ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ကူးစက်မြန် ကပ်ရောဂါ COVID-19 ကို မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ တွေ့ ရှိခဲ့သည်။
ရောဂါပိုးတွေ့ရှိသည့် အချိန်မှ ၁ လ အတွင်းတွင်ပင် COVID-19 ရောက်ရှိလာခြင်း၏ အကျိုးဆက်များကို အခြား ကမ္ဘာ့ နိုင်ငံ များစွာ ကဲ့သို့ပင် ခံစားနေရပြီ ဖြစ်ပါသည်။
လူစုလူဝေးနေရာများသည် COVID -19 ကူးစက်ရာ အဓိက လမ်းကြောင်းဖြစ်နေရာ လူမစုရ၊ အခမ်းအနား မကျင်းပရ၊ ညမထွက်ရ စသည့် ဒေသန္တရ အမိန့်များစွာနှင့်အတူ ကုမ္ပဏီများ၊ လုပ်ငန်းများ ပိတ်ပစ်ရသည့် အနေအထားသို့ တဖြည်း ဖြည်း ရောက်ရှိလာသည်။
သင်္ကြန်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၉ ရက်နေ့မှ စတင်ပြီး ဧပြီ ၁၉ ရက်နေ့အထိ အစားအသောက်နှင့် ဆေးဝါး ဝယ်ယူရန်မှအပ အပြင်မထွက်ရန် ညွှန်ကြားချက်များနှင့်အတူ စက်ရုံ၊ အလုပ်ရုံများ အားလုံးနီးပါး ပိတ်ခဲ့ရသည်။
ပိတ်ရက်ကုန်ဆုံးသည့် ဧပြီ ၂၀ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရန် လုပ်ငန်းရှင်များက အားခဲ ထား သော်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဧပြီ ၁၉ ရက်နေ့ ရက်စွဲဖြင့် စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ကြောင်း ညွှန်ကြားချက်တစောင် ထုတ်ပြန်လိုက်သည်။
သို့်သော်လည်း လုပ်ငန်းရှင်တချို့က အဆိုပါ ညွှန်ကြားချက်ကို လျစ်လျူရှူပြီး စက်ရုံ၊ အလုပ်ရုံများကို ဖွင့်လှစ် လည်ပတ် နေသဖြင့် အလုပ်သမား အဖွဲ့အစည်းများ အပါအဝင် အလုပ်သမားများနှင့် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပြသည်။
ဒေါ်ဖြိုးစန္ဒာစိုးက “ညွှန်ကြားချက်ကို မသိပါဘူး။ အလုပ်ပိတ် သိမ်းရမယ် ဆိုတာလည်း တလုံးမှ မပါပါဘူးလို့ အလုပ်သမား တွေကို ပြောနေပါတယ်။ အဲဒီလိုပြောနေပြီဆိုရင် အလုပ်ရှင်နဲ့အလုပ်သမား အငြင်းပွားမှု ဖြစ်ပြီးတော့ နိုင်ငံအတွက် အကျိုး လည်း မရှိပါဘူး”ဟု ပြောသည်။
လုပ်ငန်းရှင်တချို့က အကြောင်းအမျိုးမျိုးပြ ငြင်းချက်ထုတ်နေသော်လည်း ၁၉ ရက်နေ့ထုတ် ညွန်ကြားချက်တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီ မှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသည်။
ထို့ပြင် အဆိုပါညွှန်ကြားချက်များကို မလိုက်နာပါက အရေးယူမှုများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
“အမိန့်ကြေညာချက်ကို မလိုက်နာရင်တော့ အရေးယူရမှာပဲ။ သို့သော် သူတို့ မသိလို့တို့ ဘာတို့ ပြောနေတာပေါ့။ အမှန်က မသိစရာ အကြောင်းမရှိဘူး။ အမိန့်ကြေညာစာ ထွက်သွားပြီ။ သတင်းစာမှာ ပါသွားပြီ၊ နေ့စဉ် တီဗီမှာ သတင်းပြီးတဲ့ အချိန် တောက်လျှောက် ကြေညာပေးနေတာလေ”ဟုလည်း ဦးမျိုးအောင်က ပြောဆိုသည်။
ညွှန်ကြားချက်ထုတ်ပြီး ၂ ရက်အကြာ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းရောက်နေပြီ ဖြစ်သော်လည်း အလုပ်ဆင်းနေရဆဲ ဖြစ် သည့် အပြင် အလုပ်ပျက်ကွက်ပါက အလုပ်ထုတ်ပယ် ခံရမည်ဟု ခြိမ်းခြောက်ခံနေရသည့် အလုပ်သမားများလည်း ရှိနေ သည်။
လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား ၆၀၀ ကျော်ရှိသော SOUNG BO အထည်ချုပ်စက်ရုံမှာ ဧပြီလ ၂၀ ရက်ကတည်းက ပြန်လည် ဖွင့်လှစ်နေပြီး အလုပ်သမားများ ၃ ရက် အလုပ်မဆင်းပါက အလုပ်ထုတ်ခံရမည်ဟု ပြောဆိုချက်များ ရှိနေ ကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားတဦးက ပြောပြသည်။
“စက်ရုံဆင်းရတုန်းပဲ။ အခုထိ ဘာမှ မသိရသေးဘူး။ အလုပ်လုပ်နေရတုန်းပဲ။ အဲဒီလိုစာမျိုး ထုတ်ထားတာ မရှိဘူးတဲ့။ ဖြစ်သမျှကို ရှင်းမယ် မပိတ်ပေးနိုင်ဘူးတဲ့”ဟု အဆိုပါ အလုပ်သမားက ပြောသည်။
Face Mask တခုပေးသည်မှအပ လုပ်ငန်းခွင်တွင် အလုပ်ဆင်းနေရသည့် အနေအထားမှာ ကျန်းမာရေးအတွက် လုံးဝ ဘေးကင်း လုံခြုံစိတ်ချရသည့် အနေအထား မရှိကြောင်း၊ လက်ဆေးရန်နေရာကိုပင် အိမ်သာထဲတွင်သာ ပြုလုပ်ပေးထား ကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားတချို့က ဖွင့်ဟ ပြောပြသည်။
“မနေ့က အစည်းအဝေးလုပ်ပြီး လိုင်းနောက်မှာ လက်ဆေး ဆပ်ပြာထားပေးမယ် ဆိုပေမယ့် အခုချိန်အထိ ရောက်မလာ သေးဘူး။ လူစုလူဝေး မလုပ်ရဘူး ဆိုပေမယ့် ညီမတို့ ထမင်းစားချိန်တွေဆို အချိန်မီစားခိုင်းတော့ ကျောချင်းပူး စားနေကြရ တုန်းပဲ။ အိမ်သာထဲမှာ လက်ဆေးတာ ထားပေးထားတော့ ညစ်ပတ်တဲ့အပြင် ကာဘော်လစ် ဆပ်ပြာအမြှုပ်တွေက အဲဒီ ရေထဲမှာ ပြန်ပြန့်နေတော့ ဘယ်လိုမှ မသန့်ရှင်းဘူး”ဟု ဧပြီလ ၂၁ ရက်နေ့အခြေအနေကို စက်ရုံအလုပ်သမား တဦးက ဆက်ပြောသည်။
စက်ရုံဖွင့်ရက် အချိန်မီ ပြန်မရောက်သည့် အလုပ်သမားများကိုလည်း အလုပ်မှ ထုတ်မည်ဟု ဖိအားပေးမှုများ ရှိနေကြောင်း စုံစမ်း သိရှိရသည်။
ရွှေပြည်သာရှိ ADK အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးက“မနက်ဖြန်မှမဆင်းရင် အလုပ်ပြုတ်မယ်လို့ ပြောတယ်။ ပြန်ဖို့ အဆင်မပြေလို့ ခွင့်လှမ်းတိုင်တာ ဒီနေ့ ရအောင်ပြန်ခဲ့။ မနက်ဖြန်မှ မဆင်းရင် တာဝန်မယူဘူး။ အလုပ်ပြုတ်မယ်လို့ အဲဒီလိုမျိုး ပြောတယ်”ဟု ဆိုသည်။
အဝေးပြေး လိုင်းကား မရှိသည့်အတွက် ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ကား ၁ စီး ၈ သောင်းကျပ်ဖြင့် စုပေါင်းငှားရမ်းပြန်ရန် စီစဉ်ထားသော်လည်း ဧပြီ ၂၁ ရက်နေ့အတွက် ကားမှာ လူပြည့်သွား၍ သတ်မှတ်ရက်အတိုင်း ပြန်မရောက်သောကြောင့် အလုပ်ပြုတ်တော့မည့် အခြေအနေကို စိုးရိမ်မှု ဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
COVID -19 ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် တချို့တွင် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများ အားလုံးကို ဧပြီလကုန်အထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း တိုင်းအစိုးရ အသီးသီးက သတ်မှတ် ကြေညာထားသည်။
လမ်းပန်းဆက်သွယ်ရေး ပြဿနာမှာ နယ်ပြန် အလုပ်သမားများ ရင်ဆိုင်ရသည့် နံပါတ် ၁ ပြဿနာရပ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောသည်။
“ပြည်နယ်နဲ့ တိုင်း အစိုးရတွေဆိုရင် ၃၀ ရက်နေ့မှ ထွက်ရမယ်ဆိုတာတွေ တွေ့နေရတယ်။ ဥပမာ ဧရာဝတီတိုင်း ဆိုရင် လည်း ၃၀ ရက်နေ့မှ ထွက်ရမယ်ပေါ့။ နယ်ရောက်သွားတဲ့ အလုပ်သမားတွေအတွက် ပြန်လာဖို့ ကားမရှိတော့တဲ့ ပြဿနာ က နံပါတ် ၁ တချက်ပေါ့”ဟု ဦးသက်နှင်းအောင်က ပြောဆိုသည်။
လုပ်ငန်းခွင်သို့ ပြန်လည် မဝင်ရောက်နိုင်သည့် အလုပ်သမားမှ တာဝန်ခံ တဦးဦးသို့ ဖုန်းဆက်ခြင်း၊ ဖုန်း Messages ပို့ခြင်း၊ Viber Messages ပို့ခြင်း၊ အီးမေးလ် ပို့ခြင်း စသည့် နည်းလမ်းများဖြင့် ခွင့်တိုင်ကြားလျှင် ဧပြီလ ၂၀ ရက်မှ ၃၀ ရက်ကာလ အတွင်း လုပ်ခလစာမဲ့ခွင့်ဖြင့် ခွင့်ပြုပြီး အလုပ်အကိုင်တည်မြဲမှု အတွက်လည်း အာမခံချက်ပေးရန် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ကြေညာချက်ထုတ် တိုက်တွန်းထားသည့်တိုင် အလုပ်သမားများမှာ အလုပ်အာမခံချက် မရှိ သည့် အခြေအနေမျိုးမျိုးကို ရင်ဆိုင်နေရဆဲဖြစ်သည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၂၁ ရက်အထိ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော် (၁၆၃,၀၉၇ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၂ ဒသမ ၄ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၃ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၇ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ COVID -19 ကူးစက်မှုသည် တနေ့ထက်တနေ့ များပြားလာသဖြင့် လူစုလူဝေးနှင့် နေ့စဉ်အလုပ် ဆင်းနေရသည့် အလုပ်သမားများ COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်ထိတ်လန့် သောက ရောက်နေချိန်တွင် စက်ရုံ လုပ်ငန်းရှင်များတွင် လည်း မတူညီသည့် စိုးရိမ်သောကများ ရှိနေခဲ့သည်။
ညွှန်ကြားချက်အတိုင်း စက်ရုံပိတ်ထားရမည် ဖြစ်သဖြင့် ဝယ်သူများကို အချိန်မီ ပစ္စည်းမအပ်နိုင်ပါက လျော်ကြေး ပေးရ မည့် အခြေအနေကို ကြုံတွေ့နေရကြောင်း လက်ဝါး အထည်ချုပ် လုပ်ငန်းရှင် ဒေါက်တာ ခင်မောင်အေး က ပြောသည်။
ဒေါက်တာ ခင်မောင်အေး က “နိုင်ငံတော်က ထုတ်ထားတဲ့ စာတစောင်အရ အလုပ်ပိတ်ထားလို့ လျော်ရမယ် ဆိုရင်လည်း ကျနော်တို့က မလျော်နိုင်ဘူးပေါ့။ Byer နဲ့ ဒဲ့ပဲ ရန်ဖြစ်ရမှာပေါ့။ ကျနော်တို့ကြောင့် မဟုတ်ဘူး၊ ကျနော်တို့ အစိုးရက ညွှန်ကြားလို့ ဒီလိုပဲ လုပ်လိုက်ရတယ် ဆိုတော့ ဒီလိုပဲ ရန်ဖြစ်ရမှာပေါ့”ဟု ဆိုသည်။
လက်ဝါး အထည်ချုပ် လုပ်ငန်းရှင် ဒေါက်တာ ခင်မောင်အေး ကဲ့သို့ အော်ဒါလက်ခံထားသည့် အလားတူ စက်ရုံလုပ်ငန်း များ ရှိနေပြီး တချို့မှာ စက်ရုံဖွင့်လှစ် လုပ်ကိုင်နေသည်။
အလုပ်သမားများကို မဖြစ်မနေ အလုပ်ဆင်းခိုင်းထားသည့် SOUNG BO အထည်ချုပ်စက်ရုံမှ အလုပ်သမား တဦးက ၎င်းတို့ စက်ရုံတွင်လည်း အော်ဒါများကို ၂၃ ရက်နေ့ အပြီးချုပ်ရန် ညွှန်ကြားထားကြောင်း ပြောပြသည်။
လုပ်ငန်းရှင်များတွင်လည်း ရင်ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲများစွာရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုးသာက ပြောသည်။
ဦးအောင်စိုးသာ က “အလုပ်သမားတွေက လာချင်ကြတယ်။ စီးပွားရေးသမားက ပြန်မစရဲဘူး။ တချို့စီးပွားရေးသမား ကလည်း စချင်တယ်။ အလုပ်သမားက မလာရဲဘူး။ အမျိုးစုံတွေ ဖြစ်ကုန်ကြတယ်ပေါ့။ နောက်တခုက စီးပွားရေးမှာ လုပ်ငန်း ရှင်ကလည်း စချင်တယ်၊ အလုပ်သမားကလည်း လာချင်တယ်။ ဒါပေမယ့် ကုန်ကြမ်းတွေ မရှိတော့ဘူး။ တချို့ လည်း ကုန်ကြမ်းတွေ ရှိတယ်။ ဝယ်မယ့်သူ မရှိတော့ဘူး။ မျိုးစုံဖြစ်ကုန် ကြပြီ”ဟု ပြောပြသည်။
ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တချို့မှာ လိုက်နာရန် ခက်ခဲသည့် အခြေအနေများလည်း ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်တချို့ထံမှ သိရသည်။
အချက်အလက်အများစုကို ဆောင်ရွက်ထားသော်လည်း လက်ခစားစနစ် (CMP) အထည်ချုပ် စက်ရုံများတွင် တဦးနှင့် တဦး ၆ ပေခြားရန် မည်သို့မျှ မဖြစ်နိုင်သည့် အခြေအနေမျိုး ဖြစ်နေကြောင်း ဒေါက်တာ ခင်မောင်အေးက ပြောသည်။
“တဆင့်ပြီး တဆင့်ချုပ်ရတဲ့ အဆင့်မှာ ၆ ပေခြားနေရင် ဒီအထုပ်ကြီးက တယောက်ကနေ တယောက်ကို ပစ်ပေးရတာတွေ ဖြစ်ကုန်မှာ။ ၆ ပေ မခြားနိုင်ရင် ကျနော်တို့တွေ့တဲ့ Check List မှာက Face Shield တပ်ရင်ရနိုင်တယ်။ Face Mask တပ် ရင် ရနိုင်တယ်ဆိုတာ တွေ့တယ်။ ဖယ်ရီပေါ်မှာလည်း Face Shield တပ်ဖို့ Mask တပ်ဖို့ကို ဆိုင်းပြင်းနေပါတယ်။ Face Shield ကလည်း ဝယ်ရကြပ်နေပြန်တယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အထည်ချုပ်စက်ရုံ လုပ်သားတဦးဖြစ်သည့် ကိုဝင်းထွေးကလည်း “စက်ရုံထဲမှာ အထည်တွေကိုင်ပြီ ဆိုကတည်းက တယောက် တည်း ချုပ်ရတာ မဟုတ်ဘူး။ အရှေ့လူက ဒီပွိုင့်ကို ချုပ်ရင် နောက်ကလူက နောက်တပွိုင့်ကိုချုပ် အထည် တတည်ကိုင်ရင် လူ အယောက် ၇၀ ရှိ အယောက် ၇၀ လုံးကိုင်ရတာ”ဟု ပြောဆိုသည်။
အလုပ်သမားများအား အလုပ်တက် အလုပ်ဆင်းအတွက် လက်သန့်စင်ဆေး တခါသုံးတစ်ရှူး၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (Surgical Mask)များ ပါရှိသည့် ကြိုပို့ယာဉ်များ စီစဉ်ပေးရန်၊ ကိုယ်အပူချိန် တိုင်းသည့်စက်များ တပ်ဆင်ပေးပြီး ဝန်ထမ်း များအားလုံး ကိုယ်အပူချိန် တိုင်းတာ ပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ထွက်ခွင့်ပြုရန်၊ လက်ဆေးရန်နေရာများ စီစဉ်ပေးရန် စသည့် အချက်များပါဝင်သော စက်ရုံ၊ အလုပ်ရုံများ လိုက်နာ ရန်ညွှန်ကြားချက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က မတ်လကတည်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ညွှန်ကြားချက်များသည် လိုက်နာရန် အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ကြောင်း၊ လိုက်နာမှု ရှိ မရှိကိုလည်း ဧပြီလ ၂၀ ရက်နေ့ကတည်းက စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
“၆ ပေ ခွာရမယ်လို့ ပြောလိုက်တာ ဖြစ်တဲ့အတွက် စက်တန်းတွေ ဘာတွေက အနည်းဆုံး ၃၊ ၄ ပေပဲ ကွာမယ် ထင်တယ်။ နဂိုကတည်းက အသေ လုပ်ထားပြီးသား ဆိုတာကို အခုမှလုပ်မယ် ဆိုတော့ ခက်မယ်။ ဒါတွေက အလုပ်ရှင်တွေအတွက် နည်းနည်း အခက်အခဲ ဖြစ်မယ်။ ကျန်တာတွေ လက်ဆေးဖို့တို့၊ အစားအသောက် ခန်းထဲမှာ စနစ်တကျ ထားဖို့ ဒါတွေက မဖြစ်မနေ လိုက်နာရမယ့် ထဲမှာ ပါပြီးသားလေ။ သူတို့အနေနဲ့ နည်းနည်းလေး အားထည့်လိုက်ရုံနဲ့ ရပြီ။ အခက်အခဲ ကြီးကြီး မားမား မရှိနိုင်ဘူး” ဟုလည်း ၎င်းက ဆိုသည်။
ဧပြီ လ ၂၀ ရက်ကတည်းက ပြည်နယ်တိုင်း အသီးသီးရှိ စက်ရုံ၊ အလုပ်ရုံများကို စတင်စစ်ဆေးနေပြီဖြစ်ပြီး ရန်ကုန်တိုင်း အတွင်း စက်ရုံ ၂၀ စစ်ဆေးခဲ့ကာ ဧပြီ ၂၁ ရက်နေ့၌ ရန်ကုန်တိုင်းတွင် ၆၇ ရုံ၊ ပဲခူးတွင် ၉ ရုံ စစ်ဆေးပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
လက်တလောတွင် ပြဿနာပေါင်းစုံ ရင်ဆိုင်နေရသည့် အဆိုပါ အထည်ချုပ်စက်ရုံ၊ အလုပ်ရုံများသာမက ခရီးသွား လုပ်ငန်း များနှင့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများလည်း ထိခိုက်မှုအများဆုံး ကဏ္ဍတွင် ပါဝင်သည်ဟု ယူဆထားပြီး နိုင်ငံတော်က ထိုကဏ္ဍများကို လက်တလောတွင် ထောက်ပံ့ရန် ပြင်ဆင်နေသည့်တိုင် လုံလောက်သည့် အခြေအနေ မရှိနိုင်ကြောင်း ဦးအောင်စိုးသာက ပြောသည်။
“ဟိုတယ်နဲ့ ခရီးသွား တခုတည်းတင် နှစ်လ သုံးလဆိုတဲ့ လစ်ဟာသွားတဲ့ ကာလမှာ သူတို့ ဝင်ငွေ လျော့ကျသွားတယ် ဆိုတဲ့ ဂဏန်းကို စပြီးတွက်ချက်တဲ့အခါ ကျပ်ဘီလီယံ ၂၀၀၊ ၃၀၀ ဆိုတဲ့ ဂဏန်းတွေ ထွက်လာပါတယ်။ စပြောတုန်းက ဒီဂဏန်းတွေ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ သို့လော သို့လော အတွေးတွေက အခု သူတို့ တွက်ကြည့်ရင် အဲဒီထက်တောင် မက ဘူး”ဟုလည်း ၎င်းက ဆိုသည်။
လုပ်ငန်းရှင်များဘက်ကလည်း အခြေအနေ အကြောင်းကြောင်းကြောင့် စက်ရုံပိတ်ထားရမည် ဖြစ်သဖြင့် အလုပ်သမားများ အတွက် လစာပေးချေမှုကို အစိုးရကထောက်ပံ့မည့် လူမှုဖူလုံရေးကြေးဖြင့် ပေးချေရန် လိုလားလျက်ရှိကြောင်း သိရသည်။
လုပ်ငန်းရှင်များဘက်တွင် မည်မျှ အခက်အခဲရှိသည် ဆိုစေကာမူ လွယ်လွယ်ကူကူ ကူးစက်နိုင်သည့် အသက် အန္တရာယ် ရှိသော ကျန်းမာရေး ပြဿနာ ဖြစ်သဖြင့် အလုပ်သမားအများစုကလည်း များစွာ စိုးရိမ် ထိတ်လန့်လျက်ရှိပြီး လုပ်ငန်းရှင် များ နှင့် ညှိနှိုင်းဆွေးနွေးမှုများ၊ ဆန့်ကျင်မှုများကို ပြုလုပ်နေသည်လည်း ရှိသည်။
ညွန်ကြားချက်များ အတိုင်း ကျန်းမာရေး အကာအကွယ်များ မရရှိဘဲ အလုပ်ဆင်းနေရသည့် SOUNG BO အထည်ချုပ် စက်ရုံ မှ အလုပ်သမားများကလည်း COVID-19 ကူးစက်မည်ကို စိုးရိမ်ထိတ်လန့်သဖြင့် စက်ရုံပိုင်ရှင်၏ ဖိအားပေး အလုပ် ဆင်းခိုင်းမှုကို လွန်ဆန်ကာ ဧပြီ ၂၂ ရက်နေ့မှစပြီး ဝန်ထမ်းအားလုံး အလုပ်မဆင်းတော့ရန် ညှိနှိုင်းထားကြောင်း စက်ရုံ အလုပ်သမား တဦးက ပြောပြသည်။
“မနက်ဖြန်ကစပြီး ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ဆက်ရှင်တိုင်း၊ ဆက်ရှင်တိုင်း မဆင်းဘူး။ သူတို့က ပိတ်မပေးဘူး၊ စက်ရုံ ဖွင့်ထားမယ်။ လာဆင်းချင်တဲ့သူ လာဆင်း။ ကျေနပ်ရင်လုပ်၊ မကျေနပ်ရင် ဆက်မလုပ်နဲ့၊ သုံးရက် မဆင်းရင်တော့ ပယ်မယ် လို့ ပြောတယ်။ ညီမတို့က တရုံလုံး မဆင်းဘူးဆိုတော့ မလုပ်လောက်ဘူး လို့တော့ ယူဆတာပေါ့”ဟု အဆိုပါ အလုပ်သမားက ပြောဆိုသည်။
နေ့စဉ်နှင့်အမျှ COVID -19 ဖြစ်ပွားသူ တိုးနေသည့် အခြေအနေတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြား ချက်များအတိုင်း လိုက်နာခြင်း မရှိဘဲ စက်ရုံများကို ဖွင့်လှစ် လုပ်ကိုင်လျှင် နိုင်ငံအတွက် အန္တရာယ်ကြီးမည်ကို အလုပ် သမား အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။
“မြန်မာနိုင်ငံအနေနဲ့ COVID-19 ကူးစက်မှုက ထိန်းမနိုင်သိမ်းမရ ကူးစက်လာတဲ့ အနေအထားကို ဦးတည်သွားမှာကို ကျနော် တို့က အရမ်းစိုးရိမ်တယ်။ တကယ်လို့ အထည်ချုပ် စက်ရုံ တရုံရုံမှာ ကူးလိုက်ရင် ကျနော်တို့နိုင်ငံက သွားပြီ။ လုံးဝ ထိန်းလို့ မရတော့ပါဘူး”ဟု MICS မှ ဦးသက်နှင်းအောင်က ပြောသည်။
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကလည်း စက်ရုံများအနေဖြင့် ညွှန်ကြားချက်အတိုင်း ဖွင့်လှစ်ခြင်း မပြုရန် နှင့် အမြန် ဖွင့်လှစ်လိုပါက လာရောက်တင်ပြပြီး စစ်ဆေးခံရန် တိုက်တွန်းသည်။
ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန် ရှိသူ များ နှင့် အပြန်အလှန် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်က အစိုးရ ညွှန်ကြားချက်ကို မလိုက်နာဘဲ ဖွင့်လှစ်နေသည့် စက်ရုံများရှိကြောင်းနှင့် အဆိုပါ စက်ရုံများထဲမှ စက်ရုံ ၄ ရုံကို ဥပမာပြ ဆွေးနွေးခဲ့သည်။
ထို့ကဲ့သို့ စည်းမျဉ်းစည်းကမ်း မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံများကို ချက်ချင်းပင် စစ်ဆေးခိုင်းမည် ဖြစ်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည် ပြောကြားသည်။
“ပထမဦးဆုံး ကိစ္စက စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့ စက်ရုံ၊ အလုပ်ရုံတွေပေါ့။ အဲဒါကတော့ ချက်ချင်း ဒီကိစ္စကို ကိုင်တွယ်ပါ့မယ်။ ဒီနေ့ကိုပဲ သွားကြည့်ခိုင်းလိုက်ပါ့မယ်။ ခုနက ဦးမောင်မောင် ပြောသွားတဲ့ စက်ရုံ ၄ ရုံပေါ့နော်။ သူတို့က ညွှန်ကြားချက်ကို မလိုက်နာဘဲ ဖွင့်နေတယ်ဆိုတာ ဒီနေ့ကို သက်ဆိုင်ရာက သွားကြည့်ပြီးတော့ ဒါကို ဥပဒေအရ ကျမတို့ လုပ်ရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စည်းကမ်းမဲ့ ဖွင့်လှစ် လုပ်ကိုင်နေသည့် စက်ရုံများအနေဖြင့် ရပ်တန့်ပြီး စစ်ဆေးမှုခံယူရန်အတွက် လုပ်ငန်းရှင်များကို တိုက်တွန်းပေးရန်လည်း ဦးမောင်မောင်က ဆိုသည်။
အစိုးရ၏ ညွှန်ကြားချက်များအတိုင်း အစစ်ဆေးခံရန် သက်ဆိုင်ရာဌာနသို့ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ထားသည့် စက်ရုံ၊ အလုပ်ရုံများ ရှိသလို အစိုးရ ညွန်ကြားချက်များနှင့် အလုပ်သမားများ၏ ကျန်းမာရေးကိုသာမက ကူးစက်မှု မြင့်မား လာနိုင်သည့် အရေးကိုပါ လျစ်လျူရှု လုပ်ဆောင်နေသည့် စက်ရုံ၊ အလုပ်ရုံများလည်း ရှိနေပါသေးသည်။
သို့ဖြစ်၍ လက်ရှိ အခြေအနေအရ COVID-19 နှင့် ဆက်နွယ်သည့် စိုးရိမ် သောကသည် အလုပ်ရှင်နှင့် အလုပ်သမားများပါ မက အများပြည်သူ အတွက်လည်း စိုးရိမ်စရာပင် ဖြစ်နေသည်ဟု ဆိုလိုက်ရပါသည်။ ။
You may also like these stories:
COVID-19 ကြောင့် စက်ရုံ အချို့ဧပြီလအတွက် ခွင့်ရက်ရှည်ပေး
အလုပ်လက်မဲ့ အထည်ချုပ် အလုပ်သမားများအတွက် အီးယူ တိုက်ရိုက် ထောက်ပံ့မည်
လုပ်သားများကို လကုန်အထိ လစာမဲ့ ခွင့်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်အသင်း တိုက်တွန်း
စက်ရုံအလုပ်ရုံလုပ်သား အချို့ကို ထောက်ပံ့ကြေးပေးရန် စီစဉ်နေ
ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ယာယီပိတ်သိမ်း