ဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကပိုင် ဓာတ်အားလိုင်းများမှ ဆက်သွယ်ရယူ ခြင်း ဖြစ်ပါက ၎င်းတို့၏ သဘောတူညီချက် ရယူရမည်ဟု ဖော်ပြထားသည်။
“ဒီဥပဒေနဲ့ ညွှန်ကြားချက်ကို ကြည့်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုး ကျေးလက် မီးလင်းရေး ကော်မတီရဲ့ ခွင့်ပြုချက် မရရှိ ဘဲနဲ့ သဘောတူညီချက် မရဘဲနဲ့ လျှပ်စစ် သွယ်တန်းခွင့်ကို မရရှိနိုင်တာ တွေ့ရပါတယ်”ဟု ဦးသောင်းအေးက ဆိုသည်။
ညွန်ကြားချက် အပိုဒ် ၁၂ တွင်မူ ကျေးလက်မီးလင်းရေး ကော်မတီများက တည်ဆောက်ပြီးသော ဓာတ်အားလိုင်းများ ကို ဓာတ်အား ပို့လွှတ်သည့် အချိန်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ အပ်နှံရမည်ဖြစ်ကြောင်း၊ ယင်းဓာတ်အား လိုင်း မှ ထပ်ဆင့် ဓာတ်အား ချိတ်ဆက်ရယူခြင်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက နည်းပညာအရ စိစစ်ခွင့်ပြုပေး နိုင် ကြောင်း ပါရှိသည့်အတွက် လျှပ်စစ်ဥပဒေပုဒ်မ ၅၂ နှင့် အပိုဒ် ၁၁ တို့ကို ဆန့်ကျင်ပယ်ဖျက်သလို ဖြစ်နေကြောင်း လည်း ၎င်းက ထောက်ပြဝေဖန်သည်။
အဆိုတင်သွင်းမှုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေးမည်ဖြစ်ကာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဘက်မှ လွှတ်တော်၌ လာရောက်ရှင်းလင်း ဖြေကြား ရ မည် ဖြစ်သည်။
ကျေးလက် မီးလင်းရေး ကော်မတီများကို သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လက်အောက်တွင် ဖွဲ့စည်းထားပြီး မီးကြိုးသွယ်တန်းရေးနှင့် ပတ်သက်၍ မီးလင်းရေး ကော်မတီကို လုပ်ပိုင်ခွင့် ပေးထားသည့် သဘော ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်သို့ အပြည့်အစုံ ဖြေကြားရန် ပြင်ဆင်မှုများ ပြုလုပ်ရ မည် ဖြစ်၍ လတ်တလောတွင် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်းလည်း ပြောဆိုသည်။
ကျေးရွာများ၌ ကိုယ်ထူကိုယ်ထ ကျေးလက်မီးလင်းရေး ဆောင်ရွက်ရာတွင် မီးလင်းရေးကော်မတီနှင့် ဒေသခံပြည်သူ ကြား အဆင်မပြေသည့် ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း က ပြောသည်။
၎င်းက“ဖွဲ့တဲ့ မီးလင်းရေးကော်မတီ ကိုယ်တိုင်ကလည်း ပြည်သူမကြိုက်တဲ့သူတွေနဲ့ ဖွဲ့တာ၊ အုပ်စုဖွဲ့လုပ်တာ။ နောက် တခုက ဈေးနှုန်းဆိုရင်လည်း ပြည်သူပြောတဲ့ ဈေးမဟုတ်ဘဲ မီးလင်းရေးကော်မတီက ပြောတဲ့ဈေးနဲ့ လုပ်ရတာတွေက ပြဿနာတွေပဲ။ နောက် ငွေစာရင်ရှင်းတမ်း မပေးတာတို့ ဘာအတွက် ညာအတွက်ဆိုပြီး ငွေထပ်ကောက်တာတို့ ဆိုရင် လည်း ပြဿနာတွေ ရှိနေတုန်းပဲ”ဟုလည်း ပြောဆိုသည်။
မိကွန်ချမ်းမှာ မီးလင်းရေးကော်မတီများ ငွေစာရှင်း မရှင်းနိုင်သည့်အတွက် ကျေးရွာလူထုနှင့် ပြဿနာများ ဖြစ်ပွား၍ ကော်မတီကို ဖျက်သိမ်းကာ မူဝါဒ ချမှတ်ပြီးမှ ပြန်လည်ဖွဲ့စည်းရန် အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ဖူး သူ ဖြစ်ပြီး အတည်မဖြစ်ခဲ့ကြောင်း သိရသည်။
အစိုးရအနေဖြင့် မီးလင်းရေးကော်မတီများအား စည်းကမ်းဖောက်ဖျက်ပါက အရေးယူမည့် ပြစ်ဒဏ်များ၊ မူဝါဒများ ချမှတ်သင့်ကြောင်း မိကွန်းချမ်းက ပြောဆိုထားသည်။
“သူ့ရဲ့အဆိုကို သေသေချာချာ ဖတ်ပြီးတော့ ဝေဖန်ရမှာပေါ့နော်။ သူက မီးလင်းရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ပို အား ကောင်း လာအောင် တောင်းဆိုတဲ့သဘော ဖြစ်နေတာပေါ့နော်။ အချက် ၁၂ ချက်ကို ဖြေလျှော့ဖို့လည်း ပြောတာ ပေါ့။ ကျမတို့ကတော့ ပြည်သူတွေဘက်ကိုလည်း ကြည့်ရသေးတာပေါ့”ဟု မိကွန်ချမ်းက ပြောသည်။
မကွေးတိုင်း အောင်လံမြို့နယ်ရှိ ကလုံမော်နှင့် ကံမလေး ကျေးရွာအတွက် ထိုရွာများနှင့် နီးသည့် စကြီးကျေးရွာကို ဖြတ်ကာ မီးကြိုး သွယ်တန်းရာတွင် ရွာခံများက အန္တရာယ်ရှိသည်ဟု ဆိုကာ ကန့်ကွက်သည့် အတွက် ညှိနှိုင်းမှုများ လုပ်ဆောင်သော်လည်း မပြေလည်ဘဲ ဆက်လက် ကန့်ကွက်နေ၍ ဒေသခံ ၅၀ ကို မကွေးတိုင်း သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က အောင်လံမြို့နယ် ရဲစခန်းတွင် တာဝန်ဝတ္တရား ဆောင်ရွက်နေသည့် ပြည်သူ့ ဝန်ထမ်းအား ဟန့်တားမှုဖြင့် နိုဝင်ဘာလ ၁၀ ရက်က အမှုဖွင့်ထားသည်ဟု သိရသည်။
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် အစိုးရက အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (National Electrification Project – NEP) ကို ကမ္ဘာ့ဘဏ် အကူအညီဖြင့် ၂၀၁၃ ခုနှစ် မေလက စတင် ဆွေးနွေး ရေးဆွဲကာ ၂၀၁၆ ခုနှစ် မေလတွင် စီမံကိန်း ထုတ်ပြန်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်းကို လက်ရှိ လျှပ်စစ်မီးရရှိမှုအပေါ် အခြေခံ၍ လမ်းပြမြေပုံ ရေးဆွဲထားပြီး ၂၀၂၀ ပြည့်နှစ်တွင် ၅၀ ရာခိုင် နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည် ဖြစ်ကာ မဟာ ဓာတ်အားလိုင်း စနစ် တိုးခဲျ့ ဆောင်ရွက်ခြင်း (Grid Extension) နှင့် မဟာဓာတ်အားလိုင်း ပြင်ပစနစ်ဖြင့် လျှပ်စစ် ဓာတ်အားရရှိရေး ဆောင် ရွက် ခြင်း (Off-grid Electrification System)ဟူ၍ နည်းလမ်း ၂ သွယ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
NEP ပထမ ၅ နှစ်အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုချက်ရရှိထားကာ မဟာ ဓာတ် အား လိုင်း တိုးချဲ့ခြင်းအတွက် ဒေါ်လာ သန်း ၃၀၀၊ နည်းပညာ အကူအညီပေးရေးအတွက် ၁၀ သန်းဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကာ မဟာဓာတ်အားလိုင်း ပြင်ပစနစ် အတွက် စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်ဟု သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
ကျေးလက်မီးလင်းရေးငွေတောင်းသည့် လွှတ်တော်ကိုယ်စားလှယ်ကို ခံဝန်ထိုးခိုင်းမည်
အာဆီယံဒေသတွင်း လျှပ်စစ်မီးရရှိမှု မြန်မာအနည်းဆုံးဖြစ်နေ
၂၀၂၁ တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်ဆတိုးမည်ဟု ဆို