စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မည်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော် စစ်ကြောင်းများသည့် ၎င်းတို့၏ စခန်းများတွင်သာ ရှိနေကြောင်း တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ဆက်သွယ် ပြောကြားသည်။
မနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် အတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနကို ကိုးကား၍ မီဒီယာတချို့ တွင် ဖော်ပြ ခဲ့ရာ ယင်းအချက်မှာ မမှန်ကြောင်း တပ်မတော်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲဒီမှာ တိုက်ပွဲလုံးဝ မဖြစ်ဘူး။ ၂၁ ရက်နေ့က စပြီးတော့ပေါ့။ ကျနော်တို့က မဖြစ်စေချင်လို့ အကုန်လုံး ရပ်လိုက်ပြီ။ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု လုံးဝ မလုပ်တော့ဘူး။ ရပ်ဆိုင်းလိုက်တယ်။ အဲဒါကြောင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာမျိုး လုံးဝ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာန က ဒီဇင်ဘာ ၂၄ ရက်နေ့က “TNLA နှင့် ရှောက်ဟော်မှ ရွှေမော်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့စစ်တပ် တပ်မ ၁၁၊ ခမရ ၂၁၉ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်” ဟု သတင်းထုတ်ပြန်သည်။
ထိုသတင်းနှင့် ပတ်သက်ပြီး ဧရာဝတီ၊ ခေတ်သစ်၊ RFA ၊ The Voice မီဒီယာတို့က ဖော်ပြခဲ့သည်ဟု တပ်မတော်က ဆိုပြီး ယင်းဒေသတွင် ဒီဇင်ဘာ ၂၁ နောက်ပိုင်း တပ်မတော်နှင့် တိုက်ပွဲ မရှိဘဲ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်း ဖြစ်ပွားနိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။
“ကျနော်တို့ တပ်မတော်က စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု မရှိတော့ဘူး။ ချုံခိုတိုက်ခိုက်ခြင်း ခံရတာလည်း မရှိဘူး” ဟု ယင်း ဗိုလ်မှူးချုပ် ပြောသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် စစ်ဆင်ရေးများ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ဒီဇင်ဘာ ၂၁ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။
ယင်းကြေညာချက်တွင် “တပ်မတော်အနေဖြင့် ယင်းသို့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်” ဟု ပါရှိသည်။
ထိုသို့ ထုတ်ပြန်ခြင်းသည် ထာဝရ ငြိမ်းချမ်းရေးကို ရှေ့ ရှုလျက် ဒေသခံ တိုင်းရင်းသားများ၏ ဘေးဒုက္ခကို စာနာပြီး နှစ်သစ်ကူး လက်ဆောင်အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင် ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ၎င်း၏ နေအိမ်တွင် ခရစ်စမတ် ဓမ္မတေး လာရောက်သီဆို ဖျော်ဖြေသူများကို ပြောဆိုခဲ့သည်။
တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တဖွဲ့ချင်း အလိုက် ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ဆိုထားသည်။
TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကလည်း မြန်မာ့ တပ်မတော် မနေဖြင့် စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးမည်ဟု ထုတ်ပြန် ထားသည့် အတိုင်း မြေပြင်တွင် အမှန်တကယ် ရပ်ဆိုင်းထားပါက ၎င်းတို့ကလည်း ရပ်ဆိုင်းထားနိုင်ကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။
ယင်းကြေညာချက်တွင် “မြန်မာ့ တပ်မတော်၏ ထုတ်ပြန်ချက်အတိုင်း တွေ့ဆုံဆွေးနွေးရေး အတွက်လည်း အဆင်သင့်ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာလိုက်သည်” ဟု ပါရှိသည်။
ထို့ပြင် “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (FPNCC) ကလည်း တက်ကြွစွာ ထောက်ခံ ကြောင်းနှင့် လှိုက်လဲှစွာ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သလို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အခြား အပစ်ရပ် အဖွဲ့ တချို့ကလည်း ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။