COVID – 19 ကာလအတွင်း မန္တလေး စက်မှုဇုန်ရှိ စက်ရုံများ ပြန်လည်ပတ်ရေး အ တွက် လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ကာကွယ် ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးလျက်ရှိရာ စက်ရုံပေါင်း ၅၀ ကျော် ပြီးစီးပြီ ဖြစ်ကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။
မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဦးက “လောလောဆယ်တော့ တိုင်းအစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာနက ဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ စက်ရုံတွေထဲ ကနေ ကော်မတီကို ကွင်း ဆင်းစစ်ပေးဖို့ စာရင်းပေးထားတဲ့ စက်ရုံတွေကို စစ်ဆေးနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧပြီ ၁၉ ရက်က အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်၍ တနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ၁၀ ရက်အတွင်း စစ်ဆေးမှု ပြုလုပ် မည် ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဆေးဝါး ထုတ်လုပ်ရေး၊ စားသောက်ကုန်၊ ကျန်းမာရေး လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဖွင့် လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ ၁ ထောင်နှင့် အထက်ရှိသော စက်ရုံ များ၊ အခြားစက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ အဖြစ် ဦးစားပေး အစီအစဉ်အတိုင်း စစ်ဆေးမှုများ ဆောင်ရွက်သွား မည် ဟု ပါရှိသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရအဖွဲ့က ကျန်းမာရေး၊ အထွေထွေ အုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်၊ လွှတ် တော် ကိုယ်စားလှယ်စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စက်မှုဇုန် ကော်မတီတို့ ပါဝင်သော ကွင်းဆင်း စစ်ဆေး ရေး အဖွဲ့အား ဧပြီ၂၀ ရက်က ဖွဲ့စည်းကာ စက်မှုဇုန်အတွင်းရှိ စက်ရုံများအား စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့ကြောင်း အ ဆိုပါ စစ်ဆေးရေးအဖွဲ့၏ ဒုတိယ ခေါင်းဆောင် ပြည်ကြီးတံခွန်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မောင် မောင်က ဧရာဝတီကို ပြောသည်။
“စက်ရုံတွေဘက်ကလည်း သူတို့ကိုယ်တိုင် လာစစ်ပါလို့ တရားဝင် စာရင်းပေးထားတာ ဖြစ်တဲ့အတွက် စစ်ဆေးပြီး သ လောက် စက်ရုံ အများစုက ရာနှုန်းပြည့်နီးပါး ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတ်မှတ်တဲ့ ဂိုက်လိုင်းတွေ အတိုင်း ဆောင် ရွက်ထားတာကို တွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များအား နေ့စဉ် တိုင်းအစိုးရထံ တင်ပြရပြီး စစ်ဆေးရရှိမှု အခြေအနေ အားလုံး အပေါ် ခြုံငုံ၍ စက်ရုံများ ပြန်လည်ပတ် ခွင့်ပြု၊ မပြုအား တိုင်းအစိုးရကသာ ဆုံးဖြတ်မည် ဖြစ်သည်ဟု ဦးဇော်မောင် မောင် က ရှင်းပြသည်။
ဧပြီ ၂၈ ရက်အထိ ကွင်းဆင်း စစ်ဆေးရေး တရားဝင်စာ တင်ထားသော စက်ရုံပေါင်း ၁၅၀ ကျော်ရှိပြီး ဧပြီ ၂၇ ရက် အထိ စစ်ဆေးပြီး စက်ရုံပေါင်း ၅၁ ရုံရှိပြီး ယနေ့ ဧပြီ ၂၈ ရက်တွင် လုပ်ငန်း ပိုမိုမြန်ဆန်စေရန် အတွက် စစ်ဆေးရေး အဖွဲ့ ၃ ဖွဲ့ ခွဲကာ စက်ရုံပေါင်း ၂၀ ခန့် ပြီးစီးအောင် လျာထားသည် ဟု စက်မှုဇုန် ကော်မတီမှ သိရသည်။
စစ်ဆေးမှုခံရန် တရားဝင် စာတင်ထားသော စက်ရုံများအနက် စားသောက်ကုန်၊ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံများ အပြင် ယင်းလုပ်ငန်းများနှင့် ဆက်စပ်နေသော ထုတ်ပိုးမှု ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သော ဂျက်ဖာ၊ ပလက် စတစ်အိတ် ထုတ်လုပ်ရေး စက်ရုံအချို့နှင့် မွေးမြူရေး အစာစက်ရုံ တို့လည်း ပါဝင်ကြောင်း သိရသည်။
မန္တလေး စက်မှုဇုန်ရှိ ဇလပ်ဝါ ဘီစကစ် စက်ရုံ ပိုင်ရှင် ဦးခင်မောင်လှက “အန်ကယ်တို့ စက်ရုံကိုတော့ မနေ့က လာစစ် ပြီးသွားပြီ။ အစားအစာ ထုတ်တဲ့လုပ်ငန်း ဖြစ်တော့ ကျန်းမာရေးက ညွှန်ကြားချက်အတိုင်း သေချာ ဆောင်ရွက်ပေ မယ့် အခက်အခဲ အနေနဲ့က ၆ ပေ ကွာရမယ်ဆိုတဲ့ အချက်ကျတော့ စက်ရုံတွေရဲ့နေရာ အကျယ်အဝန်းပေါ် မူတည် တာ ဖြစ်တော့ တချို့ကျလည်း အဲဒီအကျယ် အဝန်းအတိုင်း လုပ်နိုင်တဲ့ အနေအထား ရှိရင်တော့ အဆင်ပြေပေမယ့် တချို့ကျလည်း နည်းနည်း အခက်အခဲ ရှိနိုင်မယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေး စက်မှုဇုန်အတွင်း စားသောက်ရေး အပါအဝင် လုပ်ငန်း ၁၃ မျိုး ခွဲခြား သတ်မှတ်ထားရာ စက်ရုံပေါင်း ၁ ထောင်ကျော် ရှိပြီး လက်ရှိ တိုင်းအစိုးရ၏ ဒေသန္တရ ခွင့်ပြုချက်ဖြင့် စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံ ၆၀ ရာခိုင် နှုန်းသည် သင်္ကြန်ပြီး ကာလမှ စတင်၍ လုပ်ငန်း လည်ပတ်လျက် ရှိကြောင်း စက်မှုဇုန် ကော်မတီက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ဂယက်က အလုပ်ရှင်၊ အလုပ်သမား ရတက်ပွေရ
တိုင်းအစိုးရ ခွင့်ပြုမိန့်ဖြင့် မန္တလေး စားသောက်ကုန်လုပ်ငန်းများ စတင် လည်ပတ်