အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ လုပ်ပိုင်ခွင့်များ ပိုမိုများပြားလာရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း တခု ယမန်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း၊ ထိုမူကြမ်း၌ သမ္မတမှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေးကို ရရှိစေရန် ဟူသည့် အချက် ပါဝင်လာသည်ဟု သိရသည်။
ထိုဥပဒေကြမ်းကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကရင်ပြည်နယ် မဲဆန္ဒနယ်မှ ဦးစိုင်းသန်းနိုင် အပါ ဝင် ကိုယ်စားလှယ် ၁၄၅ ဦးတို့မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တခုကို စက်တင်ဘာ ၁၈ရက် တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုမီ ကိုယ်စားလှယ်များ လေ့လာနိုင်ရန် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီမှ တင်ပြလိုက်သည့် အချက်များထဲတွင် ပါဝင်သည့် ပုဒ်မ ၂၀၁ မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းနှင့် တာဝန် နှင့်ဆိုင်သော အချက်များ ဖြစ်သည်။
ပုဒ်မ ၂၀၁ (က) အပါအဝင် အခြားပုဒ်မ အချို့ကို ပြင်ဆင်ရသည့် ရည်ရွယ်ချက်မှာ “နိုင်ငံတော် သမ္မတမှ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့် ထုတ်ပြန်ရာတွင် အုပ်ချုပ်ရေး ကဏ္ဍနှင့် ဥပဒေ ပြုရေး ကဏ္ဍ အပြန်အလှန် ထိန်းကျောင်းမှု ဆောင်ရွက်ရာတွင် သမ္မတ စနစ် ပိုမို ပီပြင်စေရန် သမ္မတ မှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေးကို ရရှိစေရန် ပြင်ဆင်ခြင်း ဖြစ်သည်” ဟုဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၁(က)တွင် ကာ/လုံကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။
ယခုအခါ ကာ/လုံ၏ ဆောင်ရွက်ရမည့် တာဝန်များကိုပါ ထည့်သွင်းလိုကြောင်း လွှတ်တော်သို့ တင်ပြလာခြင်း ဖြစ်သည်။
နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက “ဒီအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက် ပြီး တော့ ဒီမိုကရေစီ ဘောင်ချဲ့ဖို့ ဖက်ဒရယ် ကောင်းဖို့ ကြိုးစားနေတယ်။ တပ်နဲ့ ကြံ့ခိုင်ရေးက ဗဟို ချုပ်ကိုင်မှု အားကောင်းအောင် ကြိုးပမ်း နေတယ်။ အဲဒီ ၂ ခုက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်” ဟုပြောသည်။
သို့ဖြစ်ရာ အခြေခံ ဥပဒေကို ပြင်ဆင်ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာဦးမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
လွှတ်တော်သို့ တင်သွင်းလာသည့် ဥပဒေမူကြမ်းတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ တာဝန်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်ရမည်။ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတော်သမ္မတအား အကြံဉာဏ် ပေးရမည်ဟု ဖြည့်စွက်ချက်တွင် ဖော်ပြထားသည်။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်း လာသည့် အခါ လွှတ်တော် များကို ဖျက် သိမ်းရန် သင့်/ မသင့် နိုင်ငံတော် သမ္မတအား အကြံပေးရမည်။
ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အရေအတွက် သုံးပုံ တပုံနှင့် အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းရန် သင့်/ မသင့် နိုင်ငံတော် သမ္မတအား အကြံပေး ရမည်ဟု ဆိုသည်။
အစည်းအဝေးအား သာမန်အားဖြင့် ၂ လ တကြိမ် ကျင်းပရန် ဖြစ်ပြီး လိုအပ်ပါက အထူးအစည်း အဝေး ခေါ်ယူ ကျင်းပရမည်။ အနည်းဆုံး ကောင်စီဝင် ၅ ဦးက တောင်းဆိုလျှင် အစည်းအဝေး ခေါ်ယူ ကျင်းပရမည်။ ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကောင်စီဝင် အားလုံး၏ ဆန္ဒ သဘောထားကို အလေးထား၍ အဆုံးအဖြတ်ကို နိုင်ငံတော် သမ္မတက ပေးရမည် ဆိုသော အချက် လည်း ပါဝင်ပြီး ကာ/လုံ၏ တာဝန်များမှာ စုစုပေါင်း ၇ ချက် ရှိသည်ကို တွေ့ရသည်။
ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းက “ ပြည်သူတွေက အဆင့်ဆင့်တင်မြောက်ထားတဲ့ လွှတ်တော်တွေ ကိုတောင်မှ လိုအပ် ရင် ဖျက်သိမ်း ဖို့ သမ္မတကို အကြံပေးမယ်ဆိုတာမျိုး တွေပါလာတယ်။ လွှတ်တော်ကို ဖျက်သိမ်းမယ် ဆိုတာက ဒီမိုကရေစီ အရ ဖြစ်ပေါ်လာတဲ့ လွှတ်တော်တွေ အထူးသဖြင့် ဒီမိုကရေစီ အစိုးရလက်ထက်မှာ လွှတ်တော် ဆိုတာ မရှိလို့ မရဘူး”ဟု ဥပဒေကြမ်းအပေါ် သုံးသပ်သည်။
ပြင်ဆင်လိုသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းတွင် ကာ/လုံ၏ လုပ်ပိုင်ခွင့်များစွာ ရှိနေ ကြောင်း၊ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆုံးဖြတ် ရသည်မှာ ကာ/လုံက ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော် သမ္မတက လုပ်ခွင့် မရှိကြောင်း၊ နိုင်ငံသားများ၏ ရပိုင်ခွင့်အရေး အများစုကို ချုပ်ကိုင်ထားသည်ကို ယင်းဥပဒေတွင် တွေ့ရကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
၎င်းက“အခွင့်အရေးတွေ အများကြီး ပေးထားတာကို ထပ်ပြီး တောင်းလာတယ်ဆိုတာက သေချာတယ်။ သူတို့ အသာစီးရတဲ့ အဖွဲ့အစည်း လက်ထဲကို အာဏာတွေ အပ်ချင်တာပဲ” ဟု ဝေဖန်သည်။
ယခု တင်သွင်းသည့် အချက်များမှာ တိုင်းပြည်နဲ့လူမျိုး အတွက် ပိုမို လုံခြုံနိုင်စေရန်နှင့် ပြည်သူများ အကျိုးပြုမည့် ဆောင်ရွက်ချက်များ ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် သမ္မတမှ ကာ/လုံကို ကျင်းပပေးရန်အတွက် အဖွဲ့ဝင် ၅ ဦးမှ တောင်းဆိုမည် ဆိုပါက အစည်းအဝေးကို ခေါ်ယူ ကျင်းပရမည် ဟူသည့် အချက် ထည့်သွင်းရခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးလှသိန်းက ရှင်းပြသည်။
ယနေ့တင်သွင်းသည့် ဥပဒေ မူကြမ်းတွင် ကာ/လုံနှင့် သက်ဆိုင်သော ပုဒ်မ ၂၀၁ (က) အပြင်၊ ပုဒ်မ ၅၊ ပုဒ်မ ၅၉(ဂ) တို့လည်း ပါဝင်သည်။
ပုဒ်မ ၅ တွင် နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည် ဖြစ်သည့်နေ့ တွင် တည်ရှိသည့် အတိုင်း ဖြစ်သည့် အပြင် ရရှိလာသည့် အခြားနယ်များ ရှိလျင် ထိုအခြားနယ်မြေများလည်း ပါဝင်သည်ဟု ဖော်ပြ ထားရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့် အတိုင်း ဖြစ်သည့် အပြင် “ ရရှိလာသည့် အခြားနယ် မြေများ ရှိလျှင် ထို အခြား နယ်မြေများလည်း ပါဝင်သည်ဟု ဖြည့်စွက်ရမည်” ဟု ဖော်ပြထားသည်။
ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဂ) တွင်နိုင်ငံံတော်သမ္မတ၊ ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရ သူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည် အစား “ အနည်းဆုံး” ဟူသည့် စကားရပ်အား ပယ်ဖျက်ရမည်ဟု ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကာ/လုံ ဖျက်သိမ်းရန် ရခိုင်ပါတီ အဆိုပြု
တပ်မတော်သည် အစိုးရ လက်အောက်တွင် ရှိ၊ မရှိ လွှတ်တော်တွင် လူသိရှင်ကြား မေးခွင့်မရ