မြန်မာပြည် နိုင်ငံရေး၌ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါခဲ့ပြီး စစ်အစိုးရ လက်ထက်တွင် တပ်မတော်ခေါင်းဆောင် ဖြစ်သူ ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို သွားမတွေ့ တော့ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌဟောင်း သူရ ဦးရွှေမန်းက ပြောသည်။
ဧပြီလ ၈ ရက်နေ့က နေပြည်တော်ရှိ ၎င်း၏ နေအိမ်တွင် ကျင်းပပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် တပ်မတော်၌ နှစ်ပေါင်း ၄၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ဧရာဝတီ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောဆို ခြင်း ဖြစ်သည်။
“လက်ရှိကတော့ ကိုယ့်နေရာ ကိုယ်နေ၊ သူ့နေရာသူနေပြီးတော့ ခုနက သာမန်ပေါ့လေ။ လူမှုရေးအရ ပြောဆိုဆက်ဆံတဲ့ အပေါ် မူတည်ပြီးတော့ အမျိုးမျိုး ထင်ကြေးတွေနဲ့ ဟိုပြောဒီပြော ပြောတဲ့အတွက် မသွားပါဘူး။ မတွေ့ ပါဘူး”ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက် သတင်းစကားများအရ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမှာ ကျန်းမာရေး မကောင်းဘဲ သေဆုံးသွားပြီဟု ကောလာ ဟလများ ပျံ့ နှံ့နေသည့်အပေါ် ၎င်းထံသို့လည်း ယင်းသတင်းမျိုးကို လာရောက်မေးမြန်သူများ ရှိကြောင်း သူရ ဦးရွှေမန်းက ပြော သည်။
“သတင်းတွေလည်း လာပြီး မေးကြပါတယ်။ သိသမျှတော့ အသက်ရှည် ကျန်းမာလျက် ရှိတယ်လို့ သိရပါတယ်”ဟု ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးရွှေမန်းက သတင်းထောက်များကို ပြောသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဆိပ်ခံတံတား တည်ဆောက်ထားသည့် နေရာနှင့် လေယာဉ်ကွင်းကို သွားရောက်ကြည့်ရှု့ ခဲ့ရာ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုက်ပို့ခဲ့သည်ဟု ဧပြီလ ၄ ရက်နေ့တွင် ထုတ်ဝေသည့် The Speaker ဂျာနယ်တွင် ရေးသားထား သည်။
သို့သော် ယင်းသတင်းကို ဧရာဝတီက သီးခြား အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေဆဲဟု ၂၀၁၃ ခုနှစ်က သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်တာဝန်ယူစဉ် သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလထဲတွင် ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် သူရဦးရွှေမန်း မိသားစုသည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ မိသားစုထံသို့ သွားရောက်ကန်တော့စဉ် ဦးသန်းရွှေက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ အပေါ် စိုးရိမ် ပူပန် နေဆဲ ဖြစ်ကြောင်း သိရှိခဲ့ရသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် လက်ရှိ မြန်မာ့နိုင်ငံရေးတွင် လုံး၀ ပါဝင် ပတ်သက်ခြင်း မရှိတော့ဘဲ အေးဆေး စွာပင် နေထိုင်လျက်ရှိကြောင်း၊ သို့ရာတွင် သူလုပ်ဆောင်ခဲ့သည့် နိုင်ငံရေး အခြေခံများကို စိတ်ဝင်တစား စောင့်ကြည့်ကာ စိုးရိမ် ပူပန်လျက်ရှိကြောင်း ထိုစဉ်က သူရဦးရွှေမန်းက ထုတ်ဖော် ပြောဆိုခဲ့သည်။
တိုင်းပြည်တွင် ၁၉၈၈ ဒီမိုကရေစီ လူထု အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့သည့် တပ်မတော်သည် ၂၀၀၈ ခုနှစ်တွင် အခြေခံ ဥပဒေတခု အတည်ပြုပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးသည့် အခါတွင် ဗိုလ် ချုပ်မှူးကြီး သန်းရွှေသည် အရပ်သား အစိုးရကို အာဏာလွှဲပေးခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အသစ်တက်လာသည့် အရပ်သား အစိုးရတွင် ဘောင်းဘီချွတ်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ကို သမ္မတအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ်လည်းကောင်း ဗိုလ်ချုပ်မှူး ကြီး ဦးသန်းရွှေက ရွေးချယ်ပေးခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေး ချယ်ခဲ့သည်။
နေပြည်တော်တွင် အေးအေးဆေးဆေး စာဖတ်နေသည်ဟု ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ ပြောစကားကြောင့် ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို စာဖတ်နေသူကြီးဟု အများက ခေါ်ဆိုလေ့ရှိပြီး လက်ရှိ သူရ ဦးရွှေမန်း နေထိုင်သည့် A 3 ခြံနှင့် တခြံကျော် A 1 ဆိုသည့် ခြံကြီးထဲတွင် နေထိုင်လျက်ရှိသည်။
နေပြည်တော်တွင် A 1 ကနေ A 6 အထိ ခြံကြီး ၆ ခု ရှိပြီး ယင်းနေရာများတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယ ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ် ချုပ်ကြီးဟောင်း သမ္မတကြီးဟောင်း ဦးသိန်းစိန်နဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေးတို့သည် အစဉ်အလိုက် နေရာ ယူထားကြသည်။
ထို့ပြင် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း လူပုဂ္ဂိုလ်ချင်း ရင်းနှီးသည့် ဆက်ဆံရေး ရှိနေ သေးသော်လည်း လုပ်ငန်းဆက်ဆံရေး မရှိတော့သည်မှာ ၎င်း၏ အထူးကော်မရှင် သက်တမ်းကုန်ကတည်းကပင် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) နှင့် မဟာမိတ် ဆက်ဆံရေး ထူထောင်ရန် ရှိ၊ မရှိ ဧရာဝတီက မေးမြန်းကြည့်ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားသည့် မည်သည့် ပါတီနှင့်မဆို ပူးပေါင်းဆောင် ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောသည်။
“မဟာမိတ်ဆိုတဲ့ကိစ္စကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု သူရ ဦးရွှေမန်း က ပြောသည်။
သူရ ဦးရွှေမန်းက ၎င်း၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည့် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်နှင့် သာသ နာရေးနှင့် ယဉ် ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုတို့သည် လက်ရှိတွင် နိုင်ငံ့တာဝန်များနှင့် ဖြစ်၍ အစိုးရကို သစ္စာ စောင့်သိလျက် ရှိပြီး ညှိနှိုင်း ဆောင်ရွက်ထားခြင်း မရှိကြောင်း၊ သို့သော် တာဝန်နှင့် ဝတ္ထရားအရ နိုင်ငံရေးပါတီတရပ် ထူထောင်ခြင်းကို အသိပေး ထားကြောင်း သိရသည်။
ထို့ပြင် လက်ရှိ တပ်မတော်သည် နိုင်ငံတခုတွင် မရှိမဖြစ် လိုအပ်သည့် အဖွဲ့ အစည်းတခု ဖြစ်သလို နှစ်ပေါင်း ၄၅ နှစ် တာဝန်ထမ်း ဆောင်ခဲ့သူတဦး အနေဖြင့်လည်း သံယောဇဉ်ကြီးကြောင်း၊ တပ်မတော်ကိုလည်း ပြည်သူများ လေးစားချစ်ခင် ကြည်ညိုသည့် တပ်မတော် ဖြစ်စေချင်ကြောင်း သူရ ဦးရွှေမန်းက ပြောသည်။
“တပ်မတော်ဆိုတဲ့ အဖွဲ့ အစည်းနဲ့ လူတဦးချင်းရဲ့ ကိစ္စတွေကို ခြားပြီး ကြည့်ဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ဒီနေ့ ပြောနေ တဲ့ ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာတွေ မဖြစ်ဘဲနဲ့ ဆက်လက် ပြီးတော့ ဒီလို အခြေအနေမျိုးတွေ ဖြစ်တာကိုတော့ ပြောမယ်ဆိုရင် စိတ်ထဲမကောင်းဘူးလို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
မနေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ ပြီးတဲ့အခါ သတင်းထောက်များကို သူရ ဦးရွှေမန်းက ခြံဝအထိ လိုက်ပါ နုတ်ဆက် ခဲ့ပြီး သူနေထိုင်သည့် ခြံအမှတ် A 3 သည် တပ်မတော် အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ ဖြိုးရေးကောင်စီ လက်ထက်က နံပါတ် ၃ နေရာ တာဝန်ယူခဲ့၍ ရရှိထားခဲ့တဲ့ နေရာတခု ဖြစ်ပြီး ရဲအစောင့်အကြပ်များနှင့် သာမန်သူများ ဝင်ရောက် ရန် ခက်ခဲသည့် နေရာတခု ဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူများကို ၎င်းအထူးကော်မရှင် သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများအကြောင်း ဖော်ပြထားသည့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အဆင်ပြေ အောင်မြင်ရေးအတွက် အထူးကော်မရှင်၏ ပါဝင်ခဲ့မှု ဆိုသည့် စာအုပ် နှင့် ကော်မရှင်၏ ၃ နှစ် ခရီး ဆိုသည့် စာအုပ်တို့ကို အမှတ်တရ လက်ဆောင်များအဖြစ် ပေးအပ်ခဲ့သည်။
သူရ ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းပြည်သူ့လွှတ်တော် ဥက္ကဌ ဘဝတွင် နီးကပ်သည့် ဆက်ဆံရေး ထူထောင်နိုင်ခဲ့ သူတဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဌ တာဝန်ယူထားစဉ် သန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာ မည်ကြီးတဲ့ ဖြစ်စဉ်နှင့် ပါတီ ဥက္ကဌ ရာထူးမှ ဖြုတ်ချခံရသူ ဖြစ်သည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို သာမန်ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သော်လည်း NLD ပါတီ အာဏာရလာသည့်အခါ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်တာဝန်ပေး ခံခဲ့ရသည်။
သို့သော် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် သူရ ဦးရွှေမန်း ကိုယ်တိုင် ကြိုတင် မသိရှိဘဲ ၎င်း၏ အထူး ကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်တွင် သက်တမ်း တိုးမပေးတော့သဖြင့် ဖျက်သိမ်း ခံခဲ့ရပြန်သည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီး အဆင့်နှင့် တပ်မတော်၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ သူတဦးလည်း ဖြစ်သည်။
ယခုအခါ ပြည်ထောင်စု ကောင်းကျိုးဆောင်ဟု အမည်ရသည့် နိုင်ငံရေးပါတီ တခုကို ဦးဆောင် တည်ထောင်ရန် ကြိုးစားနေပြီး ပါတီ ဌာနချုပ်ကိုလည်း ၎င်း၏ လက်ရှိ နေအိမ်တွင် ပြုလုပ်မည်ဟု သိရသည်။