နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၄ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံတို့၏ မျက်နှာဖုံးတွင် မျက်နှာပြည့် တခမ်းတနား ဖော်ပြသည်။
ယခုကဲ့သို့ ဖော်ပြရခြင်းသည် အစိုးရ နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်ကြောင့် မဟုတ်ဘဲ အခြေအနေ အရ သတင်းဖြစ် နေသည့်၊ လူအများ သိချင်သည့် သတင်းမျိုး ဖြစ်နေခြင်းနှင့် ခေတ် အခြေအနေအရ ဖော်ပြရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသက်ဆွေက ပြောသည်။
ဦးသက်ဆွေက“ဘာမူဝါဒတွေ ဘာတွေ မရှိဘူး။ သတင်းဖြစ်လို့ ထည့်တာပါ။ သတင်းဖြစ်တယ်။ လူတွေလည်း သိချင် မယ်။ သိနိုင်မယ်။ ကျနော်တို့ အတွက်လည်း သတင်း ဖြစ်တယ်ပေါ့။ အဲဒါကြောင့် News လေးတွေ လုပ်ပြီး ထည့်လိုက် တာပါ”ဟု ဧရာဝတီ သို့ ပြောသည်။
ယမန်နေ့က ကျရောက်သည့် ဇွန်လ ၁၉ ရက်နေ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့် မွေးနေ့ဖြစ်ရာ တနိုင်ငံ လုံး တွင် လူတန်းစား အလွှာပေါင်းစုံက ပုံစံအမျိုးမျိုးဖြင့် မွေးနေ့ပွဲများ ကျင်းပပေးခဲ့ကြပြီး နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်သည့် မွေးနေ့ပွဲ ၆ ခု ရှိခဲ့သည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဆောက်လုပ်မည့် နေပြည်တော်မှ လရောင်တော၊ လွှတ်တော်ဝန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာနနှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ မြနန်းဘုံသာ လမ်းရှိ ခြံအမှတ် ၃၃ တို့တွင် မွေးနေ့ပွဲ ကျင်းပကြခြင်း ဖြစ်သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို တနိုင်ငံလုံးတွင် တရားဝင် ကျင်းပနိုင်ခဲ့သော်လည်း တပ်မတော် အစိုးရ လက်ထက် က အခက်အခဲ အကြပ်အတည်း များစွာဖြင့် ရန်ကုန်မြို့ ရှိ ခြံအမှတ် ၅၄ တွင် ဖြစ်စေ၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး (NLD) တွင် ဖြစ်စေ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထိုစဉ်က မွေးနေ့လက်ဆောင်များ ပေးအပ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား လက်ဆောင်မပေးဘဲ အလှူငွေ များကို စုစည်းစေပြီး ကလေးများအတွက် ပညာရေးရန်ပုံငွေ သဘောမျိုး ပြောင်းလဲ ပြုလုပ်ပေးခဲ့ဖူးကြောင်း၊ နေအိမ် အကျယ်ချုပ် ကာလများတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အမြန်လွှတ်ပေးရေး ဆုတောင်းမှုများ လည်း ရှိခဲ့ဖူးကြောင်း ထိုစဉ်က NLD ဗဟိုလူငယ် အထောက်အကူပြု အဖွဲ့ဝင် ဒေါ်ခင်လေးက ပြောပြသည်။
ထို့ပြင် နိုင်ငံရေး အလွန် ကျပ်တည်းနေသည့် အချိန်၊ စစ်ထောက်လှမ်းရေး ဘက်မှ အလွန် တင်းမာနေသည့် အချိန် များ တွင် NLD မှ အမျိုးသမီးများ၊ အခြားအင်အားစုများ စုပေါင်းပြီး ရွှေတိဂုံဘုရား၏ အင်္ဂါထောင့်တွင် နေအိမ် အကျယ် ချုပ်မှ အမြန်ဆုံးပြန်လည် လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးတို့အတွက် အင်္ဂါနေ့တိုင်း ပုံမှန် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ဒေါ်ခင်လေးက“မွေးနေ့ပွဲလုပ်လို့ အဖမ်းခံရတာမျိုးတွေလည်း ရှိတာပေါ့။ ကျမ သေချာတော့ မမှတ်မိတော့ဘူး။ မွေးနေ့ ပွဲလုပ်လို့ ထောင်ဘယ်နှနှစ် ကျသွားတယ်ဆိုတာလည်း ရှိကောင်းရှိမယ်။ မွေးနေ့ပွဲ မလုပ်ရဘူးဆိုပြီး ပိတ်ပင်ထားတာ မျိုး ကတော့ ရှိတယ်။ ကိတ်မုန့်တွေ မလုပ်နိုင်အောင်၊ ကိတ်မုန့်ဆိုင်တွေမှာ မုန့်တိုက်တွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ပတ်သက်တဲ့ ပုံတွေနဲ့ ကိတ်မုန့်အပ်မယ်ဆိုရင် လက်မခံဖို့တွေပေါ့”ဟု ပြောသည်။
၎င်းက ဆက်လက်၍“အရင်က အဲဒီလို ခက်ခက်ခဲခဲ ဖြတ်သန်းမှုတွေကြောင့် တတိုင်းပြည်လုံးမှာ မွေးနေ့ပွဲတွေကို ကျင်းပနိုင်တာကတော့ ကျမတို့က ဝမ်းသာပါတယ်။ အဲဒီလိုမျိုး ကျင်းပနိုင်တာတွေဟာ အရင်တုန်းက ခက်ခက်ခဲခဲ လုပ်ခဲ့တာတွေရဲ့ တန်ဖိုးကိုလည်း လူတွေ မမေ့ကြဖို့ လိုတယ်လို့ ကျမ ပြောချင်ပါတယ်”ဟုလည်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မွေးနေ့ပွဲအတွက် လွှတ်တော်သို့ လာရောက်သည့်အခါ နိုင်ငံတော်မှ ပေးအပ် ထားသည် ကျည်ကာ မော်တော်ယာဉ် မာစီဒီးကားကို မစီးဘဲ သူ၏ ကိုယ်ပိုင်ယာဉ် ကားအဖြူလေးဖြင့် လာရောက်ခဲ့ သည်ကို တွေ့ရသည်။ နှစ်စဉ် မွေးနေ့ပွဲတိုင်းတွင် နိုင်ငံတော်ကားကို အသုံးပြုခဲ့ခြင်း မရှိပါ။
သို့သော် ယခုကဲ့သို့ ပုဂ္ဂလိကဆန်သည့် မွေးနေ့ပွဲတခုကို ပြည်သူ့ ဘတ်ဂျက်ငွေဖြင့် လည်ပတ်နေသည့် နိုင်ငံပိုင် သတင်းစာ များ၏ မျက်နှာဖုံး၌ ထည့်သွင်း ဖော်ပြသည့်အခါ ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
“ဦးသိန်းစိန် အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒုသမ္မတတွေပဲ ဖြစ်ဖြစ်၊ ဒီလိုမျိုး Personal ကိစ္စမျိုးမှာ နိုင်ငံပိုင် မီဒီယာကို သိပ်မသုံးကြဘူး။ NLD အစိုးရလက်ထက်မှာ အခုလိုလုပ်တာ မှားသလားဆိုတော့ မမှား ဘူး။ ဒါပေမယ့် ဒီစာမျက်နှာမှာ ဒီအကြောင်းအရာနဲ့ မသုံးသင့်ဘူးလို့ မြင်တယ်”ဟု ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးမြင့်ကျော် က သုံးသပ်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့သည် နှစ်စဉ်နှစ်တိုင်း လုပ်နေကြဖြစ်ရာ မျက်နှာဖုံး ဖော်ပြသင့်သည့် သတင်းမျိုး မဟုတ် ကြောင်း၊ သူ့ထက် အကျိုးရှိနိုင်မည့် အစည်းအဝေးတခုခု ဖြစ်စေ၊ အခြား အကြောင်းအရာ တခုခု ဖြစ်စေ မျက်နှာဖုံး တွင် ဖော်ပြသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို လူကြီး ကြိုက်မည်ထင်၍ လုပ်ဆောင်ပေးခြင်းမျိုး မကြာခဏတွေ့ ရပြီး အမှန်တကယ်တွင် လူကြီးက ကြိုက်ချင်မှ ကြိုက်လိမ့်မည် ဖြစ်သလို တိုင်းပြည်တွင် အရေးကြီးသည့် အခြားသော လုပ်စရာ များစွာရှိနေသည်ကို သတိပြုသင့်ကြောင်း၊ လူမှုရေးဆိုင်ရာ ကိစ္စတခုခုကို အတင်းဆွဲ၍ မတင်သင့်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“ဒါကသတင်း အချက်အလက် မဟုတ်ဘူး။ ပြည်သူတွေ သိချင်နေတာက ကျနော်တို့ လောလောဆယ်မှာ မီးပျက်နေ တယ်။ မီးမှန်အောင် ဘယ်တော့ လုပ်ပေးမလဲ။ မီးဘာကြောင့် ပျက်နေလဲဆိုတဲ့ အကြောင်းတွေကိုပဲ သိချင်ကြတာ။ ပြည်သူလူထု တကယ်လိုအပ်နေတာက သူတို့ရဲ့ဘဝကို ဘယ်လို အပြောင်းအလဲ လုပ်ပေးမလဲ ဆိုတာပဲ”ဟု ဦးအောင်လှိုင်ဝင်းက ပြောဆိုသည်။
၎င်းက ဆက်လက်၍“ကျနော်တို့ စားနိုင်တယ်။ သုံးနေနိုင်တယ်။ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ကျနော်တို့ အပျော် ဘယ်ကို ခရီးထွက်နေတယ်ဆိုတာတွေက ပြည်သူလူထုနဲ့ မပတ်သက်ဘူး။ အထူးသဖြင့် ကိုယ်စားလှယ်တွေက ဆင်ဆင်ခြင်ခြင် နေရတယ်။ အထူးသဖြင့် တိုင်းပြည် စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မျိုးမှာ အဲဒီလို ပျော်တဲ့ ရွှင်တဲ့ဟာမျိုးကို ကျနော်တို့ တတ်နိုင်သလောက် ပြည်သူလူထုကို မပြောချင်ဘူး”ဟုလည်း ပြောသည်။
ထို့ကြောင့် မင်္ဂလာဆောင်သွားခြင်း၊ လူမှုရေး ကိစ္စများ ပြုလုပ်ခြင်းမျိုးသည် အများပြည်သူသို့ ထုတ်ပြန်ရန် မသင့် လျော်ဘဲ NLD အစိုးရအနေဖြင့် ပြည်သူကို ပြရမည့် သတင်းစကားမှာ တိုင်းပြည်အတွက် ဘယ်လို အလုပ်လုပ်နေ သလဲ ဆိုတာမျိုးပင် ဖြစ်ကြောင်း၊ ထိုအချက်က ပိုပြီး ဆီလျော်မည်ဟု ယူဆကြောင်း ဦးအောင်လှိုင်ဝင်းက ပြောဆို သည်။
ယခင် အစိုးရ အဆက်ဆက် ခေါင်းဆောင်များဖြစ်သည့် ဦးနေဝင်း၊ ဦးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတ ဦးသိန်းစိန်တို့ သည်လည်း ၎င်းတို့၏ မွေးနေ့ အခမ်းအနားများကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြလေ့ မရှိခဲ့ပါ။
“ဦးသိန်းစိန် မွေးနေ့ကိုတော့ သတင်းစာ မျက်နှာဖုံးမှာ ဖော်ပြတာမျိုး မတွေ့ ဖူးဘူး။ ဦးသိန်းစိန်ကတော့ မလုပ်ဘူးလို့ ထင်တာပဲ။ ဦးသန်းရွှေကတော့ ပိုဆိုးတယ်။ သူ့သတင်းက သိပ်ပါတာမျိုးမှ မဟုတ်တာ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ထို့ပြင် ၂၀၁၇ ခုနှစ်က ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပခင် NLD ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန် အပါအဝင် ပါတီ ထိပ်တန်း တာဝန်ရှိသူများ၏ အင်တာဗျူး သတင်းများကို နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့သဖြင့် ဝေဖန်မှု များ ခံခဲ့ရသေးသည်။
You may also like these stories:
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ မကြာမီ ပုံနှိပ်ထုတ်ဝေတော့မည်ဟု ဝန်ကြီးပြော
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး NLD လူငယ်များပါ ပူးတွဲတာဝန်ယူနေ