၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် အရေးကြီး အဆိုတခုကို ပြည်ထောင်စု လွှတ်တော်တွင် တပ်မ တော်က အပြင်းအထန် ကန့်ကွက်နေစဉ် တိုက်ရိုက် ထုတ်လွှင့် ပြသလျက် ရှိသည့် မြန်မာအသံနှင့် ရုပ်မြင်သံကြား လိုင်းမှာ အချိန်ပိုင်း ပြတ်တောက်ခဲ့မှု အတွက် ဌာနတွင်း စုံစမ်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလ ၂၉ ရက်က ယင်းသို့ ပြတ်တောက်မှု ဖြစ်ပွားခဲ့ကာ လွှတ်တော်မှ မြန်မာအသံနှင့် ရုပ်မြင်သံကြား (တပ် ကုန်း) ရုံးချုပ်သို့ ဖိုက်ဘာ ဆက်ကြောင်းမှ တဆင့် ပေးပို့ ထုတ်လွှင့်ရာ ယင်းအချိန်တွင် ဖိုက်ဘာလိုင်း ကျ၍ အစီအစဉ် ပြတ်တောက်ခဲ့ရပြီး ဂြိုလ်တု ဆက်ကြောင်းဖြင့် ပြောင်းလဲ ထုတ်လွှင့်ခဲ့ရကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနက ဖေဖော် ဝါရီ ၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ဖေဖော်ဝါရီ ၇ ရက်တွင် တပ်မတော်က ရုပ်မြင်သံကြားလိုင်း ပြတ်တောက်ရသည့် အကြောင်းရင်းမှာ ယင်းနေ့ က ဖိုက်ဘာလိုင်း အသုံးပြုမှု လုံးဝ မရှိသဖြင့် ဖိုင်ဘာလိုင်းနှင့် မဆိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည့် အခါ အဖြစ် မှန်ကို စုံစမ်း စစ်ဆေးရန် ဖြစ်လာရသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ပြော သည်။
ဦးမျိုးမြင့်မောင်က “လွှတ်တော် ရုပ်သံလိုင်း တိုက်ရိုက် ထုတ်လွှင့်နေရင်းနဲ့ အချိန်ပိုင်း ပြတ်တောက် သွားတယ်။ ပြတ် တောက်သွားတဲ့ အကြောင်းရင်းကို ထုတ်ပြန်မှုနဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေ ရှိနေတယ်။ အဲဒီလို ကွဲလွဲမှုတွေနဲ့ ပတ် သက်လို့ အဖြစ်မှန် သိအောင် ရှေ့ဦး စုံစမ်းရေး အဖွဲ့နဲ့ ဖွဲ့ ပြီးတော့ ဆောင်ရွက်နေတယ်။ ပြီးသွားရင်လည်း တကယ့် အဖြစ်မှန်ကိုတော့ ထုတ်ပြန်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းနေ့က မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ ရုပ်သံ ထုတ်လွှင့်မှုသည် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှ ၂၅ မိနစ် အထိ ၅ မိနစ် ပြတ်တောက်ခဲ့ရပြီး ပြတ်တောက်နေသည့် အချိန်အတွင်း အဆိုတော် ဟေမာနေဝင်း အပါအဝင် တေး သီချင်များ ထုတ်လွှင့်ပေးခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ ဦးမျိုးမြင့်မောင်က “စုံစမ်း စစ်ဆေးရေးတော့ စုံစမ်းစစ်ဆေးရေးပဲ။ ကျနော်တို့ရဲ့ နိုင်ငံ ဝန် ထမ်းမှာတော့ သူက အဆင့် ၂ ဆင့် ရှိတာပေါ့။ အဖြစ်မှန်ကို စုံစမ်းတယ် ဆိုရင် ရှေ့ဦး စုံစမ်းရေးအဖွဲ့ လို့ သုံးတယ်။ အရေးယူဖို့ အတွက်ဆိုရင် ဌာနဆိုင်ရာ ခုံရုံးလို့ သုံးတယ်။ ဒီ ၂ ခု သွားတယ်။ အခုဟာက ရှေ့ဦး စုံစမ်းရေးအဖွဲ့ပဲ ဖြစ် ပါတယ်” ဟု ပြောသည်။
ယခု ဖြစ်စဉ်ကို အဖြစ်မှန် ပေါ်ပေါက်အောင် MRTV ဌာန အတွင်း စုံစမ်း စစ်ဆေးမှု ဖြစ်ပြီး ယခုရက်ပိုင်း အတွင်း ပြီး ပြတ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကွဲလွဲနေသည့် ထုတ်ပြန်ချက်များကြောင့် အဖြစ်မှန် ပေါ်ပေါက်စေ လိုကြောင်းလည်း ၎င်းက ဆိုသည်။
ယခု ဖြစ်စဉ်ကြောင့် စစ် အစိုးရခေတ်မှ လုပ်ရပ်များကို အမှတ်ရစေပြီး ထိုခေတ်က တိုက်ရိုက် ထုတ်လွှင့်နေသည့် ဘောလုံး ပွဲများတွင် ရန်ဖြစ်သည့် အခါ ပရိတ်သတ်များပါ ကွင်းထဲသို့ ပြေးဝင်လာသည့် အခါများ၌ လိုင်းဖြတ်ပြီး သီချင်းများ ထုတ်လွှင့်ပေးလေ့ ရှိရာ ယခုလည်း ထိုပုံစံအတိုင်းပင် ဖြစ်နေကြောင်း တွံတေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမြင့်လွင်က ပြောသည်။
သတင်းမီဒီယာ ကောင်စီဝင်လည်း ဖြစ်သူ ဦးမြင့်လွင်က “စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတော့ မဟုတ်လောက်ဘူး။ တမင် သက်သက်ကို လုပ်တယ်လို့ ထင်တာပဲ။ အခု ဒါကို အဖွဲ့နဲ့ စစ်တယ် ဆိုတော့ တာဝန်ယူမှု ရှိတယ်လို့ ပြောရမယ်။ အပေါ်က ညွှန်ကြားချက် မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ် ဆိုရင်တော့ အဲဒီလို လုပ်တဲ့ တာဝန်ရှိတဲ့ သူတွေကို အရေးယူရမယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ယင်းနေ့က MRTV အနေဖြင့် ပြည်သူများထံသို့ ပြတ်တောက်မှု ဖြစ်ရခြင်း အတွက် အသိပေး တောင်းပန်ခြင်း စာသား လွှင့်တင်ခြင်း၊ ပြတ်တောက်သွားခဲ့ရသည့် အပိုင်းကိုလည်း ထည့်သွင်းပြီး အစအဆုံး ပြန်လည် ထုတ်လွှင့်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေး အတွင်းဝန် ဦးမျိုးမြင့်မောင်က “စက်ပစ္စည်းတွေ ဆိုတာ ချို့ယွင်းတတ်တဲ့ သဘောသဘာဝ ရှိတယ်။ ဒီလို မျိုး တိုက်ရိုက် ထုတ်လွှင့်နေတဲ့ ဖြစ်စဉ်တွေမှာ စက်ချို့ယွင်းလို့ ပျက်သွားပြီ ဆိုရင် ကြည့်နေတဲ့ ပရိတ်သတ်ကြီးက ဒီအမည်းကြီးပဲ မမြင်ရအောင် အစားထိုးဖို့ တခုခု ရံထားတာ ရှိတယ်။ အခုကတော့ ဟေမာနေဝင်း သီချင်းဖွင့်လိုက် တော့ ဟေမာနေဝင်းပေါ့။ သီချင်းပုဒ်ရေတွေ အများကြီး ရှိပါတယ်။ ဒီလို ချက်ချင်း ထည့်လိုက်ရတယ်။ အဲဒါက လုပ် နေကျ သဘော သဘာဝပါပဲ”ဟု ရှင်းပြသည်။
တေးသီချင်း ထုတ်လွှင့်ခဲ့မှုများနှင့် ပြတ်တောက်ခဲ့မှုများကို လူမှုကွန်ရက်၌ ပြည်သူများ ဝေဖန်ပြောဆိုမှုများ ပြုလုပ် ခဲ့ကြ သည်။
တပ်မတော်ကမူ ယင်းနေ့က ဖိုင်ဘာလိုင်း ပြင်နေသည်မှာ မကောင်းသေး သဖြင့် နဂိုကတည်းကပင် ဖိုက်ဘာလိုင်း အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆက်သွယ်မှု တာဝန်ခံမှ တပ်မတော်မှ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ခံထံသို့ အပြန်အလှန် ဖုန်းဆက်သွယ်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြီး စီးခဲ့ကြောင်းကို သတင်း ထုတ်ပြန်ခဲ့သည်။