ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တို့တွင် ယခုနှစ် နွေရာသီကာလအတွင်း ရေရှား ပါးသည့် ကျေးရွာအရေအတွက် ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း သောက်သုံးရေကူညီလှူဒါန်း ပေးနေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
“ဒီနှစ်က ခါတိုင်းနဲ့ မတူဘူး။ ရာသီဥတုက ပိုပူလာတော့ ရေတွင်း၊ ရေကန်တွေ ခမ်းတာ အချိန်စောတယ်။ ရေမရှားဘူးတဲ့ ရွာတွေပါ သောက်သုံးရေ ပြတ်လပ် ကုန်တာမျိုး ရှိတယ်။ မနှစ်ကဆို ဦးဇင်းတို့ ရေလှူရတာ ရွာ ၁၀၀ လောက်ရှိတာ ဒီနှစ် ဆို ရွာ အရေအတွက်က ၂၀၀ လောက်အထိ တိုးလာတယ်။ ရေလှူတဲ့ ဘောက်ဆာကားကြီး တွေဆို တရက်မှ မနားရဘူး။ နေ့တိုင်းထွက်ပြီး လှူပေးနေရတယ်”ဟု ပုသိမ်မြို့၊ မနောဖြူ ဘက်စုံ လူမှုကူညီရေး အသင်းမှ ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိ က ဧရာဝတီကို မိန့်သည်။
ဧရာဝတီ တိုင်းဒေသကြီးရှိ မြို့နယ် အများစုတွင် မြေသားရေကန်ကြီးများဖြင့် မိုးတွင်းကာလတွင် ရရှိသည့် မိုးရေကို စု ဆောင်း ထားလေ့ရှိပြီး ပုသိမ်၊ သာပေါင်းနှင့် ငပုတောမြို့နယ်တို့တွင် တောတောင်များအတွင်းမှ ထွက်ရှိသည့် စိမ့်စမ်း ရေကို သောက်သုံးရေအဖြစ် အသုံးပြုလေ့ရှိကြသည်။
ယခုနှစ်တွင် ရာသီဥတု ပိုမိုပူပြင်းလာခြင်းနှင့် သစ်တောများ ပြုန်းတီးခြင်းတို့ကြောင့် မိုးရေခံသည့်ရေကန်များ စောလျင်စွာ ခမ်းခြောက်ခဲ့ပြီး စိမ့်စမ်းများမှာလည်း ရေမထွက်တော့သည့်အတွက် သောက်ရေပြတ်လပ်သည့်ဒုက္ခကို ဒေသခံများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
“ငပုတောမှာက ရေတွင်း ရေကန်တွေ ခမ်းကုန်တော့ မြို့ပေါ်ရပ်ကွက်အစွန်က အိမ်တွေဆို သောက်ရေရော သုံးရေပါ အခက်အခဲ ဖြစ်ကြတယ်။ လူသောက်ဖို့တင်မဟုတ်ဘူး ကျွဲနွားတိရစ္ဆာန်တွေပါ ရေတိုက်ဖို့ အခက်အခဲတွေ ဖြစ်ကြတာပေါ့။ ရေပြတ်လပ်တဲ့နေရာတွေဆို အဓိကက ရေလာလှူပေးတဲ့ အလှူရှင်တွေကိုပဲ မှီခိုနေရတဲ့အခြေအနေတွေ ရှိတယ်”ဟု ငပုတောမြို့ခံ ဦးအေးကြည်က ပြောသည်။
လက်ရှိတွင် ပုသိမ်မြို့နယ်ရှိ ပုသိမ် – ချောင်းသာလမ်းနှင့် ပုသိမ် – ငွေဆောင်လမ်းဘေးတလျှောက်မှ ကျေးရွာများ၊ ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များ၊ ပုသိမ် – မော်တင်စွန်း ကားလမ်းဘေးတလျှောက်ရှိ ကျေးရွာများ၊ သာပေါင်း၊ မြောင်းမြ၊ ကန်ကြီးထောင့်နှင့် လပွတ္တာမြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာများတွင် သောက်သုံးပြတ်လပ်မှု ကြုံတွေ့ နေရသည့်အတွက် အရပ်ဖက ်လူမှုအဖွဲ့အစည်းများ ကူညီလှူဒါန်းပေးနေသည့် သောက်သုံးရေများကိုသာ အဓိက အားထားအသုံးပြုနေရကြောင်း သိရသည်။
“ကျနော်တို့ အဖွဲ့ဆိုရင် ရေသယ် ထော်လာဂျီ ၈ စီးနဲ့ တနေကုန်သယ်ပြီး လှူပေးနေတယ်။ အခုက ရေရှားတဲ့ရွာတွေ ပိုများလာတယ်။ အရင်ကဆို ရေလမ်းခရီးနဲ့ ရေလှူရတာ သိပ်မရှိဘူး။ ဒီနှစ်က ကားလမ်း မပေါက်တဲ့ရွာတွေမှာ ရေတွေ ရှားလို့ မော်တော်တွေထဲကို ရေထည့်သယ်ပြီး လှူပေးနေရတယ်”ဟု လပွတ္တာမြို့ အဖြူရောင်နှလုံးသား လူမှုကူညီရေးအဖွဲ့ ဦးဆောင်သူ ကိုခင်မောင်ဝင်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့တိုးတက်ရေးဦးစီးဌာနမှ ပြုစုထားသည့်စာရင်းအရ ပုသိမ်၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် သောက်သုံးရေပြတ်လပ် နေသည့် ကျေးရွာ ၄၈ ရွာရှိပြီး၊ အိမ်ထောင်စုပေါင်း ၇၂၉၆ စုမှ လူဦးရေ ၄ သောင်းနီးပါးအား သောက်သုံးရေ ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ကျနော်တို့ စာရင်း ပြုစုထားတဲ့ ကျေးရွာ ၄၈ ရွာအပြင် ရေလှူပေးဖို့ အကူအညီတောင်းလာတဲ့ တခြားသော ကျေးရွာများ ကိုပါ ရေ ထောက်ပံ့ပေးနေပါတယ်။ ဒီလိုထောက်ပံ့ရာမှာ သောက်ရေကို မြို့ကနေ ကားတွေ၊ စက်လှေတွေနဲ့ ရွာအရောက် ပို့ဆောင်ပေးတဲ့ နည်းလမ်း၊ ရေရှားတဲ့ ရွာတွေရဲ့အနီး ပတ်ဝန်းကျင်မှာ ရေခပ်လို့ ရတယ်ဆိုရင် ဒေသခံတွေ ရေသယ်ယူနိုင် ဖို့အတွက် စက်သုံးဆီ ထောက်ပံ့ပေးတဲ့ နည်းလမ်းနဲ့ ကျနော်တို့ ဌာနမှာရှိတဲ့ ရေသန့်စင်ကားနဲ့ ရွာတွေကိုဆင်းပြီး သောက် သုံးရန် မသင့်တဲ့ ရေကို ကားနဲ့ ရေသန့်စင်ပြီး ထောက်ပံ့တဲ့နည်းလမ်းတွေနဲ့ သောက်ရေတွေကူညီပေးနေပါတယ်”ဟု ဧရာ ဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က ပြောသည်။
သောက်သုံးရေ လိုအပ်သည့်ကျေးရွာများ ပိုမိုများပြားလာသော်လည်း ရေလှူဒါန်းသည့်အလှူရှင် နည်းပါးနေသည့် အတွက် ရေပြတ်လပ်နေသည့် ဒေသခံများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ရကြောင်း မနောဖြူ ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။
“ရေရှားတဲ့ ရွာတွေက တိုးလာနေပြီးတော့ ရေလှူတဲ့ အလှူရှင်တွေ နည်းနေတယ်။ ခါတိုင်းနှစ်တွေဆို ရေလှူချင်တဲ့သူက ကား ၄ စီး၊ ၅ စီးနဲ့ ဦးဇင်းတို့ ဆီလာတယ်။ ဦးဇင်းတို့က ရေပုံးတွေ ရေဖြည့်ပြီး သူတို့ ကားပေါ် ထည့်ပေး လိုက်ရင် လိုနေ တဲ့ ရွာဆီကို အလှူရှင်တွေက ကားနဲ့ လိုက်ပို့ပြီး လှူကြတယ်။ ဒီနှစ်က အဲ့လိုတွေ မရှိဘူး။ ဦးဇင်းတို့ကပဲ ရေဘောက်ဆာ ၃ စီးအပြင် ရေပုံးကားတွေနဲ့ တောက်လျှောက် နေ့ရောညရော လှူပေးနေရတယ်။ ရေလိုတဲ့ရွာတွေများပြီး ရေလှူပေးသူ နည်းနေတာ။ အဲတော့ရွာကလူတွေ ပိုပြီးတော့ ရေအခက်အခဲ ဖြစ်ကြတာပေါ့”ဟု ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။