၂၀၁၈-၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်များကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာရာ မန္တလေး တိုင်း ဒေသကြီး အနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ဖြင့် ဒုတိယအဆင့်ရှိခဲ့သော်လည်း ဘာသာစုံဂုဏ်ထူးရှင် ပေါ်ထွက်မှုတွင် ထပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူချုပ်ရုံးမှ သိရသည်။
“တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ကျနော်တို့ တိုင်းက အောင်ချက် ရာခိုင်နှုန်း ဒုတိယအဆင့်ရပါတယ်၊ ဂုဏ်ထူးရရှိသူ ၆၉၂၀ ဦးရှိပါတယ်၊ အဲဒီမှာ ထူးခြားချက်ကတော့ ၆ဘာသာဂုဏ်ထူးရှင်က အများဆုံးပါပဲ”ဟု မန္တလေး တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူချုပ်ရုံးမှ ညွှန်ကြားရေးမှုး(ပညာ) ဦးစိုးလွင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူ ၁၁၉၂၁၀ဦး ရှိပြီး အောင်မြင်သူ ၄၃၀၇၅ ဦးရှိကြောင်းသိရသည်။
ဂုဏ်ထူးရရှိမှုအနေဖြင့် ၁ ဘာသာဂုဏ်ထူးရှင် ၃၈၅၇ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀၅၉ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၆၇၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၂၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၉၀ ဦး၊ ၆ ဘာသာဂုဏ်ထူးရှင် ၂၂၀ ဦး ဖြစ်ပြီး ဂုဏ်ထူးရရှိသူ ပေါင်း ၆၉၂၀ ဦးရှိကြောင်း သိရသည်။
အဆိုပါကျောင်းသားများ၏ ဂုဏ်ထူးရ ဘာသာရပ် အရေအတွက်အနေဖြင့် မြန်မာစာ ၁၇၁၂၊ အင်္ဂလိပ်စာ ၄၅၆၊ သင်္ချာ ၁၈၃၃၊ ဓာတုဗေဒ ၂၂၉၃၊ ရူပဗေဒ ၂၀၈၅၊ ဇီဝဗေဒ ၃၇၄၉ ၊ သမိုင်း ၁၃၉၊ ပထဝီ ၃၉၉၊ ဘောဂ ၁၅၈၂ တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါကဲ့သို့ အောင်ချက်များ ရရှိခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီးအနေဖြင့် ယခင်နှစ် အောင်ချက်ထက် လျော့နည်း ခဲ့ ကြောင်း သိရသည်။
“အောင်ချက် ရာနှုန်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်ထက် ကျပါတယ်၊ ပြီးခဲ့တဲ့နှစ်က အောင်ချက်ရာနှုန်းက ပထမအဆင့်ပါ၊ ဒီနှစ်က မေးခွန်း ပုံစံ ပြောင်းလဲမှုပေါ်မှာ ဂုဏ်ထူးရရှိမှု အရည်အတွက်တွေက အခြားတိုင်းနဲ့ ပြည်နယ် တွေမှာ နည်းသွားပေမယ့် ကျနော်တို့ တိုင်းအနေအထားကတော့ အရည်အသွေးပိုင်းအနေနဲ့ တိုးတက်တယ်လို့ သုံးသပ်ပါတယ်”ဟု ဦးစိုးလွင်က ဆက်လက်ပြောသည်။
၂၀၁၇-၁၈ ပညာသင်နှစ်က မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၁၁၃၉၈ ဦးရှိ ကာ အောင်မြင်သူ ၄၂၅၁၇ ဦးရှိခဲ့ပြီး ရာခိုင်နှုန်း ၃၈ ဒသမ ၁၇ ရာနှုန်းရှိခဲ့ကြောင်း၊ ဂုဏ်ထူးရရှိမှုအနေဖြင့် ၆ဘာသာ ဂုဏ်ထူးရှင် ၂၈၉ ဦး၊ ၅ဘာသာဂုဏ်ထူးရှင် ၆၄၀ ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ၁၁၃၄ ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၁၁၆၆ ဦး၊ ၂ဘာသာ ဂုဏ်ထူးရှင် ၁၇၄၃ဦး၊ ၁ဘာသာဂုဏ်ထူးရှင် ၆၈၉၆ ဦး ရှိကာ စုစုပေါင်းအနေဖြင့် ၁၁၈၆၈ ဦးအထိ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူချုပ်ရုံး၏ မှတ်တမ်းများအရ သိရသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းမှာ ၃၁ ဒသမ ၄၄ရှိခဲ့ပြီး မွန်ပြည်နယ်မှ အောင်ချက်ရာနှုန်း ၃၇ ဒသမ ၅၄ ဖြင့် ပထမအဆင့်ဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အောင်ချက် ရာခိုင်နှုန်းနှင့် ဂုဏ်ထူး ထွက်ရှိမှုနှုန်း ၂ခု လုံးသည် ယခင်နှစ်များထက် ကျဆင်းခဲ့ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း၌ ဖြေဆိုသူ ၈၅၁၅၂၄ ဦးအနက် အောင်မြင်မှုမှာ ၂၆၇၆၂၄ ဦးသာရှိရာ ကျရှုံး သူမှာ ၅၈၃၈၂၈ ဦးအထိ ရှိကြောင်း သိရသည်။
အဆိုပါကဲ့သို့ ကျဆုံးမှု များရခြင်းကို မန္တလေးမြို့ခံ လူငယ်ကျူရှင်ဆရာ ကိုမင်းမင်းစိုးက “အပြောင်းအလဲ ဖြစ်တာ ကြောင့် ပါ၊ အင်္ဂလိပ်စာ ဆိုရင်လည်း သင်ရိုးပုံစံ ပြောင်းသွားတယ်၊ ကျန်တဲ့ဘာသာရပ်တွေမှာလည်း သင်ရိုးပုံစံ ပြောင်းသွားတယ်၊ နောက်ပြီး ၂၀၀၂ကနေ ၂၀၁၈အထိက စနစ်တခုကို ကျင့်သုံးခဲ့ကြတာ၊ ဆရာတွေကလည်း အဲဒါနဲ့ ရင်းနှီးခဲ့ကြ တာ၊ ၂၀၁၉ မှာတော့ မေးခွန်းမေးတဲ့ ပုံစံ ပြောင်းလိုက်တဲ့ အခါ ကလေးတွေအတွက် နည်းနည်းလေးတော့ အခက်အခဲရှိခဲ့တယ်၊ အဓိက မေးခွန်းပုံစံ ပြောင်းလဲမှုကြောင့် အောင်ချက်တွေ ကျဆင်းခဲ့ရတယ်လို့ မြင်ပါတယ်”ဟု သုံးသပ်ပြောပြသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်နှစ်က အောင်ချက် ရာခိုင်နှုန်း ၆၆ ဒသမ ၁၉ ရှိခဲ့ပြီး ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၃၁ ဒသမ ၄၄ ရှိသောကြောင့် ထက်ဝက်ကျော် ကျဆင်းခဲ့ရကြောင်း၊ ထို့အတူ ဂုဏ်ထူးရရှိမှုအနေဖြင့်လည်း ယခင်နှစ်က ဘာသာစုံ ဂုဏ်ထူးရသူ ၇၁၆ ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၇၅၇၅၆ ဦးအထိ ရှိခဲ့ပြီး ယခုနှစ်တွင် ဘာသာစုံ ဂုဏ်ထူးရသူ ၅၃၇ဦးအပါအဝင် ဂုဏ်ထူးရရှိသူ ၄၃၀၂၂ ဦးရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း မြင့်လာ
ဆယ်တန်းအောင် အကျဉ်းသား ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး