မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်း ကျေးရွာ အုပ်စု အမှတ်၂ နယ်မြေ မင်းတည်းကွင်း အတွင်း၌ တပ် မတော် နို့စားနွား မွေးမြူရေး စီမံကိန်း ဧရိယာအဖြစ် နယ်နိမိတ် သတ်မှတ်ကာ ခြံစည်းရိုးကာရံမှုအား ဒေသခံတောင်သူများ က မေလ ၂၄ ရက်တွင် ကန့်ကွက် ဆန္ဒပြကြသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ ကော်မတီဝင် ဦးတိုးကြီးက“မြန်မာနိုင်ငံမှာ ရှိတဲ့ တောင်သူတွေဟာ မြေလည်း အသိမ်းခံရသေးတယ်။ ထောင်ထဲလည်း ရောက်နေကြရပါတယ်။ နိုင်ငံတော်က သိမ်းဆည်း မြေတွေနဲ့ ပတ်သက်ပြီး စီမံကိန်းတွေ မအောင်မြင်ရင် မူလ တောင်သူတွေကို ပြန်လည် ပေးအပ်ရမယ်လို့ ပြဋ္ဌာန်းချက် ရှိပါ တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍“အခုတော့ အနာဂတ် စီမံကိန်း ဆိုပြီး မရေရာတဲ့ လုပ်ငန်းတွေကို အကြောင်းပြပြီး ခေါင်းစဉ်တွေ အကြိမ်ကြိမ် ပြောင်းပြီး သိမ်းဆည်းမြေကို ပြန်မစွန့်တာ။ အခု ၁၂၁ တပ်က အများဆုံး သိမ်းထားတာ။ ဒါကို သက်ဆိုင်ရာ ကနေ ဖြေ ရှင်း မပေးတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာပါပဲ”ဟုလည်း ပြောဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံ တောင်သူ ၁၅၀ ခန့်က ကျွဲနဖားကျေးရွာ အဝင်လမ်းထိပ်မှ သိမ်းဆည်းခံ လယ်ယာမြေ ဖြစ် သည့် နို့စားနွား မွေးမြူရေး စီမံကိန်း ဧရိယာ အနီးအထိ ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက် ချီတက်ခဲ့ကြ သည်။
ကျွဲနဖားဒေသမှ မြေသိမ်းခံ တောင်သူ ဒေါ်ခင်မာအေးက“ကျမတို့ ဆန္ဒ ထုတ်ဖော်ရခြင်း အကြောင်းရင်းကတော့ ကျမတို့ မြေတွေကို ၁၂၁ တပ်က ဖြေရှင်းချက်မပေး၊ အကြောင်းမကြားဘဲ ဇွတ်အတင်း ခြံစည်းရိုးဝင်ခတ်တဲ့ အတွက် ကျမတို့ တောင်သူတွေက ကိုယ့်မြေ ကိုယ့်ယာကို ပြန်လုပ်စားချင်တာကြောင့် ပြန်လိုချင်တဲ့ အတွက် ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါ တယ်။ ကျမတို့ ပိုင်တဲ့မြေကို ကျမတို့ပဲ ပြန်လိုချင်ပါတယ်၊ ဒါကြောင့် နိုင်ငံတော် အဆင့်ကနေ ဖြေရှင်းပေးပါလို့ တောင်းဆို ပါတယ်”ဟု ပြောသည်။
မင်းတည်းကွင်း အတွင်းရှိ လယ်ယာမြေ ၁၇၃ ဧက ကို အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းက နို့စားနွား မွေးမြူရေး စီမံကိန်း ဧရိယာ အဖြစ် နယ်နိမိတ်သတ်မှတ်ကာ အင်အား၂၀၀ ကျော်ဖြင့် ဧပြီလ၂၉ ရက် နံနက် ၇ နာရီခန့်က ခြံစည်း ရိုးကာရံမှု စတင် လုပ်ဆောင်ခဲ့ရာ ဒေသခံ တောင်သူများနှင့် တင်းမာမှုဖြစ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့်မြေမှာ ကျွဲနဖားကြိုးဝိုင်း အတွင်းမှ သစ်တော စွန့်လွှတ်မြေ ဖြစ်ပြီး ဒေသခံတောင်သူများ လုပ်ကိုင်စားသောက်လာသည်မှာ နှစ်ပေါင်း ၇၀ ခန့် ရှိကြောင်း၊ အဆိုပါမြေယာများ ပြန်လည်ရရှိစေရန်အတွက် ဒေသခံ တောင်သူများအနေဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ တောင်းဆိုထားမှုများလည်း ရှိကြောင်း သိရသည်။
ယခု မြေများသည် တပ်မတော်ကို တရားဝင် မြေသိမ်းမြေလွှဲ လုပ်ပေးထားပြီးသား ဖြစ်ကာ ခြံစည်းရိုးခတ်ရခြင်းမှာ သက် ဆိုင်ရာ အဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့် တပ်မြေ ဧရိယာ ဖြစ်သည့် အတွက် သက်ဆိုင်ရာ တပ်က လာရောက် လုပ်ဆောင် ခြင်းသာ ဖြစ်ကြောင်း တပ်မတော်ဘက်က ယခုလအတွင်း ပြောဆိုထားသည်။
အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဒု ဗိုလ်မှူးကြီး အောင်နိုင်ဌေးက“ဒီမြေတွေဟာ တပ်မတော်ပိုင်မြေ ဖြစ် တယ် ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ တပ်မတော်ရဲ့ မူဝါဒတွေအရ ဒီမြေပေါ်မှာ နို့စား နွားမွေးမြူရေးကို အကောင် အထည် ဖော်ခိုင်းတာဖြစ်ပြီး ကျနော်တို့ရဲ့ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးကို တာဝန်ပေးတာ ဖြစ်တဲ့ အတွက် ကျနော်တို့ အနေနဲ့ လာရောက်ပြီး အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ရဲ့ အထက် လူကြီးများက လည်း ကိုယ့်မြေကို သတ်သတ် မှတ်မှတ် ဖြစ်အောင် ခြံစည်းရိုးကာပါ ဆိုတဲ့ မူတွေအရ လုပ်ငန်းတွေကို စတင် ဆောင်ရွက်ရ တာ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အဆိုပါ မြေကို ၁၉၉၃ ခုနှစ်က တပ်မ ၃၃ မှ သိမ်းဆည်းခဲ့ပြီး မူလ တောင်သူများကို ၁ ဧက ထွက်ရှိ သီးနှံမှ သုံးပုံ တပုံ ပေးသွင်းစေကာ သီးစား အငှားချထားခဲ့ကြောင်း သိရသည်။
ထို့နောက်၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် အမှတ် ၉၅၁ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ် အတွက် တန်၂၅၀၀ ဘိလပ်မြေ စက်ရုံ စီမံကိန်း လုပ်ဆောင်ရန် ခေါင်းစဉ်ဖြင့် ဧက ၁၇၀၀ ကျော်ကို ထပ်မံ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကာ ယခု ထိုစီမံကိန်း အစား နို့စားနွား မွေးမြူရေး စီမံကိန်းအဖြစ် ခေါင်းစဉ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက“အခု တောင်သူတွေက တရားဝင် စာတင်ပြီး ဥပဒေနဲ့ အညီ ဆန္ဒဖော်ထုတ်တဲ့ အတွက် ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး”ဟု ပြောသည်။
ယခုအခါ ဖမ်းဆီး ထိန်းသိမ်း ခံရတဲ့ တောင်သူ ၂ ဦး အပါအဝင် ၁၉ ဦးကို ကိုးကွယ်သည့် နေရာ၊ အထွဋ်အမြတ် ထားရာ နေရာကို ဖျက်ဆီးခြင်း ပုဒ်မ ၂၉၅၊ ပြည်သူ့ ဝန်ထမ်း တဦး၊ ပြည်သူ့ဆိုင်ရာ အလုပ်ဝတ္တရား ဆောင်ရွက်နေသည်ကို ဟန့် တားခြင်း ၁၈၆၊ ပြည်သူ့ ဝန်ထမ်းအား တာဝန် ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိ အလိုအလျောက် နာကျင်စေမှု ၃၃၂၊ အဖိုးငွေ ၅၀ ကျပ်အောက် မနည်း ပျက်စီး နစ်နာစေသော အကျိုးဖျက်ဆီးမှု ၄၂၇ တို့ဖြင့် တပ်မတော်က တရားလို ပြုလုပ်၍ ပြင်စာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ကျွဲနဖား ဒေသခံ မြေသိမ်းခံ တောင်သူ ဦးမောင်ဝင်းက“ဒီလယ်ယာမြေတွေကို ပြန်ရဖို့ အဆင့်ဆင့်ကို တင်ပြ တောင်းဆို ထားတာတွေ ရှိပါတယ်။ ဒါကို ၁၂၁ တပ်က ခြံစည်းရိုး လာခတ်တော့ ကျနော်တို့နဲ့ အငြင်းပွားတာ အခုဆိုရင် ကျနော် အပါ အဝင် တောင်သူ ၁၉ ဦး အမှု ဖွင့်ခံထားရပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာကို မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် မသိတာလား၊ သိလျက်နဲ့ မျက်ကွယ်ပြုထားတာလား ဆိုတာကို မေးခွန်း ထုတ်ချင်ပါတယ်။ ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သိရှိအောင် နေပြည်တော် အထိ ချီတက် တောင်းဆိုသွားဖို့ပဲ ရှိပါတော့တယ်”ဟု ပြောသည်။
ဒေသခံများ ဆန္ဒ ထုတ်ဖော်ရာတွင် ဒီမြေဟာ ဘယ်သူ့မြေလဲ ငါတို့မြေ၊ စစ်တပ်ပိုင်မြေ ဟုတ်သလား“မဟုတ်ဘူး”၊ ၁၂၁ မြေ ဟုတ်သလား “မဟုတ်ဘူး”၊ ပြည်သူကို အနိုင်ကျင့်သော ၁၂၁ ခုထွက်သွား၊ တပ်သိမ်းမြေ ဥပဒေ ချိုးဖောက်သူ ငါတို့ ရန်သူ၊ ပြည်သူဘဝဖျက်ဆီးသူ ငါတို့ ရန်သူ၊ တပ်မတော်ရဲ့အစဉ်အလာ ဖျက်ဆီးသူ ပြည်သူ့ရန်သူ၊ ပြည်ထောင်စု အစိုးရမှ ဖြေရှင်း ပေးရေး တို့အရေး” အစရှိသည့် ကြွေးကြော်သံများ၊ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယခုကဲ့သို့ ဆန္ဒထုတ်ဖော်၍ သိမ်းဆည်းခံမြေယာများအရေးအား ပြည်ထောင်စု အဆင့်မှ ဖြေရှင်းပေးမှု မရှိလျှင် မြေသိမ်း ဆည်းခံ တောင်သူများ အနေဖြင့် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးစိုက်ရာ နေပြည်တော်သို့ လမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဒေသခံ တောင်သူများက ပြောသည်။