သတင်း

တိုင်းအစိုးရ ခွင့်ပြုမိန့်ဖြင့် မန္တလေး စားသောက်ကုန်လုပ်ငန်းများ စတင် လည်ပတ်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း အစိုးရ၏ ဒေသန္တရ အမိန့်နှင့်အညီ မန္တလေးစက်မှုဇုန် အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်း အများစုမှာ ဧပြီလ ၂၀ ရက်မှ စ၍ လည်ပတ်နေပြီ ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ က သိရသည်။

မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လှက “စားသောက်ကုန် လုပ်ငန်း အများစုကတော့ ပြန်စ လုပ်ကိုင်ကြပြီ။ ဦးတို့အနေနဲ့ ဇုန်ကိုလဲ သက်ဆိုင်ရာဝန်ကြီး ဌာနက တရားဝင် အကြောင်းကြားထားတာမျိုး မရှိတဲ့ အတွက်ကြောင့် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ပဲ လုပ်ငန်းဆက် လုပ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် မန္တလေး စက်မှုဇုန်အတွင်းရှိ စားသောက်ကုန်ဆိုင်ရာ လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်း ပြန်လည် စတင် လည်ပတ်နေကြပြီ ဖြစ်ကြောင်း ဇုန်စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မြန်မာတနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများအား စစ်ဆေးမည်ဟု ဧပြီ ၁၉ ရက်က ကြေညာထားပြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့နှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ ဧပြီ၂၀ မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ် ခွင့်ပြု မည်ဟု ပါရှိသည်။

မန္တလေးတိုင်းအစိုးရ၏ ဧပြီ ၆ ရက် ဒေသန္တရဆိုင်ရာ အမိန့်တွင်မူ မန္တလေးတိုင်းအတွင်း၌ မရှိမဖြစ် လိုအပ်သော စား သောက်ကုန်များ ရောင်းချ၊ ထုတ်လုပ်နေသည့် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ဆေးဝါး ထုတ်လုပ် သည့် လုပ်ငန်းများ၊ ပုဂ္ဂလိက ဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်းများ၊ ဘဏ်များ အစရှိ သည့်လုပ်ငန်းများမှာ ဖွင့်လှစ်ရမည် ဖြစ်ပြီး ဖွင့်လှစ်ခြင်း မပြုပါက ဥပဒေအရ အရေးယူခံရမည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ တိုင်းအဆင့် ကြေညာချက်နှင့် ပြည်ထောင်စုအဆင့် ကြေညာချက် နှစ်စောင်သည် ကွဲလွဲမှုရှိနေသဖြင့် လုပ်ငန်း ပြန်လည် စတင်ရမည့် အခြေအနေအပေါ် စက်မှုလုပ်ငန်းရှင်များသည် ဒွိဟဖြစ်ကြပြီး မန္တလေး စက်မှုဇုန်ရှိ စားသောက် ကုန် လုပ်ငန်းအများစုသည် တိုင်းအဆင့်ကြေညာချက်အရ ခွင့်ပြုချက်ရှိသဖြင့် လုပ်ငန်း စတင် လည်ပတ်ကြခြင်း ဖြစ် သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

မန္တလေး စက်မှုဇုန်ရှိ စက်မှု လုပ်ငန်းရှင်တဦးဖြစ်သော ဦးမောင်မောင်ဦးက “လုပ်ငန်းရှင် တချို့ကျတော့လည်း ကြေ ညာချက်ကြီးကြောင့် လုပ်ငန်းစရမှာလား၊ နားထားရမှာလား မတင်မကျ ဖြစ်နေကြတယ်။ တချို့ကလည်း ဒီကြေညာ ချက်ကြောင့် စက်ရုံလည်ဖို့ လုပ်ပြီးမှ မလည်တော့ဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်။ စစ်မယ်ဆိုလဲ မြန်မြန် လေး စစ်စေချင်တယ်။ ဒါမှ အလုပ်သမားတွေကို ဆက်နား ခိုင်းရမှာလား၊ အလုပ်ဆင်းဖို့ ခေါ်ရမှာလား ရေရေရာရာ သိရမှာလေ” ဟု ဧရာဝတီကို ပြောသည်။

ဘီစကစ် စက်ရုံပိုင်ရှင် တဦးလည်း ဖြစ်သူ ဦးခင်မောင်လှက “နယ်ပြန်သွားကြတဲ့ အလုပ်သမား အကုန်လုံးက ဒီနေ့ အထိတော့ ပြန်မရောက်ကြသေးပေမယ့် စက်ရုံမှာ လောလောဆယ် ရှိတဲ့အလုပ်သမား အင်အားလေးနဲ့ လုပ်ငန်းပြန်စ တယ်။ တချို့အလုပ်သမားတွေကျလည်း ကိုယ်ပြန်ခေါ်ချင်သည့် တိုင်အောင် သူတို့ဒေသ အခြေအနေအရ အလုပ်ကို ပြန်လာလို့ မရသေးတာမျိုးတွေ ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေး မှူးချုပ် ကိုသက်နှင်းအောင်က “အဓိက ကတော့ ထုတ်ပြန်ချက်တွေက အချိန်နဲ့ တပြေးညီ မဖြစ်သလို ရှင်းလင်း ပြတ် သားမှု မရှိတာပါပဲ။ အဲဒီ အကျိုးဆက်က အလုပ်သမားတွေ အတွက်ကျ အလုပ်ဆင်းရမှာလား၊ မဆင်းဘဲနေရင် အလုပ် ပြုတ်မှာလား ဆိုတဲ့ ချီတုံချတုံ ဖြစ်ရတယ်။ ဒါပေမဲ့ အခု လောလောဆယ်အရ မန္တလေး စက်မှုဇုန်ကတော့ တည်ငြိမ်မှု ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးစက်မှုဇုန်အတွင်း လုပ်ကိုင်နေသော စားသောက်ရေးဆိုင်ရာ လုပ်ငန်းအရေအတွက်၂၀၀ နီးပါးခန့်ရှိပြီး လုပ် သား အရေအတွက်မှာ ၄၅၀၀ ဝန်းကျင် ရှိသည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

စက်ရုံအလုပ်ရုံလုပ်သား အချို့ကို ထောက်ပံ့ကြေးပေးရန် စီစဉ်နေ

လူထုအတွက် လိုအပ်သည့် လုပ်ငန်းများသာ ဖွင့်ရန် မန္တလေးတိုင်းအစိုးရ အမိန့်ထုတ်

မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများ နားမည့်ကာလ၌ လစာ အပြည့်ပေးရန် တောင်းဆို

မန္တလေးတိုင်း ဒေသန္တရအမိန့် ကာလထပ်တိုး

Did you find apk for android? You can find new Free Android Games and apps.
Loading