သတင်း

ယခုနှစ် နွေရာသီကာလအတွက် လျှပ်စစ်မီး အလုံအလောက်ပေးနိုင်မည်ဟုဆို

ပြီးခဲ့သည့် နှစ် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားအဓိကပေးနေသော ဆည်များတွင် ရေအလုံအလောက်မ ရှိသည့်အတွက် လျှပ်စစ်မီးအပြည့်အဝမပေးနိုင်ခဲ့သော်လည်း ယခုနှစ် နွေရာသီကာလအတွက်ကို လျှပ်စစ်မီး အလုံအလောက် ပေးနိုင်မည်ဖြစ်ကြောင်း စွမ်းအင် နှင့် လျှပ်စစ်ဝန်ကြီးဌာနထံမှ သိရသည်။

ယခုနှစ်အတွက် လိုအပ်မည်ဟု ခန့်မှန်းထားသော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန်အတွက် သဘာဝဓာတ်ငွေ့ ရည် (LNG) မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၁၆၆ မဂ္ဂါဝပ်ကို စတင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဒုအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “နွေရာသီအမှီထုတ်ဖို့အတွက် ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးမယ်ဆိုတာ အခု စထုတ်နေပါပြီ။ လျှပ်စစ်မီးကို မလိုအပ်ဘဲ လုံးဝဖြတ်တောက်ခြင်းမရှိဖို့လည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ နေရာလေးတွေမှာတော့ စနစ်ပြုပြင်ထိန်းသိမ်းတဲ့ အခါမှာတော့ ပျက်တာပြုတာတော့ရှိချင်ရှိနိုင်မှာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား အဓိက ထုတ်လုပ်ပေးနေသာ ရေးအားလျှပ်စစ်စီမံကိန်း များတွင် ရေအလုံအလောက် မရရှိခြင်းကြောင့် လျှပ်စစ်မဂ္ဂါဝပ် ၃၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် LNG စီမံကိန်းများမှ မဂ္ဂါဝပ် ၁၀၀၀ ကျော် ထပ်တိုးထုတ်လုပ်လာမည်ဖြစ်ခြင်းကြောင့် မဂ္ဂါဝပ် ၄၀၀၀  ကျော် အထိ ပေးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် တနိုင်ငံလုံး၏ လျှပ်စစ်သုံးစွဲမှု ခန့်မှန်းချက်သည် မဂ္ဂါဝပ် ၆၀၀၀ ခန့် ရှိမည်ဖြစ်သည်။

ဦးစိုးမြင့် က “အားလုံးတော့ အလုံအလောက်ဖြစ်အောင် ဆောက်ရွက်ထားပါတယ်။ သို့သော်လည်း အခု ကြား ထဲမှာ (Covid-19 လိုမျိုး) မမျှော်မှန်းနိုင်တာတွေက ဖြစ်နေတော့ တချို့ပစ္စည်းရောက်ရှိချိန် (နှောင့်နှေးမှု) တွေ ဘာတွေ ဖြစ်ကောင်းဖြစ်နိုင်တာ တော့တယ်” ဟု ပြောသည်။

ယခုနှစ်တွင် ရေအားလျှပ်စစ်ဓာတ်အား အဓိက ထုတ်လုပ်ပေးနေသော ရဲရွှာရေအားလျှပ်စစ်စီမံကိန်းများတွင် သတ်မှတ်ထားသည် ရေရရှိမှု ပြည့်မီခဲ့ခြင်း၊ ရန်ကုန်မြို့တွင်လည်း သာကေတ ၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ သီလဝါတွင် ၃၅၀ မဂ္ဂါဝပ် စီမံကိန်းနှင့် အလုံ ၁၅၀ မဂ္ဂါဝပ် စီမံကိန်းများ ရှိနေပြီဖြစ်ကြောင်းကြောင့် လျှပ်စစ်အလုံ အလောက် ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်၏ အထွေထွေမန်နေဂျာ ဦးကျော်သူ က ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့လည်း ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက် ဒီနွေရာသီကို ပျက်ကို မပျက်နိုင်ဘဲ ပေးနို င်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ အခုလက်ရှိ ပျက်နေတာတွေက ထိန်း/ပြင် ကိစ္စတွေကြောင့် နည်းနည်းပျ က်တယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့် မြို့နယ်များတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံးများ၊ Distrib ution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် အခြားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ခြင်းကြောင့် ဒဂုံမြို့သစ် မြောက်ပိုင်း၊ တောင်ပိုင်း၊ ကျောက်တံတား၊ အလုံ၊ စမ်းချောင်း၊ ဒေါပုံ၊ သင်္ယန်းကျွန်း မြို့နယ်များ အပါအဝင် မြို့နယ် ၃၆ ခုရှိ ရပ်ကွက်အချို့တွင် မတ်လ ၃၁ ရက်နေ့ နှင့် ဧပြီလ ၂ ရက်နေ့များတွင် အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှု အနည်းငယ်ရှိနိုင်ကြောင်း ကြေညာထားသည်။

ရန်ကုန်ကို မီးပေးရေး ရည်ရွယ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း က ပြီးခဲ့သည့် နှစ်က ဓာတ်ငွေ့ (Gas) နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တို့ဖြင့် ထုတ်လုပ်သည့် ဓာတ်အား ၁၀၄၀ မဂ္ဂါဝပ် ကို တင်ဒါခေါ်ယူဝယ်ခဲ့သည်။

ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားများ ဝယ်ယူမည့် တင်ဒါတွင် ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ရမည့် စီမံကိန်းများမှာ ဧရာဝတီတိုင်း ကျွန်းချောင်းတွင်၂၀ မဂ္ဂါဝပ်၊ ရန်ကုန်မြို့ အလုံ ၁၂၀ မဂ္ဂါဝပ် ၊ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည့် စီမံကိန်း မှာ ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်၊ ရန်ကုန်မြို့သန်လျင် ၃၅၀ မဂ္ဂါဝပ်နှင့် သာကေတ ၄၀၀ မဂ္ဂါဝပ် စီ ထုတ်လုပ်ရမည့် စီမံကိန်းများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော် ကို ဓာတ်အား ဖြန့်ဖြူး ပေးနေရ သဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား  လိုအပ် ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

You may also like these stories:

ရန်ကုန်တိုင်းအတွင်း တရားရုံးကြားနာမှုများ ပြန်လည်ပြုလုပ်မည်

VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

စားသောက်ကုန်၊ ကျန်းမာရေးပစ္စည်း ဈေးတင်ရောင်းသူများ ဧပြီလကစ အရေးယူမည်

Loading