ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ၏ စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်ခြင်း အပေါ် ကန့်ကွက်သည့် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဧရာဝတီတိုင်း ဒေသကြီးရှိ ငပုတောမြို့နယ်နှင့် ဟင်္သာတ မြို့နယ်တို့တွင် ၂ ရက် ဆက်တိုက် ပြုလုပ်ခဲ့သည်။
ပုသိမ်ခရိုင် ငပုတောမြို့ အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများက ဇန်နဝါရီလ ၁၈ ရက်တွင် ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ် ခဲ့သလို ဇန်နဝါရီလ ၁၉ ရက်တွင် ဟင်္သာတမြို့နယ်မှ ဆရာ၊ ဆရာမများ စုပေါင်း၍ ပညာရေး ဝန်ကြီးဌာန၏ ဆုံးဖြတ် ဆောင်ရွက်မှုကို ကန့်ကွက်ကြောင်း ဖဲကြိုးစိမ်း ကမ်ပိန်း ပြုလုပ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဟင်္သာတမြို့နယ် ပညာရေး လုပ်သားများ သမဂ္ဂ ဥက္ကဋ္ဌ စခန်းကြီး ကျေးရွာ မူလတန်းကျောင်းအုပ် ဦးကျော်ကျော်ခိုင် က “မတ်လအထိ ကျောင်းတက်ရမယ့် ကိစ္စက ဆရာ၊ ဆရာမတွေရော၊ မိဘတွေရော၊ ကျောင်းသား တွေအတွက်ပါ လုံး၀ အဆင်မပြေပါဘူး။ မိဘတွေဆိုလည်း ကလေးကိစ္စနဲ့ ၁ လတာ ပိုအလုပ်ရှုပ်မယ်၊ ဒုက္ခ ရောက်မယ်။ ကလေးတွေ အတွက် ကလည်း ကျောင်းပိတ်ရက်မှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ တည် ဆောက်ရမယ့် အချိန်တွေ ဆုံးရှုံးသွားမယ်။ ဒါကြောင့် စာသင်ချိန် တိုးမြှင့်တဲ့အပေါ် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ကမ်ပိန်းကို ဟင်္သာတမြို့နယ် ပညာရေး လုပ်သားများ သမဂ္ဂက ဦးဆောင်၍ မြို့လယ် မီးပွိုင့်နှင့် ဟင်္သာတ တက္ကသိုလ် ရှေ့တွင် ပြုလုပ်ခြင်း ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်ဘတ်တွင် ဖဲကြိုးစိမ်း တပ်ဆင်ပေးခြင်း၊ ကမ်ပိန်းကို ထောက်ခံသော လက်မှတ် ကောက်ခံသည့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဧရာဝတီတိုင်း ဒေသကြီး၌ ပုသိမ်မြို့ပညာရေး ကောလိပ်တွင် ဇန်နဝါရီ ၁၀ ရက်က ပုသိမ်ပညာ ရေး ကောလိပ် ကျောင်းသားများ သမဂ္ဂက ဦးဆောင်၍ ပထမဆုံး စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယမန် နေ့က ဟင်္သာတမြို့၌ ပြုလုပ်သည့် ဖဲကြိုးစိမ်းကမ်ပိန်းမှာ ဧရာဝတီတိုင်းအတွင်း တတိယ အကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဟင်္သာတမြို့မှ မူလတန်းပြ ဆရာမ ဒေါ်ဝတ်ရည်နှင်း က “ဆယ်တန်း စာမေးပွဲဖြေဖို့ စာစစ်ဌာန လုပ်မယ့် ကျောင်းတွေ ရှိ တယ်။ စာမေးပွဲဖြေတဲ့ နေ့ကျတော့ အဲဒီ ကျောင်းက တခြားအတန်းက ကလေးတွေ ဘယ်သွား နေရမလဲ။ ကျောင်းက မပိတ်တော့ စာစစ်ဌာနမှာ အခန်း စောင့်ရမယ့် ဆရာ၊ ဆရာမတွေကရော သူတို့အတန်းကို ဘယ်သူထိန်းမလဲ၊ ဘယ်သူ စာသင်မလဲ။ ကလေးတွေလည်း နားချိန် မရတော့ဘူး။ စီမံခန့်ခွဲမှုနဲ့ လက်တွေ့ အကောင်အထည်ဖော်မှု သဟဇာတ မဖြစ် ရင် ပညာရေး မတိုးတက်နိုင်ပါဘူး။ ဒါကြောင့် မတ်လအထိ စာသင် ချိန် တိုးမြှင့်ခြင်းကို ကန့်ကွက်ပါတယ်” ဟု ပြောသည်။
မတ်လအထိ ကျောင်းတက်ရပါက ကလေးများ၏ နားနေချိန် လျော့နည်းသွားနိုင်ခြင်း၊ စာသင်ချိန်တလ တိုးရုံဖြင့် ကလေး များ ပညာရေး တိုးတက်မည်ဟု တထစ်ချ သတ်မှတ်၍ မရခြင်း၊ ဆရာ၊ဆရာများမှာ မတ်လ အတွင်း သင်ကြားရေး တာဝန် ထမ်းဆောင်နေချိန်တွင် စတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းများ၏ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာမေးပွဲခန်း ကြီးကြပ်ခြင်း၊ အဖြေလွှာ စစ်ဆေးခြင်း၊ အောင်စာရင်း ပြုစုခြင်း စသည့်တာဝန်များ တပြိုင်တည်း ထမ်းဆောင် ရမည်ဖြစ်၍ ဆရာများ ဝန်ပိစေခြင်း၊ ဆရာအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နိုင်ခြင်း စသည့် အချက်များကြောင့် ပြင်း ထန်စွာ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီဇင်ဘာလ ၂၂ ရက် တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
ထို့ပြင် မတ်လတွင် ရာသီဥတု ပူပြင်းသဖြင့် ကျောင်းသားများ ကျန်းမာရေး ထိခိုက်နိုင်ခြင်း၊ ဧပြီလတွင် တက္ကသိုလ်ဝင် တန်းသင် ဆရာများမှာ တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးရမည်ဖြစ်ပြီး အခြားအဆင့် ဆရာများမှာလည်း သင်တန်း တက်ရမည် ဖြစ်၍ ဆရာ၊ ဆရာမများ၏ အားလပ်ရပ် မရှိတော့သလောက် နည်းပါးသွားခြင်းတို့ ဖြစ်ပေါ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်မှုနှင့် မြန်မာနိုင်ငံ ဒေသတချို့ တွင် ဆရာ၊ ဆရာမများ၏ ဖဲကြိုးစိမ်း လှုပ်ရှားမှုပေါ်ပေါက်ပြီး နောက်ပိုင်း မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာ ကဏ္ဍမှ ဆရာ၊ ဆရာမ ၄ သိန်း ၇ သောင်းကျော် ကန့်ကွက်လျှင် စာသင်ချိန် တလ တိုးမြှင့်ခြင်းကို ပြင်ဆင်ရန် စဉ်းစားမည်ဟု အခြေခံပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြည်တွင်း သတင်းမီဒီယာ တခုကို ပြောဆိုထားသည်။
ဟင်္သာတမြို့မှ ကျောင်းသား မိဘတဦးဖြစ်သူ ဦးကျော်ဝင်း က “မတ်လဆိုတာ ရာသီဥတု အရမ်းပူပါတယ်။ ကျောင်း အများ စုမှာ ပန်ကာတောင် မရှိတော့ ကျောင်းသားကများ၊ ရာသီဥတုက ပူဆိုတော့ ကလေးတွေ ကျန်းမာရေး အတွက် စိုးရိမ်ရ ပါတယ်။ ခါတိုင်းက ဆယ်တန်း စာမေးပွဲ ဖြေချိန်ဆို တခြားကလေးတွေ ကျောင်း ပိတ်တော့ ဆယ်တန်းကလေးကို ဂရုစိုက် နိုင်တယ်။ အခုက အခြား ကလေတွေကလည်း ကျောင်းတက်ရမယ်၊ ဆယ်တန်းဖြေမယ့် ကလေးကိုလည်း ဂရုစိုက်ရမယ် ဆိုတော့ မိဘတွေအတွက် အရမ်းအခက်အခဲ ဖြစ်ပါတယ်။ ဒါကြောင့် စာသင်ချိန် တလတိုးတာတော့ ကျနော့်အနေနဲ့ ကန့် ကွက်ပါတယ်” ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာ ဆရာ၊ ဆရာမများ သင် ကြားရမည့် သင်ရိုးကို ဖေဖော်ဝါရီလကုန် အထိသာ ရေးဆွဲထားပြီး မတ်လတွင် စာသင်ကြားရန် သင်ရိုးဆွဲ ထားခြင်း၊ စနစ်တကျ ဆောင်ရွက်ထားခြင်း မရှိဘဲ ကျောင်းတက်ချိန်နှင့် စာသင်ချိန်ကို တလတိုးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာ ကဏ္ဍ၌ ဆရာ၊ ဆရာမပေါင်း ၄ သိန်း ၇ သောင်း ကျော်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း ၉ သိန်းကျော် ပညာသင်ကြားလျက် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန စာရင်း များ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
စာသင်ချိန် တိုးမည့် အပေါ် ကျောင်းသားမိဘများထံ သဘောထားလက်မှတ် တောင်းမည်