ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြင်းရုပ်တု ထားရှိသည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြနေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့ရှိ ကရင်နီလူငယ်များ၏ သပိတ်စ ခန်း ယနေ့ နေ့လယ် ၄ နာရီခန့်တွင် ဖြိုခွင်းခံလိုက်ရသည်။
သပိတ်မှောက် ဆန္ဒပြမှုတွင် ပါဝင်သူ ကိုဒီးဒီက “ဒီမှာတော့ ဝန်းရံတဲ့သူတွေလည်း ရဲတွေ ဖမ်းနေတဲ့ အနေအထားမှာ ရှိပါတယ်။ စခန်းကိုတော့ ရဲတွေ လာဖျက်ဆီးသွားပြီ။ ကျနော်တို့က ဒုတိယ အသုတ်နဲ့ ပြန်ထိုင်ဖို့အတွက် လူခွဲထားပါတယ်။ အကုန်လုံးဖမ်းရင်တော့ အယောက် ၃၀ လောက်ရှိ မယ်” ဟု ဧရာဝတီကို ပြောသည်။
လတ်တလောတွင် သပိတ်မှောက် ဆန္ဒပြသူများကို မည်သို့ အရေးယူမှု ပြုမည်ကို မသိရှိသေးဟု ၎င်းက ဆိုသည်။
အဆိုပါ သပိတ်စခန်းကို ကရင်နီလူငယ်များက ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ လူအင်အား ၃၀ ကျော်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တု မထားရှိရေး ကန့်ကွက်ဆန္ဒပြသည့် ၎င်းတို့၏ ဒုတိယ အကြိမ်မြောက် သပိတ်စခန်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ကန္ဒာဟေဝန် ပန်းခြံရှေ့ရှိ ကရင်နီလူငယ်များ၏ ပထမဆုံး သပိတ်စခန်း ဖြိုခွင်း ခံရပြီး သပိတ်မှောက်ရာတွင် ပါဝင်သည့် လူငယ် အယောက် ၂၀ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသည်။
ကိုဒီးဒီက “ကျနော်တို့ကတော့ ကျနော်တို့ ရပ်တည်ချက် လုပ်ဆောင်ချက်ကို မပြောင်းပါဘူး။ ဆက်လက်တိုက်ပွဲ ဝင်သွားမှာပါ။ နားသွားမှာတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
သပိတ်စခန်း မဖြိုခွဲခင် နာရီဝက်ခန့် အလိုတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများ၊ လွိုင်ကော်မြို့ ရဲစခန်းမှ တာ ဝန်ရှိသူများက သပိတ်မှောက် လူငယ်များအား ငြိမ်းစုစီဥပဒေဖြင့် မညီညွတ်သည့်အတွက် ရှင်းလင်းဖယ်ရှားပေးရန် လာ ရောက် ပြောဆိုခဲ့သည်ကို တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု၏ လူမှုကွန်ရက်စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်မှု တွင် တွေ့ရသည်။
အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှုတွင် စခန်းမှူးက “ငြိမ်းစုစီ ၁၉ နဲ့ အရေးယူတော့မှာမို့ ဒါလေးကို ဖျက်သိမ်းပြီးတော့ ပြန်ပါ။ ပြီးရင် တရားဝင် ပြန်တင်ပါ။ ပြန်ကြည့်ပြီးတော့ ပြန်စိစစ်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ မူဘောင်နဲ့အညီ ပြန်တင်ပါ။ မူ ဘောင်နဲ့ညီရင် လက်ခံပေးရမှာပဲ” ဟု ပြောဆိုခဲ့သည်။
ယင်း ဗိုလ်ချုပ်ကြေးရုပ်တုကို ကယားပြည်နယ် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်ကာ ကန္ဒာဟေဝန် ပန်းခြံသို့ ဇန်နဝါရီ ၂၉ ရက်ကတည်းက သယ်ဆောင်နေရချထားခဲ့ခြင်း ဖြစ်ပြီး ကန့်ကွက်မှုများကြားမှပင် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထောက်ခံပွဲနှင့်အတူ ဖွင့်ပွဲကိုပါ ပြုလုပ်သွားခဲ့ပြီး ဖြစ်သည်။