တပ်မတော်က တပ်လှုပ်ရှားမှုများနှင့် အပစ်အခတ် ရပ်စဲကြောင်း တဖက်သတ် ကြေညာထားသည့် ၈ လကြာ ကာလ အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကြား တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ပွားထားကြောင်း သိရသည်။
တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ ၄ လ အပစ်ရပ်ကြောင်း ပထမ ဆုံး ကြေညာခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ အထိ အပစ်ရပ်ကာလ သက်တမ်းတိုးကြောင်း၊ တတိယ အကြိမ် အဖြစ် သြဂုတ်လ ၃၁ ရက်ထိ အပစ်ရပ်ကြောင်း ကြေညာထားသည်။
အပစ်ရပ် ကြေညာထားသည့် နယ်မြေများမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာန ချုပ် နယ်မြေတို့ ဖြစ်ကြသည်။
အဆိုပါ အပစ်ရပ်ကာလ ၈ လ အတွင်း တပ်မတော်နှင့် TNLA ကြား တိုက်ပွဲ ၅၉ ကြိမ် ဖြစ်ပွားထားပြီး ဆက်လက် ဖြစ်ပွားနိုင်သော အခြေအနေ ရှိနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အပစ်ရပ်ပြီး နောက်ပိုင်းမှာတော့ တိုက်ပွဲ မဖြစ်သလောက်ကို မရှိဘူး၊ ဇွန်လမှာ အဖြစ်များတယ်။ ဒီ အပစ် ရပ် ကြေညာပြီး နောက်ပိုင်း စုစုပေါင်း ၆၀ နီးပါးလောက်ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ လားရှိုး၊ နမ့်ဆန် စသည့် မြို့နယ်များ အတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လက ၂၀ ကြိမ် ဖြစ်ပွားခဲ့သလို ဇူလိုင်လထဲမှာတော့ ဇူလိုင်လ ၂၂ ရက်အထိ ၁၂ ကြိမ် ဖြစ်ပွားထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး အဖွဲ့က ဆိုသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က“ဇွန်လမှာ အဖြစ်များတယ်၊ ဇွန်လမှာ တိုက်ပွဲ ၂၀ လောက်ဖြစ်တယ်။ ဇူလိုင်လထဲမှာ ၁၂ ကြိမ် လောက် ဖြစ်ပြီးပြီ၊ တိုက်ပွဲဖြစ်တာက စစချင်းတုန်းကတော့ မိနစ်ပိုင်းပေါ့နော်၊ မိနစ် ၂၀-၃၀ ပေါ့၊ နောက်ပိုင်းမှာ တချို့က ၁ နာရီကျော်တွေ ဖြစ်တယ်၊ သူတို့ဘက်က ကြားကောင်းအောင် အပစ်ရပ်ကြေညာထားတဲ့ပုံစံ ဘာမှ ပြောင်းလဲမှု မရှိပါ ဘူး၊ သူတို့က လှုပ်ရှားလျက်ပဲ ကျနော်တို့က ဆုတ်ပေးနေလို့သာ တိုက်ပွဲဖြစ်သံ သိပ်မကြားတာ၊ ဒါပေမယ့် ဇွန်လထဲမှာ ပုံစံပြောင်းလာတယ်၊ ကျနော်တို့ ရှိတဲ့နေရာကို သူက တောက်လျှောက် လိုက်လာတာ အဲဒါကြောင့်မလို့ တိုက်ပွဲတွေ ပြန်ဖြစ်တာ”ဟု ပြောသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ TNLA နှင့် တိုက်ပွဲ ဘယ် နှကြိမ် ဖြစ်ပွားခဲ့သည့် စာရင်းကို မသိရသေးကြောင်း၊ မိမိတို့အနေဖြင့် အုပ်ချုပ်မှု ကိစ္စများကြောင့် လှုပ်ရှားမှုများ ရှိ သော်လည်း ထိုးစစ်ဆင်မှု မရှိကြောင်း၊ သာမန် တပ်လှုပ်ရှားမှုတချို့ ရှိကြောင်း၊ အပစ်ရပ် ကြေညာထားရာတွင် ပါဝင် သော နယ်မြေ မတည်ဆောက်ရန်၊ အင်အား မတည်ဆောက်ရန် နှင့် ပြည်သူ လူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် ဆက်ကြေး ကောက်ခံမှုများ မပြုလုပ်ရန်လည်း လိုက်နာရန် လိုအပ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့ဆီမှာတော့ အဲဒါ စာရင်းမရှိသေးဘူးဗျ၊ အဲဒါ သတင်းစာ ရှင်းလင်းပွဲကျမှပဲ အဲဒါရှင်းလို့ရမှာ၊ ကျနော် သိ သလောက်တော့ နမ့်ဆန်ဘက်မှာ ဖြစ်လာတာတော့ ရှိတယ်၊ လှုပ်ရှားတဲ့ဟာ ဆိုတာကလည်း အုပ်ချုပ်မှု ကိစ္စနဲ့ ပတ်သက်ပြီး လှုပ်ရှားတဲ့ဟာတွေ သာမန် တပ်လှုပ်ရှားမှုလေးတွေတော့ ရှိမှာပါ။ အဓိကတော့ သူတို့ နယ်မြေ တည်ဆောက် တာတို့၊ အင်အား တည်ဆောက် တာတို့၊ ပြည်သူလူထု အနှောင့်အယှက် ဖြစ်အောင် ဆက်ကြေး ကောက် တာ တို့ မလုပ်ဖို့ အရေးကြီးတယ်”ဟုလည်း ၎င်းက ပြောသည်။
တပ်မတော်နှင့် TNLA တို့ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပိန်လုံကျေးရွာနှင့် နမ့်ဆာ ကျေးရွာကြားတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က နောက်ဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး ယနေ့အချိန်ထိ တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း လည်း သိရသည်။
လက်ရှိတွင် အစိုးရသည် TNLA အပါအဝင် ရက္ခိုင် စစ်တပ် (AA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDA) (မြောက်ပိုင်း မဟာမိတ် အဖွဲ့) တို့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral) စာချုပ် လက်မှတ်ထိုးနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေပြီး နှစ်ဖက် ကိုယ်စား လှယ် များကြား Bilateral စာချုပ် မူကြမ်းများ အပြန်အလှန် ပေးအပ်ကာ သုံးသပ်လျက် ရှိကြသည်။
Bilateral စာချုပ် ရေးထိုးနိုင်ရေး အတွက် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့တွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ထပ်မံ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် နှစ်ဖက် ညှိနှိုင်းနေကြကြောင်း သိရသည်။
TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“Bilateral စာချုပ် လက်မှတ်ထိုးနိုင်ရေး ကျနော် တို့က မူကြမ်း ပေးထားတယ်၊ အစိုးရ ဘက်ကလည်း သူတို့လိုချင်တဲ့ မူကြမ်းကို မိုင်းလားပွဲမှာတုန်းက ပေးလာ တယ်၊ ဒါကို ပြန်ဆွေးနွေးဖို့ ကြိုးပမ်းနေတယ်၊ တွေ့မယ့် ရက်တော့ ညှိနှိုင်းနေကြတုန်းပဲ။ တိုက်ပွဲ မဖြစ်တာ ပိုကောင်း တယ်၊ တဖက်မှာ ဆွေးနွေးနေပြီး တဖက်မှာ ဖြစ်နေရင် ယုံကြည်မှုမှာ အားနည်းစေတယ်၊ ဒါပေမယ့် ဆွေးနွေးပွဲက မလုပ်လို့ တော့မဖြစ်ဘူး။ လုပ်ရမယ် ဒါမှ အဖြေထွက်လာမယ်”ဟု ပြောသည်။