ပြီးခဲ့သည့် အပတ်က ဘေဂျင်းတွင် လက်မှတ်ရေးထိုးခဲ့သော စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ ညီချက်အောက်မှ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ယွမ်ငွေ ၁ ဘီလီယံ(၂၂၅.၃၉ ဘီလီယံကျပ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၄၈ သန်းခန့်) ထောက်ပံ့သွားမည် ဖြစ်သည်။
ဧပြီလ ၂၉ ရက်နေ့တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ကြေညာချက် တစောင်၌ အဆိုပါ ယွမ် ၁ ဘီလီယံကို လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ပြည်သူတို့၏ အသက်မွေးမှုကို တိုးတက်စေမည့် စီမံကိန်းများ၊ အဓိက စီမံကိန်းများအတွက် ဖြစ်နိုင်ချေ ဆန်းစစ်လေ့လာမှုများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်ရှောင် ဒုက္ခသည်များ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမ BRI အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် ဖိတ်ကြားမှုကြောင့် တရုတ်နိုင်ငံသို့ မကြာ သေးမီက ၆ ရက်ကြာခရီးစဉ် သွားရောက်ခဲ့သည်။ BRI သည် ရှီကျင့်ဖျင်၏ အမှတ်တံဆိပ် နိုင်ငံခြားရေးဝါဒ စီမံကိန်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြီး ခေတ်သစ်ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းနှင့် ၂၁ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမဟုလည်း သိကြသည်။ အဆိုပါ စီမံကိန်းက တရုတ်နိုင်ငံမှ ဥရောပသို့ ဗဟိုအာရှ၊ အရှေ့ အ လယ်ပိုင်းနှင့် ရုရှားတို့ မှတဆင့် အနည်းဆုံး နိုင်ငံပေါင်း ၇၀ ကျော်ကို ဆက်သွယ်ထားသည့် လမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများ ပါဝင်သည့် ကွန်ရက်တခုကို တည်ဆောက်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ထိန်းသိမ်းထားရန် ရည်ရွယ်သည်။
စက်တင်ဘာလအတွင်းတွင် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) တည်ထောင်ရန် အချက် ၁၅ ခုပါ နားလည်မှု စာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံက BRI မိတ်ဖက်နိုင်ငံတခု တရားဝင်ဖြစ်လာသည်။ ၁၇၀၀ ကီလိုမီတာ ရှည်လျားမည်ဟု ခန့်မှန်းရသည့် စြင်္ကန်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းနှင့် မြန်မာ၏ စီးပွားရေး အဓိက အချက်အခြာနေရာများ( ပထမအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှ မန္တလေး၊ ထို့နောက် အရှေ့ဘက်တွင်ရန်ကုန်နှင့် အနောက်ဘက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်) ကို ဆက်သွယ်သွားမည် ဖြစ်သည်။
ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နိုင်ငံ အကြီးအကဲ ၃၇ ဦး အပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်မှ အဆင်မြင့်ကိုယ်စားလှယ် ၅၀၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ဖိုရမ်၏ အစိတ်အပိုင်းအနေဖြင့် မြန်မာနှင့် တရုတ်တို့ သဘောတူညီချက် ၃ ခုကိူ လက်မှတ် ရေး ထိုးခဲ့ကြသည်။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်(၂၀၁၉-၂၀၃၀) နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ တခု နှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရန် အတွက် ၅ နှစ် ဖွံ့ဖြိုးမှု အစီအစဉ်ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ တခုတို့ ဖြစ်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ CMEC နှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာက မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) နှင့် အညီ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဒီဂျစ်တယ် ပိုးလမ်းမ၊ ဘဏ္ဍာရေး၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေး၊ သိပ္ပံနှင့် နည်းပညာ၊ လေ့ကျင့်သင်တန်းပေးမှုများ၊ ရေအရင်းအမြစ်နှင့် ရေလွှမ်းမိုးမှုကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည် ဖြစ်သည်။
CMEC ၏ အောက်တွင် တရုတ်နိုင်ငံက စီမံကိန်း ၃၀ အဆိုပြုခဲ့သော်လည်း မြန်မာနိုင်ငံက ယခုအချိန်အထိ ၉ ခုသာ လက် ခံထားသည်။ CMEC သဘောတူညီချက်အရ မြန်မာအစိုးရက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၃ ခု တည်ဆောက်ရန် သဘောတူသည်။
BRI စီမံကိန်းများနှင့် ပတ်သက်ခြင်းက တရုတ်နိုင်ငံသို့ ရေရှည်တွင် မပေးဆပ်နိုင်လောက်အောင်အကြွေးတင်သွားလိမ့် မည်ကို ပြည်သူတို့၏ စိုးရိမ်မှု တိုးလာနေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က “Belt and Road Cooperation: Shaping a Brighter Shared Future” ဆိုသည့် ခေါင်းစဉ် အောက်တွင်ပြုလုပ်ခဲ့သည့် အဆင့်မြင့် အစည်းအဝေး အပိုင်း ၁ တွင် BRI စီမံကိန်းများအားလုံးသည် “ဒေသခံပြည်သူတို့၏ ယုံကြည်စိတ်ချမှုနှင့် ထောက်ခံမှုကို ရရှိရမည်” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တောင်အာရှ နှင့် အရှေ့တောင်အာရှကြားတွင် ကုန်းမြေတံတား တခုသဖွယ် တည်ရှိနေပြီး တရုတ်၊ အိန္ဒိယနှင့် အာဆီယံတို့ကဲ့သို့သော ကြီးမားသည့် စီးပွားရေးများကြားတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ မူဝါဒသည် နိုင်ငံအား လုံး၊ အထူးသဖြင့် ၎င်း၏ အိမ်နီးချင်းများ နှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရေး အမြဲဖြစ်ခဲ့သည်ဟု သူက ပြောသည်။
“မြန်မာနိုင်ငံရဲ့ အမျိုးသား စီမံကိန်းနဲ့ ဦးစားပေးတွေနဲ့ အညီ ရွေးချယ်ထားတဲ့ BRI စီမံကိန်းတွေက ပြည်တွင်း ဆက်သွယ် ရေးကို တိုးမြှင့်ပေးရုံသာမက နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုကိုလည်း တိုးတက်စေဖို့ အတွက် များစွာ လိုအပ်နေတဲ့ အခြေခံ အဆောက်အဦး တိုးတက်ရေး အားထုတ်မှုတွေမှာ ပါဝင်မယ်” ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကီကွမ်းတို့နှင့်လည်း သီးခြားစီ တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကျေညာချက်တွင် BRI မူဘောင်အောက်တွင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် မြန်မာနိုင်ငံ၏ အားထုတ်မှုတွင် ဆက်လက်ကူညီထောက်ပံ့ရေး၊ ရခိုင်ပြည်နယ်တွင် အောင်မြင်စွာ ပြန်လည်လက်ခံမှုလုပ်ငန်းစဉ် တခုအပါအဝင် နယ်စပ်ဒေသများတလျှောက်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် တရားဥပဒေ စိုးမိုးရေး တို့ကို ဆက်လက်ထိန်းသိမ်းရေး နှင့် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာဖိုရမ်များတွင် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံရေးတို့ကို ၂ ဘက်လုံးက အလေးပေး ခဲ့ကြသည်ဟု ဆိုသည်။
အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည်ကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံ၏ လတ်တလောအားထုတ်မှုများက မြန်မာပြည်သူများ ကြားတွင် အနုတ်လက္ခဏာဆောင်သော သဘောထားများ ပေါ်ပေါက်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဘေဂျင်း ခရီးစဉ်ကို အသုံးပြု၍ မြစ်ဆုံအပါအဝင် မြန်မာနိုင်ငံမှ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး တရုတ်ကျောထောက်နောက်ခံစီမံကိန်း များနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း မြစ်ဆုံဆည်က ဘေ ဂျင်းခရီးစဉ်၏ အစီအစဉ်တွင် မပါဝင်ကြောင်း နေပြည်တော်ရှိ သမ္မတ ရုံးကပြောကြားခဲ့ပြီး ဆည်နှင့် ပတ်သက်၍ အခြေအနေအား လုံးကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်သွားမည်ဖြစ်ပြီး ပြည်သူလူထုကို အသိမပေးဘဲ မည်သည့်ဆောင်ရွက်မှုကိုမျှ ပြုမည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။
ရန်ကုန် အခြေစိုက် တိုင်းရင်းသားရေးရာနှင့် တရုတ်နိုင်ငံဆိုင်ရာ လေ့လာဆန်းစစ်သူ ဦးမောင်မောင်စိုးက မြစ်ဆုံနှင့် ပတ် သက်၍ ပြည်တွင်းတွင် နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေသည့် အချိန်တွင် အသေးစားထောက်ပံ့ငွေ ပေါ်ထွက်လာသည် ဟု ဧရာဝတီသို့ ပြောသည်။
“အဲဒါက (မြစ်ဆုံနဲ့ ပတ်သက်တဲ့) ပြည်သူလူထုရဲ့ ခံစားချက်တွေကို ချွေးသိပ်တာသက်သက်နဲ့ နယ်စပ်တည်ငြိမ်ရေး ကို ကူညီဖို့ လို့ ပြောလို့ရပါတယ်။ ဒီတကြိမ်မှာ ကြီးမားတဲ့ ထောက်ပံ့မှုတွေ မပါဘူးဆိုတာက အစိုးရနေနဲ့ အဓိက ကိစ္စတွေနဲ့ ပတ်သက်ရင် တရုတ်နဲ့ ညှိဖို့လိုလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။”
ဒုတိယ အကြိမ်မြောက် BRI ဖိုရမ်တွင် တရုတ်နိုင်ငံက နိုင်ငံအများအပြားနှင့် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံကျော်တန် သဘောတူညီချက်များ လက်မှတ်ထိုးခဲ့သည်။ တရုတ်နိုင်ငံက သူတို့ကို အကြွေးများပြန်မဆပ်နိုင်သည့် အခြေအနေသို့ ရောက်စေရန် ရည်ရွယ်ချက်မရှိကြောင်း နှင့် စီမံကိန်းတွင် ပါဝင်သူအားလုံး အကျိုးကျေးဇူးရရှိရန် ရည်ရွယ်ကြောင်း တရုတ် နိုင်ငံက လက်ရှိ နှင့် အလားအလာရှိသူ မိတ်ဖက်များကို အခိုင်အမာ ထပ်တလဲလဲပြောကြားခဲ့သည်။
( Nan Lwin ၏ China to Provide 1 Billion Yuan Socioeconomic Grant to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)